Saturday 17 November 2012

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ပြောကြားသော မိန့်ခွန်း အပြည့်အစုံ။( ၁၆ နိုဝင်ဘာ ၂၀၁၂)

Photo..Mizzima အိန္ဒိယနိုင်ငံရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မြန်မာမိသားစုတွေနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ “ကျမ အိန္ဒိယ နိုင်ငံကိုလာတဲ့အခါ သမိုင်းအစဉ်အလာအရ မိတ်ဆွေနိုင်ငံတခုကို လာတယ်လို့ ဒီလိုပဲ
စိတ်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကျမတို့ရဲ့ မိသားစုသဖွယ်၊ ညီအကိုမောင်နှမတွေသဖွယ်၊ တူ၊ တူမတွေ၊ သား၊ သမီးတွေဖြစ်တဲ့ အားလုံးဟာလည်း မိသားစုတခုပဲလို့ စိတ်ထားစေချင်ပါတယ်။ ကျမတို့နိုင်ငံဟာ ပြည်ထောင်စု ဖြစ်တယ်ဆိုတာ အထူးအလေးထားပြောချင်တယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံကလာတဲ့ ပုဂ္ဂိုလ်အတော်များများဟာ
တိုင်းရင်းသားအသီးသီးအသိုင်းအ၀ိုင်းအသီးသီးက ဖြစ်တယ်။ မြန်မာလူများစုကဒီထဲမှာလူနည်းစုဖြစ်နေတာ ကောင်းကိုကောင်းတယ်လို့ ထင်ပါတယ်။ တခါတလေ လူများစုဆိုတာဟာ လူနည်းစုမျက်စိနဲ့ မြင်တတ်ဖို့လိုတယ်။ လူနည်းစုဖြစ်ရတာ ဘယ်လိုနေသလဲလို့ နားလည်ဖို့လိုတယ်။ အိန္ဒိယမှာရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသား အသိုင်းအ၀ိုင်းအများစုဟာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေထဲက ဖြစ်တယ်ဆိုတာ ကျမ အင်မတန်မှ ဂုဏ်လည်းဂုဏ်ယူတယ်။ အားလည်းအားတက်တယ်။ ဒါပေမယ့်လည်း နောက်ဆုံးကျတော့ ကျမတို့နိုင်ငံဟာ အားလုံးအတွက် လုံခြုံစရာ၊ ခိုလှုံစရာ ပြည်ထောင်စုကြီး ဖြစ်စေချင်တယ်။ အဲလို ပြည်ထောင်စုဖြစ်ဖို့ဟာ အားလုံး ၀ိုင်းကြိုးစားဖို့လိုပါတယ်။ တိုင်းရင်းသားများအကြားမှာ ယဉ်ကျေးမှုမတူတာ ရှိတယ်၊ မျှော်မှန်းချက် မတူတာရှိတယ်၊ ဘာသာစကားမတူတာရှိတယ်။ ကိုးကွယ်တဲ့ ဘာသာမတူတာရှိတယ်။ ဒီလို မတူကွဲပြားတဲ့အထဲက ကျမတို့ဟာ ညီညွတ်မှုကို တည်ဆောက်ရမှာပါ။ ဒီလိုညီညွတ်မှုတည်ဆောက်ဖို့ ဆိုတာဟာ တယောက်နဲ့တယောက် နားလည်မှုယူဖို့လိုတယ်။ တဦးနဲ့တဦး အပြန်အလှန်လေးစားဖို့လိုတယ်။ နားလည်မှုရဖို့ အပြန်အလှန်လေးစားနိုင်ဖို့ ဆိုတာဟာ တယောက်နဲ့ တယောက်ပြောတာကို နားထောင်ဖို့ လိုတယ်။ ကိုယ်တဖတ်သက် ကိုယ်ပြောချင်တာပဲ၊ ကိုယ်ဖြစ်ချင်တာပဲ မီးမောင်းထိုးနေလို့ မရဘူး။ ဟိုဘက်ကအသံလည်း နားထောင်ရမယ်၊ ဒီဘက်ကလည်း အသံလည်း နားထောင်ရတယ်။ ကျမတို့ဟာ တိုင်းရင်းသား အမျိုးသားပြည်လည်စည်းလုံးညီညွတ်ရေးအတွက် ၊ ပြန်လည်ပြီး သွေးစည်းညီညွတ်ရေးအတွက် လုပ်မယ်ဆိုပြီး ဒီမိုကရေစီလှုပ်ရှားမှုထဲ ၀င်လာတာပါ။ ဒီလိုလုပ်တဲ့အခါမှာ တဦးနဲ့တဦး နားလည်မှုယူဖို့ဆိုတာဟာ တဖတ်သက်ကြည့်လို့မရပါဘူး။ ဟိုဘက် ဒီဘက်လည်း ကြည့်ရတယ်။ ပြည်ထောင်စုတခုလုံးရဲ့ အခြေအနေလည်းကြည့်ရတယ်။ ကျမတို့ ပြည်ထောင်စုထဲမှာ တနေရာမှာဖြစ်နေတဲ့ ကိစ္စတွေ ပြဿနာတွေဟာ တခြားတနေရာနဲ့ မဆိုင်ဘူးလို့ မြင်လို့မဖြစ်ပါဘူး။ တိုင်းပြည်တပြည်လုံးနဲ့ ဆိုင်ပါတယ်။ ဘယ်နေရာမှာပဲ ဘယ်လိုဖြစ်နေဖြစ်နေ ကျမတို့ ပြည်ထောင်စုတစုလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ထားဖို့ လိုပါတယ်။ ဒါကြောင့် တနေရာမှာဖြစ်နေတဲ့ ပြဿနာတွေကို ကြည့်ရင် ပြည်ထောင်စုအမြင်နဲ့ ကြည့်ဖို့လိုပါတယ်။ ဒါကြောင့် ကျမတို့ဟာ ဒုတိယ ပင်လုံကဲ့သို့သော တိုင်းရင်းသားများစည်းလုံးညီညွတ်မှု၊ တကယ့် နှလုံးသားထဲက လာတဲ့ စည်းလုံးညီညွတ်မှုဖြစ်စေမယ့် ညီလာခံမျိုး လိုတယ်လို့ ကျမတို့ပြောတာပါ။ ပင်လုံစိတ်ဓာတ်ကို ပိုပြီး ရှင်သန်စေမယ့် ညီလာခံမျိုး ကျမတို့ပြောတာပါ။ ၁၉၄၇ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပင်လုံညီလာခံဟာဆိုရင် တိုင်းရင်းသားတွေအစုံပါတာမဟုတ်ပါဘူး။ ဒါလည်း ကျမတို့က အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အဲညီလာခံဟာ ပြည်ထောင်စုစိတ်ဓာတ်အမြစ်တွယ်အောင် အစပျိုးလိုက်တဲ့ ညီလာခံဖြစ်ပါတယ်။ အမြစ်တွယ်ပြီဆိုပေမယ့် အမြစ်တွယ်ရုံနဲ့ အပင်ကြီးက ရှင်သန်လာတာ မဟုတ်ပါဘူး။ ဟိုတုန်းက ၁၉၄၇ ခုနှစ်က တွယ်ခဲ့တဲ့ အမြစ်ကလေးဟာ ရှင်သန်ပိုင်ခွင့်မရှိတဲ့အခါ အခုကျမတို့ ပြည်ထောင်စုဟာ အင်မတန်မှ သန်မာပြီး အသီးအပွင့်တွေဝေဆာနေတဲ့ အပင်ကြီးဖြစ်လာတယ်လို့ မပြောနိုင်သေးပါဘူး။ ဒီလိုဖြစ်လာဖို့ ပြည်ထောင်စုစိတ်ဓာတ်ကို ဆက်ပြီး အားပေးမွေးမြူရမယ်။ တွယ်စဖြစ်ခဲ့တဲ့ အမြစ်ကလေးတွေကို ရေလောင်းပေးရမယ်၊ မြေဖို့ပေးရမယ်။ ဒါဟာ ကျမတို့ခေတ်က အခုလက်ရှိ ရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးလုပ်ဖို့ပါ။” “ကျမ အခု နိုင်ငံသူနိုင်ငံသားလို့ ပြောလိုက်တဲ့အတွက် တချို့ကထင်ပါလိမ့်မယ်။ ကျမတို့ကတော့ အိန္ဒိယနိုင်ငံသူ နိုင်ငံသား ခံယူထားပြီးပြီဆိုတော့ မြန်မာနိုင်ငံသူ နိုင်ငံသားထဲ မပါတော့ဘူးလားလို့ စဉ်းစားရင် စဉ်းစားနေကြပါလိမ့်မယ်။ ကျမ ဒီလိုစိတ်ထဲမရှိပါဘူး။ မြန်မာနိုင်ငံကနေ ဆင်းသက်ပေါက်ဖွားလာသူတွေအားလုံးဟာ ကျမတို့နိုင်ငံရဲ့ ရင်သွေးတွေ တသက်လုံးဖြစ်သွားမှာပါ။ မိဘအိမ်လိုပေါ့၊ မိဘအိမ်ကနေ ထွက်သွားပြီး ကိုယ့်အိမ်ထောင်ကိုယ်ထူပေမယ့် မိဘကတော့ ကိုယ့်ကလေးတွေလို့ စိတ်ထဲထားမှာပဲ။ သားသမီးတွေက အရွယ်ရောက်လာလို့ကိုယ့်ဘ၀နဲ့ကိုယ် နေချင်ရင်လည်း နေပိုင်ခွင့်ရှိရမယ်။ သို့သော်လည်း အချိန်မရွေး မိဘမေတ္တာကို ခိုလှုံချင်ရင်လည်း ခိုလှုံနိုင်ခွင့်ကိုလည်း အပြည့်အ၀ ပေးထားရမယ်။ ဒီလိုပဲ ကျမတို့ရဲ့ ပြည်ထောင်စုကို ဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ အကြောင်းကြောင်းကြောင့်မို့ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိဘအိမ်က ဘယ်လိုပဲ ခွာသွားခွာသွား ပြန်လာချင်တဲ့အခါမှာ တံခါးတွေအမြဲပဲ ပွင့်နေတယ်။ မိဘအိမ်လို ကျမတို့ ပြည်ထောင်စုကိုဖြစ်စေချင်ပါတယ်။” “ဒါကြောင့်မို့ တနေ့တချိန်မှာ တကမ္ဘာလုံးမှာ ရောက်နေကြတဲ့ မြန်မာပြည်ကထွက်လာတဲ့ ကျမတို့ မိသားစုဝင်တွေ အားလုံးဟာ အချိန်မရွေးကိုယ့်နိုင်ငံကို၊ ကိုယ့်ရဲ့ အမိနိုင်ငံကို၊ ကိုယ့်ရဲ့ အဖနိုင်ငံကို လုံလုံခြုံခြုံနဲ့ အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ် ပြန်ချင်တဲ့အခါ ပြန်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကျမတို့ကြိုးစားပြီး လုပ်သွားပါမယ်။ အဲလို ကြိုးစားပြီးလုပ်တဲ့အခါမှာ ကျမတို့ အကူအညီတွေ လိုပါတယ်။ ဒါဟာ လူတယောက်တည်း လုပ်လို့ ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ အဖွဲ့အစည်းတခုတည်းလုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီးလုပ်မှ အောင်မြင်မှာပါ။ တခါတလေ ကျမတို့ရဲ့ မူတွေ၊ မူဝါဒတွေ၊ ကျမတို့ရဲ့ အနေအထားတွေ၊ ကျမတို့ရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး အားလုံးကနေပြီး သဘောတူချင်မှ သဘောတူမှာပါ။ ဒီလို သဘောတူမှုတွေ မရှိတာကလည်း သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို သဘောတူညီမှုတွေ မရှိတာကြောင့်မို့လို့ ကျမတို့ ညီညွတ်မှုကို မရှာနိုင်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ ဒီမတူကွဲပြားတာတွေကို လက်ခံပြီးတော့ မတူကွဲပြားမှုတွေကို အင်အားတခုလိုဖြစ်အောင် ကျမတို့ လက်တွဲသွားမယ်ဆိုရင် ပိုပြီးတော့ ခိုင်မာတဲ့ ပြည်ထောင်စု၊ပိုပြီးတော့ကျယ်ဝန်းတဲ့ ပြည်ထောင်စု၊ပိုပြီးတော့အများကို နေရာပေးနိုင်တဲ့ ပြည်ထောင်စုမျိုး ဖြစ်သွားမယ်လို့ ကျမ မျှော်လင့်ပါတယ်။” “ဒါကြောင့်မို့ ကျမတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ၊ ကျမတို့ လက်ခံပါတယ်။ ကျမတို့ရဲ့ အနေအထား၊ ကျမတို့ရဲ့ အမြင်ကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျမတို့ရဲ့ အနေအထား၊ ကျမတို့ရဲ့ မူဝါဒတွေ ဘာဖြစ်လို့ ရပ်တည်သွားတယ်ဆိုတာလည်း ရှင်းပြနိုင်ပါတယ်။ အဲဒါကြောင့် တယောက်နဲ့တယောက်အကြားမှာ နားလည်မှု လွဲတာရှိရင်၊ နားမလည်တာရှိရင်၊ မကျေနပ်တာရှိရင် ပိုပြီးတော့ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့၊ တိုင်ပင်ဖို့ လိုတယ်လို့ပဲ ကျမအနေနဲ့ စိတ်ထဲမှာ ထားပါတယ်။” “မြန်မာနိုင်ငံကနေ ထွက်လာပြီးတော့ ဒီမှာရောက်နေတဲ့ တိုင်းရင်းသားမျိုးစုံ၊ မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့ အိန္ဒိယနိုင်ငံသူ နိုင်ငံသားအားလုံး အတူလက်တွဲပြီး ကျမတို့နိုင်ငံဟာ အားလုံးအတွက် လုံခြုံရာ၊ ခိုလှုံရာနိုင်ငံဖြစ်အောင် ၀ိုင်းပြီးတော့ လုပ်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။” “ဒီခရီးရာ ရှည်လည်းရှည်ခဲ့ပါပြီ။ အနှစ် ၂၀ ကျော် ကျမတို့ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်ခဲ့တယ်။ ဒီ အနှစ် ၂၀ ကျော်ထဲမှာ အများကြီး အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ တချို့က ဒီအခက်အခဲတွေ အားလုံးပပျောက်သွားပြီလို့ ထင်ကြတယ်။ ဒါဟာမဟုတ်ပါဘူး။ အခက်အခဲတွေက ဆက်ပြီးတော့ ရှိတုန်းပါပဲ။ တနည်းအားဖြင့်ပြောရရင် ဒီနောက်ဆုံးအပိုင်းဟာ အခက်အခဲဆုံးအပိုင်းပဲ။ ဒီအပိုင်းကို ကျမတို့ မှန်မှန်ကန်ကန် မကျော်ဖြတ်နိုင်ရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်ဘဲနဲ့ လမ်းလွဲသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အခုအချိန်ဟာ အင်မတန်မှ သတိနဲ့၊ ၀ီရိယနဲ့၊ ပညာနဲ့ ဆက်ပြီးတော့ လျှောက်သွားရမယ့် အချိန်ပါ။ ဒီအချိန်ဟာ အင်မတန်မှ တဦးပေါ်တဦး နားလည်မှုနဲ့ တဦးပေါ်တဦး ယုံကြည်မှုနဲ့ လက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးလုပ်သွားရမယ့်အချိန်ပါ။ အဲဒါကိုပဲ ကျမ သတိပေးချင်ပါတယ်။ အားလုံးဟာ ဒီလိုခက်ခဲတဲ့အချိန်မှာ အတူ တဦးနဲ့တဦး ကူညီဖို့ ကြိုးစားကြပါလို့ ကျမ မေတ္တာ ရပ်ခံချင်ပါတယ်။ စစ်မှန်တဲ့ မိတ်ဆွေများ၊ စစ်မှန်တဲ့ မေတ္တာထားသူများဆိုတာဟာ အခက်ခဲဆုံးအချိန် ကူညီဖို့၊ ထောက်ခံဖို့၊ ညီညွတ်ဖို့၊ လက်တွဲဖို့ အခက်ခဲဆုံးအချိန်မှာကို ဒီအခက်ခဲတွေကို ကျော်လွှားပြီးတော့ အများကောင်းကျိုးအတွက် ကိုယ့်ရဲ့ ခံစားချက်တွေ၊ ကိုယ့်ရဲ့ တဦးချင်းအရ မကျေနပ်မှုတွေကို ဘေးဖယ်ပြီး လက်တွဲလုပ်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။” “ကျမတို့ ဒီနောက်ဆုံးခရီးအပိုင်းကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်တယ်ဆိုရင် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ကျမတို့နိုင်ငံဟာ တကယ့်ကို တန်ဖိုးရှိတဲ့၊ တကယ့်ကို လုံခြုံတဲ့၊ တကယ့်ကို လွတ်လပ်တဲ့၊ တကယ့်ကို တိုးတက်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပါလိမ့်မယ်လို့ ကျမ တထစ်ချယုံကြည်ပါတယ်လို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

No comments:

Post a Comment