Thursday 8 November 2012

Facebook ပေါ်မှာ ...




Facebook ပေါ်မှာ ....

Facebook ဟာ အင်တာနက်ပေါ်မှာ လူမှုရေး ဆက်ဆံရေး (Social Networking) အနေနဲ့ ထွက်ပေါ်လာပြီး လူကြိုက်များလာပါတယ်။ လူမှုရေးသာမက ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး စသဖြင့် အကြောင်းအရာမျိုးစုံကို ဆွေးနွေးဖလှယ်လို့ ရတဲ့နေရာ ဖြစ်လာပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတွေလည်း ပြောဆိုတတ်ကြပါတယ်။ ဗေဒင်၊ မိုးလေဝသ၊ အားကစား၊ စိုက်ပျိုးရေး အကြောင်းတွေလည်း ရှိပါတယ်။ စားသောက်ဆိုင်တခုမှာ သူငယ်ချင်းနှစ်ဦး ရင်းနှီးစွာ တွေ့ဆုံ စားသောက်ရင်း ရောက်တတ်ရာရာ စကားပြောကြသလိုမျိုး ဖြစ်ပါတယ်။




Facebook မှာ လွတ်လပ်တာကြောင့် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အများတကာ အကျိုးရှိစေမယ့် သတင်း၊ ဗဟုသုတ၊ အတွေ့အကြုံ၊ အကြောင်းအရာတွေကို ရေးသားကြပါတယ်။ ဝေဖန်သုံးသပ်ကြပါတယ်။ တဆင့် ဖြန့်ဝေပေးကြပါတယ်။ ဒီလိုကောင်းတာတွေ ရှိလို့ Facebook ကို လူ့အသိုင်းအဝိုင်း တိုးတက်စေဖို့အတွက် လက်ခံ အားပေးရပါတယ်။

လွတ်လပ်စွာ ရေးလို့ရတာကြောင့် ဆန္ဒကို ထုတ်ဖော်ဖို့ တစတစ ကြိုးပမ်းလာကြပါတယ်။ ဆန္ဒ ဆိုတဲ့အတိုင်း ကောင်းတာရော မကောင်းတာရော ရောပြွမ်းနေမှာ ဖြစ်ပါတယ်။
မသင့်တော်တဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ မဟုတ်တာ မမှန်တာ လုပ်ကြံတာတွေ အပါအဝင် “ဖွ” နေကြတာလည်း တခါတလေမှာ တွေ့ရပါတယ်။

Friend များများလိုချင်ကြတာကတော့ ကောင်းတဲ့ ရည်ရွယ်ချက်ပါပဲ။ လူမှုရေးနယ်ပယ်ကို ချဲ့ထွင်ပြီး ပိုမိုတိုးတက်ချင်ကြလို့ အားပေးထိုက်ပါတယ်။



တချို့ကတော့ နာမည်ကြီးရင် ပြီးရော ဘာမဆို လုပ်ချင်တာ သက်သက်ပါ။ တချို့ကတော့ Like များများ ရချင်လို့ ဖြစ်ပါလိမ့်မယ်။ အထင်ကြီးခံချင်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီလောက်အထိကတော့ လူမှုရေးပိုင်းမှာ ပြဿနာ သိပ်မရှိပါဘူး။ မသကာ ရှေ့ဆက် အသုံးပြုနိုင်မယ့် Profile နာမည်ရင်း (သို့) ကလောင်နာမည်တခုကို သူ့သဘောနဲ့သူ အနည်းအများ ထိခိုက်သွားရုံလောက်ပဲ ရှိချင်ရှိတတ်ပါမယ်။

တချို့က နာမည်ထပ်ပြောင်းပြီး ဆက်ရေးကြတာ တွေ့ရပါသေးတယ်။ “နှုတ်ကြောင့် သေ” ဆိုတဲ့စကားအတိုင်း ဖြစ်သွားနိုင်လို့ နာမည် မထိခိုက်အောင်တော့ ဂရုစိုက်တတ်ရပါမယ်။ အမြင်မတူတာကို ဆက်ပြီး သည်းညည်းမခံနိုင်သူတွေကတော့ တခါတလေ Block /Report လုပ်တတ်ကြပါတယ်။

Facebook ပေါ်မှာ တပါးသူကို အပြစ်တင်ချင်ဇော များလွန်းနေတာနဲ့ ဆဲရေးတိုင်းထွာတွေကတော့ မကောင်းလှပါဘူး။ ဒေါသနဲ့ မနာလို-ဝန်တိုစိတ် ကြီးမားနေတာကြောင့် ကိုယ်ကျင့်သိက္ခာကိုသာမက မိဘမျိုးရိုးဂုဏ်ကိုပါ ထိခိုက်စေတဲ့အပြင် ဘဝတိုးတက်စေမယ့် စိတ်ကူးသစ်တွေကို ကိုယ်တိုင် ပိတ်ဆို့ထားသလို ဖြစ်နေတတ်ပါတယ်။

တချို့ကတော့ အခြားလုပ်ချင်တာ တခုခုကို ကွယ်ဝှက်ပြီး တည်ကြက် ဗန်းပြထားချင်တာ ရှိပါတယ်။ ပြီးတော့ လက်ရှိအခြေအနေတွေကို လမ်းကြောင်းပြောင်းချင်တာ... ပိုမိုရှုပ်ထွေးအောင် လုပ်ချင်တာ.. ဝါဒမှိုင်း တိုက်ချင်တာ.. ကောလဟာလ လွှင့်ထုတ်ချင်တာ စသဖြင့် ရည်ရွယ်ချက်မျိုးစုံလည်း တွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံရေးမှာ ဖြစ်ပါတယ်။



နိုင်ငံရေးကို သိပ်နားမလည်ဘဲ ကိုယ်ကျိုးရှာ ရည်ရွယ်ချက်နဲ့ လုပ်လာရင်တော့ မကောင်းဘူးလို့ ဆိုရပါမယ်။ အခြားကျွမ်းကျင်မှု တခုခုနဲ့ နိုင်ငံရေး ဇာတ်ခုံပေါ် တက်လာတာဟာ စိန်နားကပ်ရောင်နဲ့ ပါးပြောင်တာမျိုးသာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ညာဝါးချရင် ရေရှည် မခံပါဘူး။ ဇာတ်ခုံအောက်က ပရိသတ်ထဲမှာ လူတော်လူကောင်းတွေ ရှိနေတတ်ပါတယ်။ မီးခဲပြာဖုံးတွေ အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရေး ဇာတ်ခုံပေါ် တက်လာတယ်လို့ အမြင်ရှိပေမယ့် တကယ်တော့ နိုင်ငံရေး မြောင်းထဲ ဇောက်ထိုး ပြန်ဆင်းနေတာမျိုး ဖြစ်တတ်ပါတယ်။  

“Honesty is the best policy.” ဆိုတဲ့အတိုင်း နိုင်ငံရေးမှာ ရိုးရိုးကျင့် မြင့်မြင့်ကြံတာဟာ အကောင်းဆုံး မူဝါဒ ဖြစ်ပါတယ်။

နိုင်ငံရေးကို အတော်အတန် နားလည်ပေမယ့် မရိုးသားစိတ်နဲ့ လှည့်ဖျားကစားတာမျိုးဟာ လူ့အသိုင်းအဝိုင်းတခုလုံးနဲ့ တိုင်းပြည်ကိုပါ ထိခိုက်စေတဲ့အထိ ဖြစ်တတ်ပါတယ်။ သူတို့ဟာ အကြံပက်စက်သလောက် ပါးနပ်မှုရှိပြီး ပိပိရိရိ လုပ်တတ်ကြပါတယ်။ ဟန်ဆောင်ကောင်းတတ်ကြပါတယ်။

Facebook ပေါ်မှာ သူတို့လို လူစားမျိုးကတော့ အန္တရာယ် ကြီးကြီးမားမား ပေးမယ့်သူတွေ ဖြစ်လို့ အထူးကို သတိပြုထားဖို့ လိုအပ်ပါမယ်။ သူတို့ ပြောဆိုတာတွေကို အလောသုံးဆယ် လက်ခံစရာ မလိုဘဲ အတတ်နိုင်ဆုံး မြော်မြင်ချင့်ချိန်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

Facebook သုံးစွဲပုံကို ကြည့်ပြီး ဒီမိုကရေစီ အခြေခံ ကျင့်ထုံးတခုဖြစ်တဲ့ လွတ်လပ်မှုကို ဘယ်လောက်ထိ တာဝန်ခံ ကျင့်သုံးနေသလဲ ဆိုတာကို သိသာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုရေးနဲ့ နိုင်ငံရေးအတွက် ဒီမိုကရေစီကလွဲပြီး အခြားကျင့်သုံးစရာ မရှိအပ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီ အခြေခံမူ မကျင့်သုံးချင်သူတဦးကို နိုင်ငံရေးလောကမှာ ယုံကြည် အားကိုးလောက်စရာ မရှိဘူးလို့သာ ဆိုရပါမယ်။ ဒါက Facebook ပေါ်က ရလာနိုင်တဲ့ နိုင်ငံရေး အကျိုးအမြတ်တခုပါ။

လွင်အောင်စိုး
၈-၁၁-၂ဝ၁၂

No comments:

Post a Comment