ငါတို့ ဟာ ရှေ့ ကလာနေတဲ့ သေခြင်းတရားဆီကို သွားနေတာလား
သေခြင်းတရားက ငါတို့ နောက်ကို ထပ်ချပ်မကွာ လိုက်လာနေတာလား
မရေရာတဲ့ ဘ၀မှာအသေအချာ စဉ်းစားကြည့်လိုက်တဲ့အခါ
(သေမင်းကို လာပ်ထိုးပြီး )ဘယ
်သူမှ ရှောင်လွှဲလို့ မရတဲ့သေခြင်းတရားမှာ
ငါတို့ ဟာ ကမ္ဘာမြေရဲ့  ခေတ္တ ခဏရောက်လာတဲ့ ဧည့်သည်တွေပါ....။
မွေးရာပါ အသားအရောင်တွေ ဘာသာတရားတွေ ကွဲချင်ကွဲမယ်...
ရှင်သန်နေထိုင်တဲ့ အရပ် ဒေသ တိုင်းပြည်တွေ လွဲချင် လွဲမယ်..
ကိုယ်ပိုင် အသိဥာဏ်များနဲ့ ရွေးချယ်ပိုင်ခွင့် ရှိခဲ့ရင်တောင်
လူသားဆိုမှတော့ လူပေါင်းမမှားခင် အချိန်ထိ
သူများမမြင်နိုင်တဲ့ မေတ္တာတရားတွေ သင့်မှာ ပိုင်ဆိုင်တယ်..။
ရှင်သန်ခြင်းကို ကောင်းမွန်စွာ အသုံးချတတ်ရင်
အတ္တအကျိုးထက် အရေးကြီးတာတွေ သင်မြင်လာလိမ့်မယ်..
ငြိမ်းချမ်းရေးအတွက် ပူပင်သောကရောက်သူတွေ သင်တွေ့ လာလိမ့်မယ်..
ရုန်းကန်လှုပ်ရှားရင်း ဒုက္ခရောက်သူတွေ သင် ပက်ပင်းတိုးလိမ့်မယ်..
လွတ်မြောက်ရေးအတွက် ချုပ်နှောင် ဖမ်းဆီးခံရသူတွေ သင်မြင်ရမယ်..။
လူပီသစွာ လွတ်လပ်ခြင်းကို သင် မကြာခဏ ဆာလောင်နေလိမ့်မယ်..။
လူပီသစွာ မျှော်လင့်ခြင်းတွေကို အားဆေးတစ်ခွက် လို သင်နေ့ တိုင်းသောက် နေမိမယ်..။
ဘ၀ဆိုတာ ပန်းချီကားချပ်လို ပုံသေမဟုတ်ဘူးဆိုတော့ကာ
ရင်ထဲမှာ ပေါက်ဖွားနေတဲ့ စိတ်ဓာတ်တွေဟာ ဒီရေလို အတက်အကျရှိတယ်..။
လမ်းတကာသွားနေတဲ့မမြင်ရတဲ့ ကံကြမ္မာဟာ တစ်ခါတစ်ခါ ဒီရေလိုပါပဲ..။
အနိမ့် အမြင့် ၊အတက်အကျ အောင်မြင်ခြင်း ၊ဆုံးရှုံးခြင်း လောကဓံတရားများ
ကျောက်ဆိုင်လို မယိုင်မလဲ စိတ်ခွန်အားများနဲ့ တည်ငြိမ်ရင့်ကျက်စွာ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ..။
မျိုးပြုန်းသစ်တောလို ချစ်ခင်သူတွေနဲ့ ခွဲခွာရလို့  သင်ကိုယ်တိုင် အသည်းနာခဲ့ရင်တောင်
ရေကာတာဆောက်ထားတဲ့ မြစ်လို မုန်းသူတွေရဲ့ လုပ်ရပ်ကြောင့် သင်ကိုယ်တိုင် နှလုံးကြေကွဲ ခဲ့ရင်တောင်
မျိုးဆက်သစ် နောင်လာနောက်သားတွေ ငါတို့ လို အဖြစ်ဆိုးတွေ မကြုံစေဖို့ 
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို ဦးစားပေးလုပ်ဆောင်ရင်း
ဆာလောင်သူကို မရှိမဲ့ ရှိမဲ့ကြားက သင်မျှဝေ ကြွေးလိုက်ပါ....
သင်ကိုယ်တိုင် နာကြင်နေရင်တောင်မှ နာကြင်နေသူကို အပြုံးနဲ့ ပြုစုပါ..
ဒဏ်ရာတွေ မေ့ဖျောက်ပြီး မိမိကိုယ် မိမိ ယုံကြည်မှုကို တည်ဆောက်ပါ..
မိမိကိုယ်မိမိ ခံယူချက်နဲ့ ထူမပြီးတဲ့ အခါ
ကံကြမ္မာ တံခါးကို အားလုံးဝိုင်းခေါက်ပြီး တွန်းဖွင့်ဖို့ တိုက်တွန်းပါ...။
ကမ္ဘာမြေကို အများကောင်းကျိုးအတွက် ပေးဆပ်ဖို့  ရောက်လာသူတွေနဲ့ 
လောကကို မိမိအတ္တအကျိုးအတွက် ရယူဖို့ ရောက်လာသူတွေကြားမှာ
ကမ္ဘာဦးက အစ ပြဿနာ ပဋိပက္ခတွေ ရှိခဲ့တယ်...။
သင်ဟာ အမှန် အမှား ခွဲခြားရင်း ၊ မှန်ကန်တဲ့ ဖက်က ရပ်တည်လိုက်တဲ့ အခါ
ဒုက္ခတွေဟာ ချိုမြန်လာတယ်....။
သောက မီးတောက်ကြားမှာ သင်ဟာငြိမ်းချမ်းခြင်းကို ရှာဖွေ တွေ့ လိမ့်မယ်.
နေ့ ရက်တွေဟာ ရွှေရောင်တောက်ပလာမယ်လို့  သင်ယုံကြည်နေလိမ့်မယ်..
အဲဒီအခါမှာ သင်ဟာ သေခြင်းကို မကြောက်မလန့် ရင်ဆိုင်ရဲလာတယ်..
သေခဲ့ရင်တောင် သင်ပျော်ရွှင်စွာ လောကကြီးကို နှုတ်ဆက်နိုင်မယ်..
ရှင်သန်ချိန်တွေမှာ သေခြင်းကိုရင်ဆိုင်ဖို့ 
သင့်ကိုယ်သင် မယုံကြည်နိုင်လောက်အောင် ပြင်ဆင်ပြီးဖြစ်နေလိမ့်မယ်..။
အောင်ခိုင်မြင့်
၀၄ နိုဝင်လာ ၂၀၁၂

No comments:
Post a Comment