Monday 31 December 2012

သားသမီးများ ဆေးတက္ကသိုလ် ရောက်အောင် တိုက်တွန်းသော မိဘများ တကယ်ပင် မိမိသားသမီးအတွက် စဉ်းစားခြင်း ဟုတ်၊ မဟုတ် ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်ခြင်း



ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက် အတွင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့်ကော့သောင်း မြို့များသို့ ခရီး ထွက်ခွာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတွင်း ဒီမိုကရေစီဖွံ့ဖြိုးရေး နှင့် မျိုးဆက်သစ်ပြုစု ပျိုးထောင်ရေး တို့အကြောင်း ပြောကြားရာတွင် မိဘများအား ဦးတည်ကာ မိမိတို့၏ သားသမီးများကို မည်ကဲ့သို့ ပြုစုပျိုး ထောင် သင့်ကြောင်း ရှင်းလင်းပြော ဆိုခဲ့သည်။

မိဘများ အနေဖြင့် မိမိတို့၏ သားသမီးများကို သင်ကြားပေးသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ “ကိုယ့် သားသမီးတွေကို မှန်ကန်တဲ့ စံနှုန်းထားတွေ သင်ပေးရမယ်။ အိမ်မှာ ကတည်းကကို မေးခွန်းမေးတာ အားပေးပါ။ ကလေးတွေ သိချင်တာတွေကို ဖြေပါ။ မသိလို့ရှိရင် မသိဘူး လို့ ရိုးရိုးသားသား ပြောပါ။ ငါ လူကြီး၊ ငါပြောတာ အကုန်မှန်တယ် ဆိုတဲ့အချိုးမျိုး မချိုးပါနဲ့လို့ ကျွန်မ ပြောချင်တယ်။ အဲဒီလို ငယ်ငယ်ကတည်းက နေပြီးတော့ သင်လာရတဲ့ ကလေးတွေဟာ ကြီးလာတဲ့ အခါကျတော့ ကိုယ့်အထက်က လူကြီးတွေ ဘာလုပ်လုပ် ပြန်မပြောရဲ၊ ပြန်မမေးရဲဘဲနဲ့ လူကြီးလုပ်တာ အားလုံးမှန်ပါတယ် ဆိုပြီးတော့ ခေါင်းငုံ့ပြီးတော့ ခံတဲ့အဖြစ်ကို ရောက်သွားကြတယ်။ ဒါကြောင့် မိဘတွေက အဲဒီလိုသင်ရမယ်။ နောက်ပြီးတော့လည်း မိဘတွေက ကလေးတွေကို ဂုဏ်ရှိတဲ့ဘက်ကို အတင်းမတွန်းပါနဲ့။ ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင် အရင်နှစ်ပေါင်း ၃ဝ၊ ၄ဝ လောက်က စပြီးတော့
အတော်ဆုံး ကျောင်းသားတွေ ဆိုရင် ဆေးကျောင်းသားလို့ သတ်မှတ်ကြပါတယ်။ အမှတ် အများဆုံး ကျောင်းသားတွေက ဆေးတက္ကသိုလ်ကို သွားကြရတယ်။ ပြီးရင် ဆရာဝန်လုပ်ဖို့ ကြိုးစားကြတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရိုးရိုးသားသား ပြောရမယ် ဆိုရင် ဂုဏ်လည်း ရှိတယ်။ ပိုက်ဆံ ရနိုင်မယ့် အလုပ်မျိုး ဖြစ်တယ်လို့ လူအများက မြင်ကြတယ်။ ဒီတော့ မိဘတွေကလည်း အရမ်းတွန်းအား ပေး တာပဲ။ ဆေးတက္ကသိုလ် ရောက်အောင်လို့ တွန်းအားပေးကြတယ်။ ဒီလို တွန်းအားပေးတဲ့နေရာမှာ မိဘတွေ အများဆုံး ကတော့ ပြောတာ ပေါ့။ သားသမီးတွေကောင်းဖို့ အတွက်ပဲ။ ဆရာဝန်ဖြစ်သွားလို့ ရှိရင် ဒီသားသမီးတွေ ဘဝအတွက်က အာမခံရှိသွားပြီလို့ဆိုပြီးတော့ မိဘတွေဘက်က ဒီလိုစီစဉ်ပေးတယ် ဆိုပြီးတော့။ ဒါပေမယ့် ကျွန်မက မေးချင်တယ်။ ကိုယ့်ကိုယ်ကို ကိုယ့်လိပ်ပြာကိုယ် ပြန်ပြီးတော့ စမ်းသပ်ကြည့်ပါ။ တကယ်ပဲ ကိုယ့် သားသမီးတွေ အတွက်ပဲ စဉ်းစားနေတာလား။ ကိုယ့်အတွက် ပဲ စဉ်းစားနေတာလား ဆိုတာကို သေသေချာချာ သုံးသပ်ပါ။

ကျွန်မသမီးလေး က ကျွန်မသားလေးက ဆေးတက္က သိုလ်မှာ ဆိုပြီးတော့ မြိန်ရေ ရှက်ရေနဲ့ ပြောခဲ့တဲ့ မိဘတွေ ဘယ်နှစ် ယောက် ကျွန်မတို့ တွေ့ပြီးပြီလဲ။ အဲဒါ ဂုဏ်ယူချင် လို့ပါပဲ။ တကယ် ကိုယ့်ရဲ့သားသမီးကို ပညာရစေ ချင်လို့လည်း မဟုတ်ဘူး။ တကယ် ကိုယ့်ရဲ့ သားသမီးကို နိုင်ငံ့အကျိုး ထမ်းဆောင်စေချင်လို့လည်း မဟုတ်ဘူး။ ကိုယ့်ရဲ့မိသားစုဂုဏ်၊ တိုတို ပြောရရင် ကိုယ့်အတ္တပေါ်မှာ အခြေခံပြီးတော့ ကလေးတွေ က ဆေးပညာကို လေ့လာ ချင်သည်ဖြစ်စေ၊ မလေ့လာချင်သည်ဖြစ်စေ အတင်း တွန်းပို့ခဲ့တာတွေရှိပါတယ်။ အဲဒီ တော့ ဒီလိုကလေးတွေဟာ ဆရာ ဝန်တွေ ဖြစ်သွားတော့ ဘယ်လို ဆရာဝန်မျိုးတွေ ဖြစ်သွားသလဲဆိုတာ အခု ပြန်စဉ်းစားကြည့်ပါ။ ဆရာဝန် တွေထဲမှာ စေတနာနဲ့ ကရုဏာနဲ့ ကုသပေးနေတဲ့ ဆရာဝန်တွေ ရှိသလို ပိုက်ဆံပေးမှ ကုသပေးတဲ့ ဆရာဝန်တွေလည်း အများကြီး ရှိတယ်။ ဒီလိုဆရာဝန်မျိုးတွေက ကျွန်မတို့ရဲ့ နိုင်ငံကို အကျိုးမပြုဘူး။ အတိုင်းအတာ တစ်ခုထိ တော့ အကျိုးပြုတာ ပေါ့။ ဘာပဲပြောပြော ဆရာဝန်ဆို တော့ တတ်ထားတဲ့ဆေး ပညာနဲ့ ရောဂါတွေကို ပျောက်ကင်းအောင် လို့ ပိုက်ဆံရလို့ ကုပေးတာတော့ ကုပေးတာပေါ့။ ဒါပေမယ့် တကယ့်ကို စေတနာနဲ့ လုပ်ပေးတဲ့ ဆရာဝန် တွေနဲ့မတူဘူး။ အခုနောက်ပိုင်း ကာလမှာ စီးပွားရေးလုပ်ပိုင်ခွင့်ရတဲ့ အခါ ဆရာဝန် တော်တော် များများဟာ ဆရာဝန်အလုပ် မလုပ်တော့ဘဲ နဲ့ စီးပွားရေး အလုပ်ကို လုပ်ကြတယ်။ စီးပွားရေး သမားတွေဖြစ်သွားတယ်။ ကျွန်မကတော့ သဘောကျတယ်။ ကိုယ်သန်ရာ ကိုယ်လုပ် ပေါ့။ ဆရာဝန် လုပ်ဖို့ရန် စိတ်လည်း မပါဘူး။ စေတနာလည်း မပါဘူးဆို ရင် ဆရာဝန် မလုပ်တာဘဲ ကောင်း တယ်။ စီးပွားရေးပဲ လုပ်တော့။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ ကျောင်း သူကျောင်းသားများဟာ လွတ်လွတ် လပ်လပ်နဲ့ မိမိတို့ စိတ်အားထက် သန်ရာ၊ မိမိတို့ အစွမ်းပိုများရာ ဘာသာရပ်တွေ ကို ရွေးချယ်ပြီးတော့ သင်ယူရုံတင်မက ရွေးချယ် သင်ယူပြီးတဲ့နောက် ပိုင်းမှာ အလုပ်ရနိုင်တဲ့ အနေအထားမျိုးကို ကျွန်မတို့ ကြိုးစားပြီးတော့ ဖန်တီးရမှာပါ”ဟု ဆို သည်။

ထို့ပြင် မိဘများအား ဒေါ် အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည့် အကြောင်းအရာများလည်း စုံလင်လှပါသည်။ ယင်းက “ကျွန်မ ကလေးတွေကို အထူးသဖြင့် ဦးစား ပေးပြီးတော့ ပြောချင်ပါတယ်။ ကလေးတွေကို ပံ့ပိုးပြီးတော့ မှန်မှန် ကန်ကန် ပြုစုပျိုးထောင်မှ ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်က ကောင်းမှာ ဖြစ်ပါတယ်။ အဲဒီတော့ မိဘတွေကို ကျွန်မ တိုက်တွန်းချင်တယ်။ ကလေး တွေကို ငယ်ငယ်ကတည်းက မှန်မှန် ကန်ကန်သွန်သင် ဆုံးမပါ။ မှန်မှန် ကန်ကန် သွန်သင်ဆုံးမပါဆိုတာ ကိုယ့်အကျိုး အတွက်ပဲ ကြည့်ဖို့ ကလေးတွေကို မသင်ပါနဲ့။ ကျွန်မတို့ နိုင်ငံမှာဆိုလို့ရှိရင် တချို့လူကြီးတွေ က ကလေးတွေကို ကိုယ်အောင် မြင်ဖို့၊ ကိုယ်တစ်ဦးကောင်း စားဖို့၊ ကိုယ့်မိသားစုကောင်းစားဖို့ ဒီလိုပဲ သင်ကြပါတယ်။

အဲဒီလိုသင်လို့ ရှိရင် ကလေးတွေက ကြီးလာတဲ့ အခါ ကိုယ့်အတွက်ပဲ ကိုယ် လုပ် ကြပါလိမ့်မယ်။ ကျွန်မတို့ ငယ်ငယ် တုန်းက ဆိုလို့ရှိရင် ကျွန်မ ဖေဖေ့ကို မမှတ်မိဘူးပေါ့နော်။ မမှတ်မိတဲ့ အခါကျတော့ မေမေက အမြဲ ကျွန်မတို့ကို သွန်သင် ဆုံးမပါတယ်။ ဖေဖေ့အကြောင်း ပြောလို့ရှိရင် အမြဲ ပဲ ပထမဦးဆုံး ဘာကိုစပြီးတော့ ပြောလည်းဆိုတော့ ဖေဖေက အင် မတန်မှဖြောင့်မတ်တယ်လို့ပြောလေ့ ရှိပါတယ်။ အင်မတန်မှ ဖြောင့်မတ် တယ်။ ဖြောင့်မတ်ခြင်း ဆိုတာဟာ လူတိုင်းလူတိုင်းအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်မတို့ဟာ တစ် ယောက်ပေါ် တစ်ယောက်ဖြောင့်မတ် ခြင်းမရှိလို့ရှိရင် တစ်ယောက်ကို တစ်ယောက် ယုံကြည်နိုင်မှာ မဟုတ်ဘူး။ ကိုယ်ဖြောင့်မတ်တယ်လို့ ထင် တဲ့လူကိုပဲ ကိုယ်ယုံတယ်။ တစ် ယောက်နဲ့တစ်ယောက် မယုံဘူးဆို လို့ရှိရင် ကျွန်မတို့ ဘယ်လိုလုပ် ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် အတွက် လုပ်နိုင်မလဲ။ အဲဒီတော့ ပထမဆုံး သင်တာကတော့ ဖေဖေက ဖြောင့် မတ်တယ်လို့ သင်တယ်။ အဲဒီတော့ ကလေးတွေကိုလည်း ဖြောင့်မတ်စေ ချင်တယ်။ ကျွန်မတို့နိုင်ငံက ကလေးတွေက ငယ်ငယ်ကတည်း က ဖြောင့်မတ်တယ် ဆိုတာ ဘယ် လောက် အရေးကြီးလဲ ဆိုတာကို နားလည်စေ ချင်တယ်။ တစ်ခါတလေ မှန်ကန်တဲ့အတိုင်းလုပ်ဖို့ဆိုတာ မလွယ်ပါဘူး။

ဥပမာ ကလေးတွေ က တစ်ခုခု မလုပ်သင့်တာ လုပ်ခဲ့ တယ်ဆိုရင် ဆရာမက မေးတယ်ဆိုပါစို့၊ ဒါဘယ်သူ လုပ်တာလဲ ဆိုတော့ မှန်မှန်ကန်ကန် ဖြေလိုက်လို့ရှိရင် ဆရာမက ဒဏ်ပေးရင် ပေးလိမ့်မယ်။ အဲဒါကို ကြောက်ပြီးတော့ တစ်ခါတလေ ကလေးတွေက မဖြေဘူး။ အဲဒီတော့ အမေပြောချင်တာက ကိုယ်က အမှန်အတိုင်းဖြေလိုက်လို့ ဒဏ်ပေးတာခံရရင်လည်း ခံလိုက်၊ ခံပြီးလို့ရှိရင် ကိုယ့်အပြစ်က ကျေသွားရော၊ လူတိုင်း လူတိုင်းဟာ ကိုယ်လုပ်တဲ့အလုပ်အတွက် ကိုယ်ခံရဲရတယ်။ အလုပ်တစ်ခု ကိုတော့ လုပ်ချင်တယ်။ အဲဒီ အတွက်ကြောင့် ဖြစ်လာတဲ့ ကိစ္စတွေတော့ မခံရဲဘူး ဆိုလို့ရှိရင် ဒါဟာမြင့်မြတ်တဲ့ လူ တစ်ယောက်ရဲ့ အနေအထား မဟုတ်ပါဘူး။ ငယ်ငယ် ကတည်းက မြင့် မြတ်တဲ့ စိတ်တွေကို မွေးရမယ်။ ဘာမှ အလိုလို မဖြစ်လာဘူး။ အခု ကျွန်မတို့ရှေ့မှာရှိနေတဲ့ ပန်းတွေဆို လို့ရှိရင် ပန်းတွေက ဒီလိုပဲ ပွင့်လာ တာ မဟုတ်ဘူး။ အစေ့လေးတွေ ကနေ စရတယ်။ ပန်းမျိုးစေ့လေး တွေက စရတယ်။ အပင်က ပေါက်လာတယ်။ အရွက်တွေ ထွက်လာ ရတယ်။ သူ့အချိန် သူ့အခါရောက်မှ ပန်းတွေက ပွင့်လာတယ်။ အဲဒီလိုပဲ စောင့်ရတယ်။ ဒီတော့ ကိုယ့်စိတ် ထားတွေ ကောင်းမွန်ဖို့၊ ပန်းတွေလို လှပဖို့၊ လန်းဆန်းဖို့ ဆိုလို့ရှိရင် အခု ကတည်းက စပြီးတော့ မွေးရမယ်။ ကလေးတွေက ဆိုရင် ငယ်ငယ်က တည်းကစပြီးတော့ ငါတို့ဘယ်လို လူကြီးတွေဖြစ်ချင်သလဲဆိုတာကို စဉ်းစားရမယ်။ ကြီးလာလို့ရှိရင် ဘယ်လိုမျိုး ဖြစ်ချင်သလဲ။ အဲဒါကို စဉ်းစားရမယ်။

စဉ်းစားတဲ့အခါ ကျလို့ရှိရင် အပြင်ကိစ္စတွေနဲ့ မစဉ်း စားပါနဲ့။ ကြီးလာရင် ငါ ကားကြီး စီးချင်တယ်။ အဲဒါမျိုးတွေ မစဉ်းစား ပါနဲ့။ ကားကြီးတွေ၊ တိုက်ကြီးတွေ၊ အဝတ်အစားတွေ ဆိုတာ အမြဲခံတာ မဟုတ်ပါဘူး။ ဒီနေ့ရှိတဲ့ ကားက နောက်တစ်နေ့ ပျောက်ရင် လည်း ပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ဓာတ် ကတော့ ကိုယ် တစ်သက်လုံးပိုင်သွားမှာ။ ကိုယ့်ရဲ့ စိတ်ဓာတ်က ကိုယ်က လွဲလို့ ဘယ် သူမှမပိုင်နိုင်ဘူး။ အဲဒါကို ငယ်ငယ် ကတည်းက မှတ်ထားရမှာ။ ကျန်တဲ့ ပစ္စည်းတွေက အားလုံး သူများ ပိုင်သွားနိုင်တယ်။ ဘယ်သူမှ ဒါ အတွက် စိတ်မချရဘူး။ ဒီတော့ ကိုယ်အမြဲပိုင်မှာက ဘာလဲဆိုတော့ ကိုယ့်ရဲ့စိတ်ဓာတ်ရယ်၊ ကိုယ်သင်ထားတဲ့ ပညာကိုလည်း တန်ဖိုးထား ရမယ်။ ကျောင်းမှာနေတုန်းကို ကျောင်းစာတွေကို တတ်နိုင်သမျှ သင်ယူတဲ့ အပြင်မှာ ကျောင်းအပြင် ကနေပြီးတော့လည်း သင်ယူရမယ်။ ကျောင်းအပြင်က သင်ယူရမယ်ဆို တာ စောစောက စိတ်ဓာတ်နဲ့ ပတ် သက်လို့ ကိစ္စတွေပေါ့။ အရပ်ထဲမှာ သွားနေလို့ရှိရင် ဟိုလူဒီလူ စကား ပြောတာကြားရမှာပဲ။ ဘယ်လောက် ပဲ ပိုက်ဆံချမ်းသာချမ်းသာ ဒီလူက မဖြောင့်မတ်ဘူး ဆိုလို့ရှိရင် မဖြောင့်မတ်ဘူး လို့ပြောတဲ့အသံတွေ ကြား ရမှာပဲ။ ဒီလူကြီး ကတော့ ပိုက်ဆံ ချမ်းသာပါတယ်။ ဒါပေမယ့် သူက မဟုတ်တာတွေ လုပ်ပြီးတော့ ချမ်းသာတာ၊ သူက လာဘ်စားပြီးတော့ ချမ်းသာတာ၊ သူက ဘယ်လို ကလိမ်ကကျစ် လုပ်ပြီးတော့ ချမ်းသာတာ၊ အဲဒီလို ဆိုလို့ရှိရင် ဘယ်မှာဂုဏ်ရှိ တော့မလဲ။ ပြီးတော့ ကိုယ့်ရဲ့ဂုဏ် ဆိုတာ ကိုယ့်ရဲ့ဖြောင့်မတ်တည် ကြည်ခြင်းပေါ်မှာ မူတည်တယ်။ အဲဒါကတော့ သီလပေါ့။ နောက်ဆုံးပြောရရင် သီလ၊ သမာဓိ၊ ပညာ ပေါ့။ သီလဆိုတာ ဖြောင့်မတ်တာ၊ မှန်ကန်တာ၊ ကောင်းတဲ့အလုပ်ကို လုပ်ချင်တဲ့စိတ်ရှိတာ၊ သမာဓိ ဆိုတာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိတာ။ တကယ့် ပညာဆိုတာ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့ အရည်အချင်း ပဲ။ ကျောင်းစာအုပ်တွေကို အလွတ်ကျက် ထားပြီးတော့ ဘဝရဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်လို့ရှိရင် ဒါ တကယ့် ပညာလို့ မခေါ်ပါဘူး။ အဲဒါကြောင့် မို့လို့ ကျွန်မတို့ကလေးတွေရော၊ လူကြီးတွေရော သီလသမာဓိ၊ ပညာ ဆိုတာ ကျွန်မတို့နိုင်ငံအတွက် ဘယ် လောက် လိုအပ်သလဲ ဆိုတာကို ဆင် ခြင်စေချင်ပါတယ်။ အဲတော့ အခု အချိန်မှာ ဒီမိုကရေစီ ရရှိရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ ဘက်မှာ ဘယ်လို ပါဝင်နိုင်မလဲဆိုပြီးတော့ စဉ်းစားတဲ့ အခါမှာ ကိုယ့်ကိုယ်ကို ပြုပြင်တဲ့နည်းနဲ့ အားလုံးဟာ ပါဝင် နိုင်ပါတယ်။ ပြည်သူပြည်သား အားလုံး တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကိုယ့်ကိုယ်ကို ပြုပြင်ပြီးတော့ တိုးတက်မယ် ဆိုလို့ရှိရင် ဒီနိုင်ငံ တစ် နိုင်ငံလုံးဟာ တိုးတက်လာမှာပါ” ဟု ပြောကြားခဲ့သည်။

ထိုတနင်္သာရီတိုင်းဒေသကြီး ခရီးစဉ် အတွင်း အဖွဲ့ချုပ်အဖွဲ့ဝင်များ သာမက ဒေသခံလူထုကပါ လှိုက်လှဲစွာကြိုဆိုနှုတ် ဆက်ကြရာ လူငယ်အများ အပြားလည်း တက်ရောက်ကြ သဖြင့် ဒေါ်အောင်ဆန်း စုကြည်က အချို့နေရာများတွင် လူငယ်များအား မေးခွန်းမေးမြန်းခြင်းနှင့် သူ့အား လူငယ်များက မေးခွန်းမေးမြန်းစေ ခြင်း တို့ကိုလည်း ဆောင် ရွက်ခဲ့ ကြောင်း သိရှိရပါသည်။


မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်

No comments:

Post a Comment