Sunday 9 December 2012

နတ်မောက်မြို့က ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်များ


"ကျွန်မအဖေက နတ်မောက်သားဆိုတော့ နတ်မောက်မြို့သူမြို့သားတွေဟာ ကျွန်မတို့နဲ့ တစိတ်တ၀မ်းထဲလို့ပြောလို့ရပါ တယ်။ နတ်မောက်သူ နတ်မောက်သားတွေနဲ့ပတ်သက်လို့ ကျွန်မအများကြီးဂုဏ်ယူပါတယ်။

ဂုဏ်လဲ ယူသင့်ပါတယ်။ ဒီတော့ကာ နတ်မောက်ရဲ့ အစဉ်အလာကိုထိန်းသိမ်းသွားမယ့်ပြည်သူတွေဖြစ်စေချင်ပါတယ်။ ဇာတိမာန်ရှိတယ်ဆိုရာမှာလဲ ဒီမြေမှာမွေးလို့ဆိုတာထက် ဒီမြေနဲ့ထိုက်တန်တဲ့ဇာတိမာန်ရှိဖို့လိုပါတယ်။

... နတ်မောက်သူ နတ်မောက်သားတွေဆိုရင် ရိုးဖြောင့်တယ်လို့ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်။ တိုင်းပြည်အကျိုးရှိစိတ်ရှိတယ်လို့လဲ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်"

"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ပြောလည်းပြောပါ။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။ အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့သွားနိုင်မှာဖြစ်ပါတယ်"

"ကျွန်မတို့ အာဏာရမှ ဒီမိုကရေစီ နိုင်ငံကို လျင်လျင်မြန်မြန်ထူထောင်နိုင်မယ်။ ဒါကြောင့် အာဏာလိုချင်သလားဆို လိုချင်တယ်လို့ ပြောမယ်။ အာဏာလိုချင်တယ် ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို မြန်မြန်ဆန်ဆန် တည်ဆောက်ချင်လို့ပဲ "

"အစိုးရတစ်ခုဖြစ်လာပြီဆိုရင်လည်း ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ လုပ်ချင်တာအားလုံး လုပ်နိုင်မယ်ဆိုရင် ဒီမိုကရေစီ အစိုးရမဟုတ်ဘူး။ အားလုံးလက်တွဲပြီးလုပ်မှ လိုချင်တဲ့ နိုင်ငံကို တည်ထောင်နိုင်မယ်။"

"ကျွန်မတို့ ပညာရေးစနစ်က ဘွဲ့သာပေးနိုင်တယ်။ အလုပ်မပေးနိုင်တဲ့ စနစ်ဖြစ်နေတယ်။"

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းမှ

7 days news journal

No comments:

Post a Comment