Thursday 22 November 2012

သတင်းထောက်ဆိုတာ ဘာလဲ




ကင်မရာတလုံး၊ အသံဖမ်းစက်တခု၊ စာရွက်နဲ့မင်တန် တချောင်း ကိုင်ပြီး ကိုယ့်ကိုယ်ကို သတင်းထောက်ခန့်လို့ ရနေတော့ သတင်းထောက် တယောက်ဆိုတာ ဘာလဲ ဆိုတာ ရေးချင်လာပါတယ်။

ဆရာဝန်တယောက်က ဆေးမှားကုရင် ဆရာဝန်လက်မှတ် ဆုံးသွားနိုင်
ပါတယ်။ ဒီလိုပဲ ရှေ့နေတယောက်က အမှုကို လှည့်ဖျားတင်ပြခဲ့ရင် ရှေ့နေ လိုင်စင်ဆုံးရုံကမ တရားခံလုံးလုံး ဖြစ်သွားနိုင်ပါတယ်။
ဒါပေမဲ့ သတင်းသမားတယောက်ရဲ့ လုပ်ရပ်ကို ဘာနဲ့ ထိန်းချုပ်ထားသလဲ။

သတင်းသမားဆိုတာ လိုင်စင်ယူဖို့ မလိုပါဘူး။ စာမေးပွဲလည်း ဖြေစရာမလိုပါဘူး။ သတင်းလွတ်လပ်ခွင့်အောက်မှာ ဒီလို အဖွဲ့အစည်းတွေရဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို သတင်းသမားလို့ နာမယ်ခံမယ်ဆိုရင် ဒါလေးတွေတော့ သိစေချင်ပါတယ်။


သတင်းသမားတယောက်ရဲ့ ကျင့်ဝတ်ဟာ မိမိဖာသာ သတ်မှတ်ပြီး ဒီကျင့်ဝတ်ကို မိမိဖာသာ စောင့်ထိန်းရတဲ့ သဘောရှိပါတယ်။

သတင်းသမားတယောက်ကို ကုမ္ပဏီက ငှားရမ်းထားတယ် ဆိုရင် သူဟာ အဲဒီ ကုမ္ပဏီ အကျိုးစီးပွားအတွက် ချထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရပြီး အလွတ်သတင်းထောက် ဆိုရင်တော့ မိမိတဦးချင်းရဲ့ သတင်းအတွက် မိမိဖာသာ ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်ပါတယ်။

အဲဒီတော့ ဒီလောကထဲဝင်ပြီဆိုရင်၊ မိမိကိုယ် မိမိ သတင်းသမား
ဖြစ်ချင်တယ်ဆိုရင် ကိုယ်က ဘယ်လို သတင်းသမားမျိုး ဖြစ်ချင်တာလဲ ဆိုတာ ကိုယ့်ဖာသာ ဆုံးဖြတ်၊ ကိုယ့်မူကိုယ် ချမှတ်ရပါတယ်။

လူအတော်များများက သတင်းတိုက်က ကျင့်ဝတ်ကို သတင်းကျင့်ဝတ်လို့ လက်ခံ လိုက်နာကြပါတယ်။ ဒါပေမဲ့ ဒီကျင့်ဝတ်က ကုမ္ပဏီ သတင်းတိုက်ရဲ့ အကျိုးစီးပွားကို ဦးစားပေးလာတဲ့အခါ၊ မိမိကိုယ်တိုင်က လက်ခံထားတဲ့ လူ့ကျင့်ဝတ်၊ သတင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့အခါမှာ ၀ိရောဓိတွေ
ဖြစ်လာပါတယ်။ ဒါကြောင့် အလွတ်သတင်းထောက်ဆိုတာတွေ
ဖြစ်လာတာပါ။

သတင်းလွတ်လပ်ခွင့်ကို ကိုင်တွယ်ပြီး သတင်းလိုက်နေချိန်မှာ ဒီလွတ်လပ်ခွင့်နဲ့အတူ တာဝန်ကြီးကြီး ရှိလာပါတယ်။

အများလက်ခံထားတဲ့ အခြေခံကျတဲ့ သတင်းသမားကျင့်ဝတ် တချို့ကို ခေတ်အဆက်ဆက် အောင်မြင်ခဲ့တဲ့ သတင်းသမားတွေ ချမှတ်ခဲ့တာမို့ ဒီထဲကပဲ အကျဉ်းရုံး ပြောပါမယ်။

သတင်းသမားကျင့်ဝတ်အရ -

- အကြောင်းချင်းရာတခုကို အဖြစ်မှန်ကိုရှာပြီး ပြည့်ပြည့်စုံစုံ တင်ပြပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်က သိအောင် မပြတ်လေ့လာ စုံစမ်းနေပါ။ ရိုးသားစွာ၊ မျှတစွာ၊ ရဲရင့်စွာ သတင်းကို စုံစမ်းထောက်လှန်း တင်ပြပါ။
ပြောရေးဆိုခွင့် မရရှိသူတွေရဲ့ ကိုယ်စား သူတို့ ပြောချင်တာကို တင်ပြပါ။ အာဏာရှိသူတွေ လုပ်ပိုင်ခွင့်ရှိသူတွေကို တာဝန်ယူမှုပါ ရှိအောင် လုပ်ပါ။

- ထောင့်ပေါင်းစုံကနေ အကြောင်းချင်းရာတခုကို လေ့လာရာမှာ အာဏာရှိသူတွေရဲ့ သြဇာလွှမ်းမိုးမှု ကင်းလွတ်ပါစေ။ မိမိအပေါ် ယုံကြည်နိုင်မှုကို ထိခိုက်စေနိုင်မယ့်၊ မိမိရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မယ့် လုပ်ရပ်တွေ၊ အသင်းအပင်း အဖွဲ့အစည်းတွေနဲ့ ကင်းလွတ်အောင်နေပါ။

- သူတပါးအပေါ် ထိခိုက်မှုကို နဲနိုင်သမျှ နဲအောင် လုပ်ပါ။ မိမိတင်ပြတဲ့ သတင်းကြောင့် ထိခိုက် နစ်နာသွားမယ့်သူတွေ အပေါ် စာနာမှုရှိပါ။ မိမိရဲ့ သတင်းဇစ်မြစ်၊ မိမိ စုံစမ်းတဲ့ လူ၊ အဖွဲ့အစည်းနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လေးစားပါ။ အပြီးတိုင် ချေမှုန်းပစ်မယ်ဆိုတဲ့ အာဃာတမျိုး မထားပဲ လုပ်ဆောင်ရမယ်။ မိမိ ကိုယ် မိမိ မည်သူမည်ဝါ ဆိုပြီး မဟုတ်မမှန်ပြောဆိုပြီး သတင်းရယူတာမျိုး မလုပ်ရ။ လိမ်ညာပြောဆိုခြင်းမပြုရ။

-မိမိ ပါဝင်ပတ်သက်နေသော အဖွဲ့အစည်း၊ အုပ်စုအကြောင်း သတင်းတင်ပြခြင်း မပြုရ။ နိုင်ငံရေး၊ လူမှုရေး၊ လူမှုအဖွဲ့အစည်း၊ ဆန္ဒပြခြင်းမျိုးမှာ ပါဝင်လုပ်ဆောင်ခြင်း မပြုရ။ အစိုးရဖြစ်စေ၊ အစိုးရ တစိတ်တပိုင်း ဖြစ်စေ၊ လူမှုအဖွဲ့အစည်း၊ ကော်မတီ တခုခုတွင် ပါဝင်တာဝန်ထမ်းဆောင်ခြင်း မပြုရ။

- မိမိနှင့် သွေးသားတော်စပ်သူ၊ အမျိုးတော်စပ်သူ၊ မိမိနှင့် ပုဂ္ဂိုလ်ရေး အရသော်၎င်း၊ ငွေကြေးအရသော်၎င်း နီးစပ်သူများနှင့် ပတ်သက်ပြီး သတင်းတင်ပြခြင်း မပြုရ။ မိမိ၏ သတင်းထောက် ဖြစ်ခြင်းကို အသုံးချပြီး စီးပွားရေး၊ ငွေကြေးဆိုင်ရာအကျိုးအမြတ် ရယူခြင်း မပြုရ။ အခမဲ့ပေးသော အရာများကို မယူရ။

ဒါတွေကတော့ ခြုံငုံပြီး ရေးပြလိုက်တာပါ။ နောက်မှပဲ အကျယ် ရေးပါအုန်းမယ်။
အခုလောလောဆယ်တော့ သတင်းသမားတွေကိုယ်တိုင်ရော၊ ပရိသတ်တွေကပါ - သတင်းတပုဒ်ကို ဖတ်တဲ့အခါ၊ နားထောင်တဲ့အခါ၊ ထောက်လှမ်းတဲ့အခါတွေမှာ ဒီအခြေခံ စံတွေနဲ့ ဘယ်လောက် ညီ-မညီ အကဲဖြတ်ကြည့်ကြပါလို့ ပဲ ---။

သတင်းသမားဆိုတာ (၂)

ရေးရင်းနဲ့ပဲ ရေးစရာတွေ ရှိလာတော့ ရေးချင်ပြန်တယ်။ လိုသူယူ မလိုသူ မျက်နှာလွှဲထားလိုက်ကြပေတော့။

သမ္မတ ဦးသိန်းစိန်ကို သတင်းထောက်တချို့ ကန်တော့နေတဲ့ပုံ မိတ်ဆွေတယောက်ဆီက ရပါတယ်။ ဒီနေရာမှာ သတင်းထောက် တယောက်ရဲ့ မှတ်ကျောက်ကို ပို
ပြီး တင်ပေးချင်လာပါတယ်။

ပြီးခဲ့တဲ့ ပို့စ်မှာ သတင်းသမားအခြေခံ ကျင့်ဝတ်အနေနဲ့ ရေးခဲ့ရာမှာ - မိမိအပေါ် ယုံကြည်နိုင်မှုကို ထိခိုက်စေနိုင်မယ့်၊ မိမိရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မယ့် လုပ်ရပ်တွေ၊ အသင်းအပင်း အဖွဲ့အစည်းတွေနဲ့ ကင်းလွတ်အောင်နေဖို့ ဆိုတဲ့အချက်နဲ့ ဒီလို ကန်တော့တဲ့ ကိစ္စ ညှိမယ်ထင်ပါတယ်။

ဒီနေရာမှာလည်း သမ္မတရယ် ဘယ်သူရယ် မဟုတ်ပါဘူး။ ဒါက သတင်းသမားရဲ့ ဂုဏ်သမာဓိ အရေးပါ။ (သံဃာကို ကန်တော့တာက တမျိုးပါ။ ဒီကိစ္စကိုတော့ နောက်ကြုံမှပဲ ဆွေးနွေးပါမယ်)။ သတင်းသမားဆိုတာ ယုံကြည်ထိုက်သူ ဖြစ်ဖို့ လိုပါတယ်။ ကင်မရာတလုံး။ စာတရွက် မင်တန်တချောင်းနဲ့ အသံဖမ်းစက်တလုံးနဲ့ သတင်းထောက်လုပ်လို့ ရပေမဲ့ ဒီလို လုပ်တိုင်းလည်း ယုံကြည်ထိုက်တဲ့ သတင်းထောက် မဖြစ်ပါဘူး။ ဥပမာ အစိုးရသတင်းဌာနအတွက် လုပ်တဲ့သူကို ဘယ်သူကမှ တကယ့်သတင်းထောက်လို့ မမြင်သလို လေးလည်း မလေးစားပါဘူး။ လူကို မဆိုလိုပါ။ သူ့ရဲ့ အလုပ်ကို ဆိုလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူဟာ အစိုးရကို ကိုယ်စားပြုနေရလို့ ပါပဲ။ အလားတူပဲ နိုင်ငံရေး ပါတီကြီးတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေကို ကိုယ်စားပြုတဲ့ သတင်းဌာနဟာ အဲဒီသူတွေကိုပဲ ကိုယ်စားပြုတဲ့အတွက် သူတို့ရဲ့ ရပ်တည်ချက်ဟာ မလွတ်လပ်ပါဘူး။ ဒါဟာ နိုင်ငံတကာ သတင်းလောကမှာ ဖြစ်နေတဲ့ အခြေအနေတွေဖြစ်ပြီးတော့ မြန်မာတခုထဲကို ရည်ရွယ်ပြောဆိုနေတာ မဟုတ်ပါဘူး။

ဒါကြောင့် သတင်းသမားဟာ နာမယ်တလုံး အရေးကြီးပါတယ်။ နာမယ်ကြီးတိုင်း နာမယ်ကောင်းတာ မဟုတ်သလို နာမယ်ကောင်းတိုင်း နေရာကောင်းမရနိုင်တာလည်း ရှိပါတယ်။ ဒီတော့ သတင်းထောက်ကောင်း သတင်းသမားကောင်း ဖြစ်ချင်ရင် မိမိဖာသာ စည်းမျဥ်း စည်းကမ်းထားပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် နေရ ပြုမူရ ဆင်ခြင်ရပါမယ်။ သိက္ခာရှိဖို့လိုပါတယ်။ သမာဓိရှိဖို့ လိုပါတယ်။ အရည်အချင်းရှိဖို့ လိုပါတယ်။ ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ဇွဲရှိမှု၊ အမှန်တရားကို လိုလားမှု - ဒါတွေရှိဖို့ လိုပါတယ်။ တကယ့် လွတ်လပ်တဲ့ သတင်းသမားကောင်း ဖြစ်ချင်ရင်တော့ ဒီအချက်တွေက အရေးကြီးပါတယ်။ နာမယ်ခံ သတင်းသမား လုပ်ချင်ရင်လည်း ထိုသူတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။

မြန်မာတွေရဲ့ ယဉ်ကျေးမှုအရ ကြီးသူကို ရိုသေလေးစားတာ ကောင်းတဲ့ ဓလေ့ပါ။ ဒါပေမဲ့ သတင်းသမားတွေ အနေနဲ့ အားနာလို့ မရပါဘူး။ လူမြင်ကောင်းအောင် ရောပြီးလိုက်လုပ်လို့ မရပါဘူး။ သူများယောင်လို့ လိုက်ယောင်တာ မဖြစ်ရပါဘူး။ ကိုယ်ကိုယ်တိုင်က မခိုင်မာ မပြတ်သားပဲနဲ့ ကိုယ်ထောက်လှမ်းမဲ့ သတင်းက ဘယ်လို ခိုင်မာ ပြတ်သားနိုင်မလဲဆိုတာ စဉ်းစားရပါလိမ့်မယ်။ ဒီလို အားနာစိတ်တွေနဲ့ ကိုယ်မြင်တာ ယုံကြည်တာကို မတင်ပြနိုင်ရင် ကိုယ့်သတင်းဟာ တန်ဖိုးမရှိပါဘူး။ ကိုယ့်ပရိသတ်ကိုလည်း သစ္စာဖောက်ရာကျပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ရှည်လများ အမြစ်တွယ်လာခဲ့တဲ့ self censorship ဆိုတဲ့ ကိုယ်တိုင်ဖြတ်တောက် ထိမ်းချုပ်ရေး အစဉ်အလာထဲ ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ အချိန်ကတော့ လိုနေနိုင်ပါတယ်။

သတင်းကိစ္စနဲ့ တွေ့တာမဟုတ်ကြဘူးဆိုရင်၊ အနားမှာ တခြားသူတွေ မရှိဘူးဆိုရင် ကိုယ့်မိတ်ဆွေ သူငယ်ချင်းကို နင်နင်ငါငါ ခေါ်နိုင်ပြောနိုင်ပေမဲ့ သတင်းယူမယ့် အနေအထားကို ရောက်လာရင် အဘ လည်း မခေါ်သင့်သလို အမ လည်း မခေါ်သင့်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က အဲဒီအချိန်မှာ ပရိသတ်ကို ကိုယ်စားပြုပြီး မေးနေလို့ပါ။ ကိုယ့်ပရိသတ်မှာ အရွယ်စုံ အဆင့်စုံ လူမျိုးစုံပါနေတဲ့အတွက် သူတို့ကို ကိုယ်စားပြုပြီး မေးရမှာပါ။

သတင်းထောက်ဟာ ကြားခံပဲ ဖြစ်ရပါမယ်။ ကိုယ်က ကိုအ၀ှါ မအ၀ှါ ဆိုတာ အရေးမကြီးတော့ဘဲ ကိုယ်မေးတဲ့ မေးခွန်း၊ ကိုယ့်ရဲ့ စိတ်ဝင်စားမှု၊ ကိုယ်ရဲ့ ဒီကိစ္စရပ်အပေါ် လေ့လာ သိကြွမ်းနားလည်မှု၊ ကိုယ့်စေတနာ၊ ကိုယ့်ရဲ့ သတင်းထောက် ပညာ - ဒါတွေကသာ အရေးပါ ပါတယ်။

အခုနက ကိစ္စကို ပြန်ကောက်ရရင် သမ္မတကို ကန်တော့နေတဲ့ သတင်းထောက်တွေဟာ သမ္မတကို တကယ်တန်း မေးခွန်းမေးတဲ့အခါမှာ
လေးစားလွန်းတဲ့အတွက် တကယ်တန်းပြည်သူတွေက သိချင်တဲ့ သိသင့်တဲ့ မေးခွန်းတွေကို ကိုယ်စားပြုပြီး မေးဖို့၊ သမ္မတရဲ့ အဖြေကို မကျေနပ်ရင် အားမရရင် ပြန်မေးဖို့ဆိုတဲ့ အနေအထား ရှိနိုင်ပါအုန်းမလား။ သူတို့ကိုရော ဘယ်သူက လွတ်လပ်တဲ့ သတင်းထောက်လို့ လက်ခံနိုင်မလဲ။

ဒီနေရာမှာ အဲဒီသတင်းထောက်ရဲ့ မှတ်ကျောက်တရစ်ကို တွေ့နေရပါပြီ။
မြန်မာပြည်မှာ သတင်းထောက်ပညာနဲ့ အတွေ့အကြုံ လစ်ဟင်းနေခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ မနေ့တနေ့ကမှ ပြန်ပြီး အစပြုလာတဲ့ သတင်းလောကမှာ ဒီလို အမှားတွေကတော့ တွေ့နေရအုန်းမှာပါပဲ။

သတင်းသမားကို ကျောင်းကနေ မွေးထုတ်ပေးလိုက်လို့ မရပါဘူး။
ကျောင်းက သင်ခန်းစာကို လက်တွေ့ကျင့်သုံးရင်း အမှားတွေ တလှေကြီးထဲကနေ သင်ယူရင်း၊ သင်ဆရာ မြင်ဆရာတွေဆီကနေ ဆည်းပူးရင်းနဲ့ မိမိကိုယ်မိမိ ပျိုးထောင်ယူရတာပါ။ ဒီအမှားတခုကို နမူနာယူဖြစ်ပါစေလို့ပဲ ဆန္ဒပြုပါတယ်။ သတင်းသမားတယောက်ဟာ ကိုယ်က ဘယ်သူ့ကို ကိုယ်စားပြုသလဲဆိုတဲ့ မေးခွန်းကိုပဲ အပြန်ပြန် အလှန်လှန် ပြန်မေးနေဖို့ လိုမယ်လို့ ယူဆကြောင်းပါ။ (M)


(Burma-Newselite)

No comments:

Post a Comment