Friday 16 November 2012

ပြဿနာတွေကို သန့်စင်နည်း






လက်သမားဆရာရဲ့ အလုပ်ရက်တွေ ပြီးဆုံးသွားတယ်။ သီတင်းတစ်ပတ်ရဲ့
 နောက်ဆုံးနေ့လည်း ဖြစ်တယ်။
သူက သူ့မိတ်ဆွေ တစ်ယောက်ကို သူနဲ့အရက်အတူတူ သောက်ရအောင်
 အိမ်အပြန် ဖိတ်ခေါ်သွားဖို့ ဆုံးဖြတ်
လိုက်ပါတယ်။ သူအိမ်ရောက်တဲ့အခါ ခြံထဲမှာပေါက်နေတဲ့ သစ်ပင်တစ်ပင်
အနားမှာ လက်သမားဆရာဟာ
ခဏလောက် ငြိမ်ငြိမ်သက်သက်ကလေး
ရပ်တယ်။ ပြီးတော့ သူ့လက်နှစ်ဖက်နဲ့ သစ်ကိုင်းတွေကို ထိတယ်။ သူ့မျက်နှာပေါ်က ခံစားမှုဟာ လုံးဝပြောင်းလဲသွားတယ်။ သူ အိမ်ထဲကို ဝင်လိုက်တယ်။ ပြုံးလိုက်တယ်။ သူ့မိန်းမနဲ့ ကလေးတွေက သူ့ကို ကြိုဆိုနေကြတယ်။ ကလေးတွေကို ခါတိုင်းလိုပဲ ပုံပြင်ပြောပြတယ်။ ပြီးတော့မှ သူ့မိတ်ဆွေနဲ့အတူတူ အရက်သောက်ဖို့ ဝရန်တာကို ထွက်လာတယ်။ အဲဒီနေရာက လှမ်းကြည့်လိုက်ရင် စောစောက သစ်ပင်ကို မြင်နေရတယ်။ ဒါကြောင့် သူ့မိတ်ဆွေက ခုနကအပြုအမူကို သတိရပြီး မေးကြည့်တယ်။ သူက ပြောပါတယ်။ '' အို ဒါက ကျုပ်ရဲ့ ပြဿနာသစ်ပင်ပါပဲ။ ကျုပ်ရဲ့ အလုပ်ထဲမှာ ပြဿနာအခက်အခဲတွေရှိတာ ကျုပ်သိတယ်။ ဒါပေမယ့် အဲဒီပြဿနာတွေဟာ ကျုပ်ရဲ့ပြဿနာတွေပဲ။ ကျုပ်မိန်းမ၊ ကလေးတွေရဲ့ ပြဿနာတွေမဟုတ်ဘူး။ ဒါကြောင့် ကျုပ်အိမ်ပြန်ရောက် တဲ့အခါ ကျုပ်ရဲ့ ပြဿနာတွေအားလုံးကို အဲဒီသစ်ပင်မှာ ချိတ်ထားခဲ့တယ်။ နောက်တစ်နေ့ ကျုပ်အလုပ်သွားတဲ့အချိန်ကျမှ အဲဒါ တွေကို ပြန်သယ်ဆောင် သွားတယ်။ အထူးခြားဆုံးကိစ္စက ဒီလို။ မနက်မိုးလင်းလို့ အပြင်ထွက်လာပြီး သစ်ပင်ဆီက အဲဒါတွေကို ပြန်ယူတဲ့အခါ တချို့တွေက ထွက်ပြေး ပျောက်ဆုံးနေတယ်။ တချို့ဟာတွေကတော့ မနေ့ညက ထားခဲ့တာတွေထက် ပိုပြီး လေးလံ နေခဲ့တာပါပဲ '' (ဆရာသစ္စာနီဘာသာပြန်၊ ပေါ်လိုကိုဟိုး၏ ဒဿနစာစုများ) ဒါအဖြစ်အပျက်လေး ဖတ်ပြီးတော်တော်လေးကို စိတ်အေးချမ်းမှုဖြစ်သွားပါတယ်။ ဟုတ်ပါတယ်။ အသက်တစ်ရာ မနေရ ပေမယ့် အမှုတစ်ရာပွေရဆိုတဲ့ မြန်မာဆိုရိုးလေးအတိုင်းပါပဲ အမှုတွေ၊ ပြဿနာတွေ၊ ဒုက္ခသုက္ခတွေ၊ အလိုမကျမှုတွေကတော့ နေ့စဉ်ရက်ဆက်ဆိုသလို တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့ရင်ဆိုင်နေခဲ့ကြရပါတယ်။ ဒီတော့ ဒီဒုက္ခတွေနဲ့ နပန်းလုံးရင်း လူ့ဘဝရဲ့ ခဏတာလေးမှာ မပျော်ရွှင်ရတာတွေ၊ စိတ်ညစ်ရတာတွေနဲ့ ကုန်ဆုံးနေခဲ့ကြရပါတယ်။ ဒီတော့လည်း ဒုက္ခပေါင်းစုံရဲ့ ဒဏ်ရာဒဏ်ချက် တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရြော>ွပမ်းနေခဲ့ပြီး စိတ်ထောင်းလို့ ကိုယ်ကျေအဖြစ်တွေနဲ့ ရှင်သန်နေခဲ့ကြရပါတယ်။ ဒါပေမယ့် ပြဿနာတွေက ပြီးသွားပြီလားဆိုတော့ မပြီးတဲ့အပြင် တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ဝင်ရောက်တိုက်ခိုက်နေဆဲလည်း ဖြစ်နေပြန်ပါတယ်။ အချို့ကိစ္စတွေကတော့ စိတ်ကြောင့်အထိက ပူလောင်ရတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်တစ်လုံးဟာ အတော်လေး ကို အရေးကြီးပါတယ်။ စိတ်ကိုနိုင်ပြီဆိုရင်တော့လည်း ဒီစိတ်လေးကို ဖြည်းဖြည်းလေးတွေးကာ အကောင်းဆုံးလမ်းကြောင်းပေါ်ကို တွန်းရွေ့နိုင်ပြီး စိတ်အေးချမ်းမှုလေးတွေ ဖြစ်ရပါတယ်။ ဒါကြောင့် ကိုယ့်ဒုက္ခကို သူတစ်ပါး၊ အထူးသဖြင့်တော့ မသက်ဆိုက်တဲ့သူတွေ ဆီကို ကူးစက်မသွားရအောင် ကိုယ်တိုင်ပဲ တာဝန်ယူဖြေရှင်းသွားနိုင်ဖို့ လိုအပ်ပါတယ်။ အလုပ်ထဲမှာဖြစ်ဖြစ်၊ လမ်းသွားရင်းဖြစ်ဖြစ်၊ သဘောချင်းမတိုက်လို့ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ သို့မဟုတ် နောက်ဆုံးကိုယ်နဲ့ သဟဇာတမရှိလှတဲ့ ရန်ဘက်နဲ့ပဲဖြစ်ဖြစ် ပြဿနာတစ်ခုခု ရရှိလာပြီဆိုရင်တော့ အဲဒီပြဿနာကြီး အိမ်အထိ သယ်ဆောင်မလာဖို့ လိုပါတယ်။ တချို့က အိမ်အထိသယ်ဆောင်လာပြီး အပြစ်မရှိတဲ့ အိမ်ကလူတွေကိုအထိ ရမ်းပြီး သူတစ်ပါးကို ဒုက္ခတွေ ထပ်ပေးပြန်ပါတယ်။ တချို့ကတော့ အဲဒီလိုမဟုတ်ဘူး။ အိမ်မှာဖြစ်ခဲ့တဲ့ ပြဿနာမျိုးစုံကို အလုပ်အထိသယ်ဆောင်လာ ခဲ့ပြီး ဘာမှအပြစ်မရှိတဲ့ ဝန်ထမ်းလေးတွေအထိ ကူးစက်ပြီး မလုပ်သင့်တာတွေ၊ မပြောသင့်တာတွေနဲ့ တစ်ရုံးလုံးကူးစက်လောင် မြိုက်ကာ ဝါးလုံးရှည်နဲ့ ရမ်းတာတွေ လုပ်တတ်ပါတယ်။
ပုထုဇဉ်သဘာဝ စိတ်ဆင်းရဲစရာတွေကတော့ ခုနကပြောသလို ကြုံတွေ့နေရမှာဖြစ်သလို၊ ဒါတွေကို မပြန့်ပွားအောင် ငြှိမ်းသတ်ရမှာကိုလည်း သတိထားဆင်ခြင်သင့်ပါတယ်။ အထက်ပေါ်က လက်သမားဆရာရဲ့ စိတ်ဖြေနည်း၊ ပြဿနာဖြေရှင်းနည်း ဟာ အင်မတန်မှ ရိုးရှင်းလွယ်ကူပြီး လူတိုင်းလုပ်ဆောင်နိုင်တဲ့ အနေအထားပဲဖြစ်ပါတယ်။ တော်တော်လေးလည်း ကောင်းမွန်တဲ့ ဖြေရှင်းနည်းဖြစ်ပါတယ်။ လုံးဝမပြေသွားသော်လည်း သူ့ပြဿနာဟာ သူနဲ့ပဲဆိုင်တယ်။ အခြား အိမ်မှာကျန်ရစ်ခဲ့တဲ့ မိန်းမနဲ့ ကလေးတွေနဲ့ မဆိုင်ဘူး။ ဒါကြောင့် ဒီပြဿနာတွေကို အိမ်ထဲကို အဝင်မခံဘူး။ အိမ်ရှေ့မှာရှိတဲ့ သစ်ပင်ကြီးပေါ်ကို ချိတ်ထားခဲ့ တယ်ဆိုတဲ့ သူ့ရဲ့ လုပ်ဆောင်မှုကို တွေးကြည့်ပြီး အတော်လေးကို စိတ်အေးချမ်းမှု ဖြစ်သွားပါတယ်။ ဒါမျိုးလေးတွေကို လိုက်လုပ် ကြည့်စေချင်ပါတယ်။ ဒါဟာလည်း စိတ်ပါပဲ။ စိတ်ကြောင့်ဖြစ်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပြေလျော့စေဖို့ စိတ်နဲ့ပြန်ကုစားခြင်း ဖြစ်ပါတယ်။ နုညံ့သိမ်မွေ့လှပါတယ်။ ရိုးရှင်းလွယ်ကူလှပါတယ်။ ဒါကြောင့် သူ့ရဲ့ပြဿနာသန့်စင်နည်းလေးကိုတော့ အတုယူစေချင် ပါတယ်။ လိုက်လုပ်ကြည့်ဖို့လည်း တိုက်တွန်းလိုပါတယ်။ တချို့ဆိုရင် ဒီလိုပြဿနာမျိုးစုံကို ခါးစည်းခံရပြီဆိုရင် မဖြေရှင်းနိုင်တော့ဘဲ နောက်ဆုံး ဒီပရက်ရှင်ဆိုတဲ့ စိတ်ကျဝေဒနာ တွေအထိ ခံစားရတာတွေဖြစ်တယ်။ ဒီစိတ်ကျဝေဒနာခံစားရပြီးဆိုရင်တော့ များသောအားဖြင့် ဒီရောဂါက ဘာကိုမှ၊ ဘယ်သူ့ကိုမှ အကောင်းမြင်ချင်တာမဟုတ်တော့ဘူး။ ဆိုတော့ တွေ့တဲ့အရာဝတ္ထုတွေက သူ့ကို ချုပ်ကိုင်သလိုဖြစ်ပြီး ဒါတွေကပဲ ပိုပြီးသောကတွေ ပွားရ၊ အလိုမကျမှုတွေ ဆက်တိုက်ဖြစ်ရနဲ့ နောက်ဆုံးဒီရောဂါဝင်လာလို့ မထိန်းသိမ်းနိုင်ဘဲ ဖြစ်ချင်ရာဖြစ်ဆိုတဲ့အနေနဲ့ သတိမထား ဘဲ လွှတ်ထားလိုက်မယ်ဆိုရင်တော့ ရူးသွားနိုင်တယ်။ သို့မဟုတ်ရင်လည်း မကောင်းတဲ့ဆိုးကျိုးတွေလည်း တန်းစီပြီး လက်ခံရနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘာကိုမှအလိုမကျတော့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင်ဆိုတာကို မသိတော့ဘဲ မလုပ်သင့်တာတွေ လုပ်လိုက်မိတဲ့ အတွက်ကြောင့်။ ဒါကြောင့် ပြဿနာရဲ့ ဇစ်မြစ်ကို မြင်အောင်ကြည့်၊ သတိထားပြီး ဖြေရှင်း။ သူတစ်ပါးကို မကူးစက်ပါစေနဲ့။ ဒီနေရာမှာတော့ ပြဿနာဖြေရှင်းနည်းလေးတွေ လေ့လာဖူးတော့ ဖောက်သည်ချလိုက်ဦးမယ်။ အထူးအထွေတော့လည်း မဟုတ်ပါဘူး။ တကယ်တော့ ဒါတွေဟာ ရှိပြီးသားအချက်အလက်တွေပါပဲ ဒါပေမယ့် အခုခေတ်မှာတော့ ဒီလိုအချက်အလက်တွေကို ပညာရပ်တစ်ခုအနေနဲ့၊ သီအိုရီတစ်ခုအနေနဲ့ သင်ကြားနေကြတာဖြစ်ပါတယ်။ အဓိကကတော့ ပြဿနာသုံးချက်ဆိုပြီး သူတို့က ဆိုတယ်။ ၁။ အကြောင်းရင်း ပြဿနာ။ ၂။ အကျိုးဆက် ပြဿနာ။ ၃။ အဓိက ပြဿနာ။ ဆိုပြီး သုံးမျိုးခွဲခြားလိုက်ပါတယ်။ အဓိကပြဿနာဆိုတာ ဖြစ်ပေါ်သွားတဲ့ကိစ္စတစ်ခုမှာ လူအများ ပြောဆိုနေကြတဲ့ အကြောင်းအရာကို ဆိုလိုပါတယ်။ အဲဒါကို ဦးစားပေးအနေနဲ့လေ့လာပြီး ဖြစ်ပေါ်လာတဲ့ ဇစ်မြစ်ဖြစ်တဲ့ အကြောင်းတရားကို ခြေရာခံလိုက်။ နောက်ပြီး ဒီပြဿနာဆိုတဲ့ အကြောင်းတရားကြောင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေသလဲဆိုတဲ့ အကျိုးဆက် ပြဿနာ။ ဒီသုံးချက်ကို ဖြေရှင်းဖို့ပါပဲ။ အမှန်ကတော့ ဘုရားဟောထားခဲ့တဲ့ အကြောင်း၊ အကျိုးဆက်စပ်မှု ကွင်းဆက်ပါပဲ။ ဒါကိုပဲ ပဋိစ္စသမုပ္ပာဒ်လို့ ဟောထားပြီးဖြစ်ပါတယ်။ ဒါနဲ့ ဥပမာပေးပြောရင် နည်းနည်းရှည်နေပါလိမ့်မယ်။ သစ္စားလေးပါးနဲ့ ရှင်းပြရင် ပိုပြီးလွယ်ကူပါလိမ့်မယ်။ ဒီနေရာမှာ ဥပမာအနေနဲ့ သုံးချင်တဲ့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုမှုဆိုတာကို ပြဿနာ တစ်ခုလို့ ရှုမြင်ကြည့်ရအောင်။ ဒါက သတ်မှတ်ချက်တစ်ခုကို ပြောတာ။ နိဗ္ဗာန်ရောက်ချင်တာ၊ မျက်မှောက်ပြုချင်တာ ပြဿနာလားဆိုတဲ့ စောဒကကြီးတက်လာမှာစိုးလို့ ရှင်းအောင်ပြောပြတာပါ။ ဒီတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုခြင်းဆိုတဲ့ ပြဿနာကို သစ္စာလေးပါးဆိုတဲ့ လမ်းစဉ်နဲ့ဖြေရှင်းကြည့်ရအောင်ပေါ့။ ဒီတော့ အဓိကပြဿနာသည် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုခြင်းပေါ့။ ဒီတော့ မျက်မှောက်ပြုနိုင်ဖို့အရေး ဘာတွေလုပ်ဆောင်ရမလဲ။ ပထမဆုံး ဒုက္ခသစ္စာကို ဟောခဲ့တယ်။ ဒုက္ခသစ္စာရဲ့သဘောကတော့ အိုမှု၊ နာမှု၊ သေမှုစတဲ့ ဒုက္ခတရားတွေကို ဆင်းရဲခြင်းအဖြစ် မိမိရဲ့ Óာဏ်မျက်စိနဲ့ သိအောင်လုပ်ဖို့ပဲ။ ဒါဟာ အကြောင်းတရားတစ်ချက်။ နောက်တစ်ခုက ဒီဆင်းရဲမှုဟာ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ ဆိုပြီး ဇစ်မြစ်ကိုလိုက်ကြည့်တော့ သမုဒယဆိုတဲ့ လောဘကြောင့် ဖြစ်ပေါ်လာတယ်။ ဒါကြောင့် မဆင်းရဲချင်ရင် သမုဒယဆိုတဲ့ လောဘကို ပယ်သတ်လိုက်ဖို့ပဲ။ ဒါက ဒုတိယအကြောင်းတရားတစ်ချက်။ လိုချင်တက်မက်မှုဆိုတဲ့ တဏှာလောဘလည်း ပယ်သတ်ပြီးပြီ၊ ဆင်းရဲမှုဆိုတာတွေကို ထိုးထွင်းလို့သိပြီဆိုရင်တော့ ဒါတွေကနေ လွတ်မြောက်နေတဲ့ အရာဝတ္ထုတစ်ခုတော့ ရှိနေပြီ။ ဒီနေရာကို သွားချင်တဲ့ အဓိကပြဿနာဖြစ်တော့ ဒီအရာတွေကနေ လွတ်မြောက်အောင် ရုန်းဖို့လိုအပ်ပါလိမ့်မယ်။ ဒီနေရာကိုအရောက် သွားနိုင်အောင် မဂ္ဂင်ရှစ်ပါးဆိုတဲ့ လမ်းကြောင်းကို ချပေးခဲ့ပါတယ်။ ဒီလမ်းကြောင်းအတိုင်း မကွေ့မကောက်ဘဲ လိုက်သွားနိုင်မယ်ဆိုရင် တော့ အဓိကရောက်ချင်တဲ့ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်အောင် အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ရောက်ပြီးဆိုရင်တော့ အကျိုးဆက်အဖြစ် အေးငြိမ်းမှုဆိုတဲ့ သန္တိသုခနိုင်ငံတော်ကြီးကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ ပြဿနာတစ်ခုဖြစ်နေရင် အဓိကပြဿနာကို အရင်ဆုံးဦးစားပေးစနစ်နဲ့ လေ့လာပါ။ နောက် ဒီပြဿနာဟာ ဘာကြောင့်ဖြစ်ပေါ်လာတာလည်းဆိုတဲ့ ပြဿနာရဲ့လာရာဖြစ်တဲ့ အကြောင်းတရားကို မူလရင်းမြစ်အထိ လိုက်ပြီးလေ့လာပါ။ ဒီပြဿနာရဲ့ အကျိုးဆက်ပြဿနာကိုလည်း သိအောင်လုပ်ရပါလိမ့်မယ်။ ဒါကို မဖြေရှင်းနိုင်ရင် ဘာတွေဆက်ဖြစ်မလဲ။ ဘယ်လောက် နစ်နာမှုတွေ ရှိမလဲ။ ဘယ်သူတွေအထိ ကူးစက်သွားနိုင်သလဲဆိုတဲ့ ဆိုးကျိုးကိုလည်း အတတ်နိုင်ဆုံး လိုက်နိုင်သမျှလိုက်နိုင်အောင် စွမ်းဆောင် နိုင်ရပါလိမ့်မယ်။ ဒီလိုဖြေရှင်းတာဟာ တစ်ခုတည်းလည်းဟုတ်ချင်မှ ဟုတ်မယ်။ ဖြေရှင်းနည်းတွေအနေနဲ့လည်း များစွာရှိနေပါလိမ့်မယ်။ ခုနကပြောခဲ့တဲ့ နိဗ္ဗာန်ကိုပဲကြည့်ပါ။ တကယ်တော့ နိဗ္ဗာန်ရောက်ချင်ရင် ဝေနေယျအလိုက်ဟောထားခဲ့တဲ့ နည်းလမ်းတွေဟာ အများကြီးပါပဲ။ ကိုယ်နဲ့သင့်တော်တဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ အရောက်သွားဖို့ပါပဲ။ အထက်ပေါ်က လက်သမားရဲ့ နည်းလမ်းကတော့ သစ်ပင်ဟာသူ့ရဲ့ ပြဿနာဖြေရှင်းနည်း လမ်းစဉ်ပါပဲ။ ဒီပြဿနာတွေကို လည်း သူ့အနေနဲ့ မဆိုင်သူများအနေနဲ့ ဒုက္ခမရောက်မှုကို ဦးတည်ပြီး လှပတဲ့ဖြေရှင်းနည်းလေးနဲ့ ဖြေရှင်းသွားတာပဲဖြစ်ပါတယ်။ သူပြောတာလေးကို ပြန်ပြီးစဉ်းစားကြည့်ရအောင်။ နောက်ဆုံးသူ သုံးသပ်သွားတဲ့ အချက်အလက်လေးကို သတိထားမိလိုက်လားတော့ မသိဘူး။ တကယ်တော့ ဒါဟာ စိတ်ဓာတ်ကို မီးမောင်းထိုးပြသွားတာပါပဲ။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့စကားလေး မကြာခဏ ဆိုသလို ပြောဆိုသုံးနှုံးခဲ့ကြဖူးပါလိမ့်မယ်။ ဟုတ်ပါတယ်။ စိတ်ဟာ အရာရာကို ဖန်တီးချုပ်ကိုင်နေတဲ့ အခရာကျဆုံး အရာဖြစ်ပါတယ်။ ဒီစိတ်ကြောင့်ပဲ ပျော်ရွှင်ကြရ၊ ဒီစိတ်ကြောင့်ပဲ ဝမ်းနည်းကြရနည်း ဘဝဇာတ်ခုံအဖုံဖုံပေါ်မှာ အဖြစ်အပျက်မျိုးစုံနဲ့ နပန်းလုံးကြရင် မပြီးဆုံးသေးတဲ့ ခရီးခဲကြီးကို လက်ပစ်ကူးနေကြတာဖြစ်ပါတယ်။ လက်သမားဆရာပြောတာက- ''အထူးခြားဆုံးကိစ္စက ဒီလို။ မနက်မိုးလင်းလို့ အပြင်ထွက်လာပြီး သစ်ပင်ဆီက အဲဒါတွေကို ပြန်ယူတဲ့အခါ တချို့တွေက ထွက်ပြေး ပျောက်ဆုံးနေတယ်။ တချို့ဟာတွေကတော့ မနေ့ညက ထားခဲ့တာတွေထက် ပိုပြီး လေးလံ နေခဲ့တာပါပဲ'' ဟုတ်ပါလိမ့်မယ်။ ချိတ်ဆွဲထားခဲ့တဲ့ အခက်အခဲတွေဟာ စိတ်ပြေလက်ပျောက်နေပြီး မေ့မေ့ပျောက်ပျောက် နေခဲ့တာကြောင့်ရယ်။ တကယ်တော့ ဒါတွေဟာ ဘာမှမဟုတ်ပါဘူးဆိုတဲ့ ဖြေရှင်းနည်းတွေရယ်ကြောင့် ထွက်ပြေးပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း စိတ် ပါပဲ။ တချို့ကိစ္စတွေကတော့ ဒီလိုမေ့ဖျောက်လို့မရဘဲ တနုံ့နုံ့တွေးပြီး ဒီပြဿနာကြီး ငါဘယ်လိုဖြေရှင်းရမလဲ။ ရမှာမဟုတ်ပါဘူးကွာ။ အစွမ်းအစလည်းမရှိနိုင်ပါဘူး။ လွယ်ကူတဲ့အရာမှမဟုတ်တာ စတာတွေးလေ၊ လေးလေ၊ တွေးလေ၊ လေးလေနဲ့ မပြီးဆုံးနိုင်တော့ ဘဲ တွေးလိုက်တိုင်း လေးလံနေခဲ့တော့တာပေါ့။ ဒါဟာလည်း စိတ်ပဲမဟုတ်လား။ နောက်ဆုံးမှာချင်တာကတော့ ပြဿနာလေးကို မဆိုင်သူများထံ သယ်ဆောင်မလာဘဲ ရိုးရှင်းလှတဲ့ဖြေရှင်းနည်းလေးတွေနဲ့ အကောင်းမွန်ဆုံးဖြေရှင်းသွားနိုင်ပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။ မောင်မင်းစိုး Jabca

No comments:

Post a Comment