Friday 30 November 2012

ဆွေးနွေးညှိနှိုင်း

  

ခေတ်မီတိုးတက်ပြီး ကမ္ဘာနိုင်ငံတွေမှာ ကလေးဘဝကတည်းက မိဘနဲ့ သားသမီး ဆွေးနွေးညှိနှိုင်း အဖြေရှာယူတာမျိုး ရှိပါတယ်။ မိဘကိုယ်တိုင် သာမက ကျောင်းနဲ့ ပတ်ဝန်းကျင်ကလည်း ဒါကို အားပေးလက်ခံကြပါတယ်။ ကောင်းတယ်လို့ ယူဆမိပါတယ်။

မြန်မာမှာတော့ မိဘ ဆရာနဲ့ ဦးလေး အဒေါ် အကိုအမတွေကို ခံမပြောနဲ့ ဆိုတဲ့ အစဉ်အလာ ရှိနေပါတယ်။ ဒီတော့  ဆွေးနွေးညှိနှိုင်း အဖြေရှာယူတာမျိုးက တော်တော်ရှားပါတယ်။ အထက်အောက် ကြီးစဉ်ငယ်လိုက် ရိုသေလေးစားမှုက သပ်သပ်၊ ကိစ္စတခုအပေါ် ပူးပေါင်း ဖြေရှင်းတာက သပ်သပ်ဆိုပြီး ခွဲထားသင့်တယ်လို့ ပြောချင်ပါတယ်။


စဉ်းစားကြည့်ကြပါ .. Two heads are better than one. ဆွေးနွေးတဲ့အခါမှာ သူ့အမြင် ကိုယ့်အမြင်ကို ပေါင်းစပ်ကြရတော့ ပိုကောင်းတဲ့အမြင် ဖြစ်လာပါတယ်။ ဒါဟာ သေချာပေါက်ပါပဲ။ ဒီတော့ ပိုကောင်းတဲ့ အလုပ်ကို လုပ်ဖို့ ဖြစ်လာရပါတယ်။ ပိုကောင်းမယ့် ရလဒ်ကို ဖြစ်စေပါတယ်။

ဆွေးနွေးညှိနှိုင်း အဖြေရှာယူရာမှာ မာနလေးတွေကိုတော့ နည်းနည်းစီ လျှော့ထားနိုင်မှ အောင်မြင်တတ်ပါတယ်။ စိုးရိမ်ပူပန်မှုကို အလွန်အကျွံ ဦးစားပေးတာဟာ ဆွေးနွေးပွဲ ပျက်ပြားစေတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒီလိုပဲ မိမိဆန္ဒကို ဦးစားပေးလွန်းရင်လည်း မအောင်မြင်တတ်ပါဘူး။

ဆွေးနွေးညှိနှိုင်းကြပြီ ဆိုရင် မစတင်မီကတည်းက စနစ်တကျ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ အခမ်းအနား အပြင်အဆင်ကို မဆိုလိုပါဘူး။ ဆွေးနွေးသူ၊ ဆွေးနွေးမယ့် အကြောင်းအရာ၊ နှစ်ဘက် ဆွေးနွေးပုံနည်းလမ်း၊ မိမိဘက်က ဆွေးနွေးမယ့် ဗျူဟာ၊ ပြောင်းလဲသုံးစွဲနိုင်မယ့် အခြားနည်းလမ်း (Alternative) စသဖြင့် လိုအပ်ချက်တွေပါ။ အကောင်းဆုံး စနစ်တကျ ပြင်ဆင်နိုင်သမျှ အကောင်းဆုံးရလဒ် ထွက်လာမှာသာ ဖြစ်ပါတယ်။

ဆွေးနွေးညှိနှိုင်းသူတွေဟာ သူ့အမြင် ကိုယ့်အမြင်အပေါ် စကားနိုင် မလုဘဲ စာနာစိတ်နဲ့ အပြုသဘော မြင်ပေးတတ်ရပါမယ်။ ဒါ့အပြင် တယူသန် မဖြစ်စေဘဲ လိုက်လျောညီထွေနဲ့ နှစ်ဘက်စလုံး အမှန်တကယ် ကျေနပ်မှု ရတဲ့အထိ စိတ်ရှည်ရှည်ထားနိုင်ရင် သိပ်ကောင်းပါမယ်။

ဆွေးနွေးညှိနှိုင်းပွဲဟာ ဟန်ပြလုပ်တာမျိုး မဖြစ်သင့်ပါဘူး။ ဒါဟာ အခြားရည်ရွယ်ချက်တခုခုကို မရိုးသားစိတ်နဲ့ ဖုံးဖိပြီး အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းပွဲ ပြီးဆုံးဖို့က အဓိက မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းပွဲရဲ့ ရလဒ်ကောင်း ထွက်လာဖို့သာ လိုရင်းဖြစ်ပါတယ်။ နှစ်ဘက်စလုံးအတွက် အကျိုးရှိရှိ အလုပ်ဖြစ်စေနိုင်ဖို့ကိုသာ  ရည်မှန်းထားရမှာ ဖြစ်ပါတယ်။


ယုံကြည်မှုကို အမှန်တကယ် တည်ဆောက်ထားပြီးတဲ့ အဆင့်ဟာ နှစ်ဖက်စလုံးအတွက် ဆွေးနွေးပွဲ အောင်မြင်ဖို့ တော်တော်ပဲ အထောက်အကူ ဖြစ်စေပါတယ်။ ဟိုတုန်းက မြန်မာနိုင်ငံမှာ ယုံကြည်မှု တည်ဆောက်တာမျိုး လုပ်ခဲ့ကြတာ မှတ်မိနေကြဦးမှာပါ။ အမှန်တကယ် တည်ဆောက်နိုင်ဖို့ အရေးကြီးပါမယ်။

ဆွေးနွေးညှိနှိုင်းပွဲဟာ မျှော်လင့်ထားသလို အဖြေထွက်ချင်မှလည်း ထွက်တတ်ပါတယ်။ မမျှော်လင့်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် မသေချာ မရေရာတဲ့ အခြေအနေမှာ အကောင်းဆုံး ဖြစ်လာနိုင်တာနဲ့ အဆိုးဆုံး ဖြစ်လာနိုင်တာတွေကို ကြိုတင် စဉ်းစားထားသင့်ပါတယ်။ “ဒါကိုရမှ ဖြစ်မယ်” ဆိုတဲ့ ယတိပြတ် စိတ်ဓါတ်ထားရှိရင် ဆွေးနွေးညှိနှိုင်းပွဲဟာ လမ်းခုလတ်မှာ အဆုံးသတ်ရတတ်ပါတယ်။

နောက်တချက်ကတော့ အများသိနေကြတဲ့အတိုင်း အပြန်အလှန် အပေး-အယူလုပ်ပြီး ဆွေးနွေးညှိနှိုင်းရပါမယ်။ ကိုယ်ကချည်း အသာစီး လိုချင်လို့ မရသလို တဖက်သပ် အလျှော့ပေးနေလို့လည်း မဖြစ်ပါဘူး။

နောက်ဆုံးအချက်ကတော့ ဆွေးနွေးညှိနှိုင်းပွဲ အောင်မြင်ဖို့ အဓိကသော့ချက် ဖြစ်ပါလိမ့်မယ်။ မိမိဘက်က ဖြစ်စေချင်တဲ့ ဆန္ဒကိုသာမက နောက်ဆက်တွဲ အကျိုးတရားတွေဟာ အခြားတဘက်ကို ဘယ်လိုအကျိုးဖြစ်စေမလဲ ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း မထိန်ချန်ပဲ ရိုးဖြောင့်စွာ ပြောဆို ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ တန်ဖိုးတခုကို နှစ်ဘက်တူညီစွာ မျှမျှတတ တည်ဆောက်ယူတာ ဖြစ်ပါတယ်။

နိုင်ငံရေးကိစ္စတွေမှာသာမက စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး စသဖြင့် ဆွေးနွေးညှိနှိုင်းသင့်တဲ့ ကိစ္စမှန်သမျှမှာ အနည်းအများ ပြင်ဆင်ပြီး စနစ်တကျ ဆွေးနွေးညှိနှိုင်းနိုင်ကြရင် လူ့လောကကြီးဟာ ငြိမ်းချမ်းသာယာ ပျော်မွေ့စရာ ဖြစ်နေပါလိမ့်မယ်။

လွင်အောင်စိုး
၃ဝ-၁၁-၂ဝ၁၂

No comments:

Post a Comment