Friday 2 November 2012

သံသယဖြစ်ဖွယ် ဖုံးကွယ်ထားသည့်အလား ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးမှု


 

by The Season News on Friday, November 2, 2012 at 1:19am ·

၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရ

ီခွဲခန့်တွင် မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ ဒဂုံတက္ကသိုလ်ကျောင်းသို့လိုက်လံ၍ သူငယ်ချင်းဖြစ်သူများထံ စုံစမ်းမေးမြန်းရာ စနေ့နေ့ ၃နာရီရထားဖြင့် ရန်ကုန်ဘက်သို့ပြန်လာကြောင်း သူငယ်ချင်းများထံမှ ကြားသိခဲ့ရ သည်။ ထိသို့ကြားသိခဲ့ရသည့်အပေါ် အမဖြစ်သူ မခိုင်သဇင်မိုးမှ တံတားလေးဘူတာရုံပိုင်ထံ သွားရောက်မေးမြန်းခဲ့သည်။တံတားလေးဘူတာအနီးတွင် ၂၇.၁၀.၂၀၁၂ ရက်နေ့ကယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ
ရုံပိုင်မှလည်း ဖြစ်သွားခဲ့သည်ကိုသာသိရှိပြီး သေသေချာချာ သိရှိခြင်း မရှိကြောင်း သိခဲ့ရသည်။ ထိုသို့ ဖြစ်ပွားသွားခြင်း နှင့် ပတ်သက်ပြီး မှုခင်းမှတ်တမ်း လာရောက်ရယူသွားသော ရဲစခန်းအား မေးမြန်းကြည့်ရာ မြောက်က္ကလာ မြရတနာ ရဲစခန်းမှ ဓာတ်ပုံမှတ်တမ်း လာရောက်ရယူသွားသည်ဟု သိရှိရသဖြင့် သွားရောက်မေးမြန်းရာ သူ့ထံတွင် ပါလာသော ဓာတ်ပုံနှင့် ရဲစခန်းမှ မှတ်တမ်းဓာတ်ပုံကို ဖခင်ဖြစ်သူမှ တိုက်ဆိုင်ကြည့်ရာ မှန်ကန်နေကြောင်း တွေ့ရှိရပြီး မည်သို့ စီမံဆောင်ရွက်ထားပုံကို မေးမြန်းရာ ပိုင်ရှင်မဲ့ အနေဖြင့် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိခဲ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားခဲ့ပုံကြောင်းအရာနှင့် ပတ်သက်၍ သေဆုံးသူ၏ အမဖြစ်သူ မခိုင်သဇင်မိုးမှ ရှင်းလင်း သူ၏ မောင်လေး၏ လွယ်အိတ်အတွင်း ဆက်သွယ်ရန် လိပ်စာများ ပါရှိသော်လည်း ပိုင်ရှင်မဲ့အနေဖြင့် သုဿာန်သို့ ပို့ဆောင်လိုက်ခြင်းကြောင်း မိသားစုအနေဖြင့် မည်မျှခံစားရပုံကို ` မောင်လေးက ၂၇ ရက် စနေနေ့ ၁၀နာရီခွဲလောက်ကတည်းက ထွက်သွားလိုက်ကတည်း ကအိမ်ကို ပြန်မရောက်လာတာပါ။ မင်္ဂလာဒုံက သူ့သူငယ်ချင်းအိမ်ကို စာသွားလုပ်မယ်လို့ ပြောတယ်။ အဲဒီနေ့ညကတော့ ကျွန်မတို့က လိုက်မရှာသေးဘူး။ မောင်လေးက တစ်ခါတစ်လေ အိမ်ပြန်နောက်ကျတတ်တယ်။ အသက် ၂၀ ကျော် အရွယ်ဆိုတော့လည်း သူငယ်ချင်းတွေနဲ့ သွားတာလာတာရှိတယ်။ ဘယ်ကိုမှတော့ ဟိုဟိုဒီဒီမသွားဘူး။ ညအိပ်ညနေလည်း မနေဘူး။ တနင်္ဂနွေနေ့ ပြန်လာလို ပြန်လာငြား စောင့်သေးပေမယ့် ပြန်မလာတော့ အဖေနဲ့ ညီမလေး က ကျောင်းကိုလိုက်သွားပြီး စာမေးပွဲဖြေနေတဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုမေးတယ်။ စနေနေ့ ကတည်းက မင်္ဂလာဒုံကနေ ရန်ကုန်ဘက်သွားတဲ့ ၃ နာရီ ရထားနဲ့ တင်ပေးလိုက်တယ်တဲ့။ သူတို့ဆီကတော့ အဲဒီလောက်ပဲ သိရတော့တယ်။ အဲဒီနေ့မှာတော့ သူသွားတတ်၊ လာတတ်တဲ့ အိမ်လေးတွေကိုပဲ သွားစုံစမ်းတယ်။ အင်္ဂါနေ့မှာတော့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး တံတားလေး နေ့ဈေး ဘူတာဘက်သွားစုံစမ်းမိတယ်။ အဲဒါကလည်း စနေ့နေ့က ယဉ်တိုက်မှု ဖြစ်တယ်ဆိုတဲ့ အသံလေး ကြားလို့။ ကျွန်မမောင်လေးကလည်း အဲဒီနေ့က ပျောက်သွားတယ်ဆိုတော့ ဖြစ်လို့ဖြစ်ငြား သွားစုံစမ်းတာပါ။ ရုံပိုင် ကြီးကို မေးကြည့်တော့ ဖြစ်တာတော့ ဟုတ်တယ်။ သူ့မှာ သက်သေဘာမှ မရှိဘူး။ သေသေချာချာ မမှတ်မိလိုက်ဘူး။ လွယ်အိတ်လေးတစ်လုံးပါတာကိုတော့ သူပြောတယ်။ အမှုပိုင်းဆိုင်ရာ လုပ်တဲ့သူရှိလားလို့ မေးတော့ ရဲစခန်းက ဓာတ်ပုံလာရိုက်သွားတယ်တဲ့။ မြောက်ဥက္ကလာ မြရတာရဲစခန်းက မှုခင်းမှုရာ အကုန်ယူသွားတယ်ဆိုလို့ လိုက်သွားတယ်။ စခန်းမှူးမရှိဘူးဆိုလို့ ဒုရဲအုပ်နဲ့ တွေ့ခွင့်ရတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ သမီးကို တစ်ခုလောက် အကူအညီပေးပါဆိုပြီး အကူအညီတောင်းကြည့်တယ်။ ၂၇ ရက် စနေနေ့က တံတားလေး မှာတိုက်သွားတဲ့ ယာဉ်တိုက်မှုမှာ အတိုက်ခံရသူဟာ ကျွန်မမောင်လေးကလည်း ပျောက်နေတဲ့အတွက် တူလို့ တူငြား ပြပေးပါဆိုတော့ သမီးမှာ ပါလာတဲ့ပုံနဲ့ သူတို့ Photo စွဲထားတာကို ပြတယ်။ ကျွန်မက မယုံကြည်သေးဘူး။ အဖေ့ကို လှမ်းခေါ်တော့ အဖေက သူ့သားဆိုတာကို ပြောတာ။ မောင်လေးမှာ လွယ်အိတ် ပါတယ်လို့။ သူတို့က ဗကဗ ဘာညာလျှောက်ပြောတော့ ကျွန်မက မဟုတ်ဘူးလို့ ဂျင်းသားအညိုရောင်လေးလို့။ အဲဒီအိတ်ကို အဲဒီဒုရဲအုပ်ကိုယ်တိုင် ထုတ်ပြတယ်။ အဲဒီအထဲမှာ ကျောင်းသားကဒ် ပါတယ်။ ကဒ်မှာ အိမ်လိပ်စာ အပြည့်အစုံလည်း ပါတယ်။ စာအုပ်က မဟာစာအုပ်။ ကျွန်မတို့ရုံးက ထုတ်ပေးထားတဲ့ စာအုပ်လေးလဲ ပါတယ်။ နောက်ကျောမှာ လင်းအောင် ဖုန်းနံပါတ်ရယ် ။ တခြားသူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းနံပါတ်ရယ် ကျွန်မဖုန်းနံပါတ်ပါ ရေးထားတယ်။ အဲဒါတွေကို မဆက်သွယ်ဘဲနဲ့ ကျွန်မတို့တွေ့မှ ဒါဟုတ်လား။ ဟုတ်ရင် ရင်ခွဲရုံမှာ ဆိုတော့ ဖေကြီးက သွားကြည့်တယ်။ မောင်လေးဟုတ်တယ်။ ပိုင်ရှင်မဲ့ဆိုပြီး သူတို့က လုပ်ထားတယ်။´ လို့ ပြောပါတယ်။

ဒီလိုဆက်သွယ်လို့ ရတဲ့ဖုန်းနံပတ်တွေ လိပ်စာတွေ ပါတာကို ပိုင်ရှင်မဲ့ပုံစံ လုပ်ထားရခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ပါသလားလို့ မခိုင်သဇင်မိုးအား ထပ်မံမေးမြန်းမိရာ `အမှုအခင်းဖြစ်တဲ့ နေရာမှာ စခန်းမှူးကိုယ်တိုင် စစ်ဆေးပါတယ်လို့ ပြောတယ်။ လွယ်အိတ်ကို သွန်ချတဲ့အခါမှာ ကျောင်းသားကဒ်က ပထနှစ်က ကဒ်နဲ့ ဒီနှစ်ကဒ် နှစ်ကဒ်ရှိတယ်။ ဒါတောင် စခန်းမှူးက မသိဘူးလား။ စခန်းမှူးဆိုတာ ကျွန်မတို့ သိသလောက်တော့ စခန်းမှာ အကြီးဆုံးပဲလေ။ထိုနေ့က ရှာဖွေတွေ့ရှိခြင်းမရှိဘူးလို့ပြောတယ်´ဟု ပြန်လည်ဖြေကြားပါတယ်။

၎င်းတို့၏ မောင်လေးကို သေဆုံးပြီး ၄ ရက်အကြာ ၃၀.၁၀.၂၀၁၂ ရက်နေ့ကမှ သိရှိခွင့်ရခဲ့ပြီး ၃၁.၁၀.၂၀၁၂ ရက်နေ့တွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။ ထိုနေ့က သေဆုံးသူ၏ ရုပ်ကလပ်ကို မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးမှ ဓာတ်ပုံမှတ်တမ်း ရိုက်ယူထားရာ နဖူးတွင် ရိုက်နှက်ဒဏ်ရာဟု ယူဆရသော ဒဏ်ရာကို အထင်အရှားတွေ့မြင်ရသည်။ ထိုသို့မိသားစုမှ စုံစမ်းသိရှိပြီးကာမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ကြော်ငြာပုံသဏ္ဍာန်ဖြင့် ဘူတာရုံတွင် လာကပ်သော ဓာတ်ပုံမှတ်တမ်းတွင် နဖူးပေါ်တွင် ဒဏ်ရာဒဏ်ချက်မပေါ်ဘဲ ဖြစ်နေသည့်အပေါ် သေဆုံးသူကျောင်းသား၏ ဖခင်မှ ၎င်း၏ သား သေဆုံးမှုမှာ ရိုးရိုးသားသား မဖြစ်နိုင်ကြောင်း သံသယဖြစ်ဖွယ်ယူဆမိသည်။

သေဆုံးပြီး တိုက်ရိုက်ဆက်သွယ်ပြောကြားခြင်း မရှိသည့်အပြင် ဓာတ်ပုံမှတ်တမ်း နှစ်ခုမှာ ကွဲလွဲနေသည့်အပေါ် ၎င်းတို့အနေဖြင့် ဆုံးရှုံးခဲ့ပြီးဖြစ်သော သား/မောင်အတွက် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်သော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သေသေချာချာ သိရှိရခြင်းမရှိဘဲ အမျိုးမျိုးပြောဆိုနေခြင်းအပေါ် သံသယဖြစ်နေကြရခြင်း ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ `သဂြိုလ်တဲ့နေရကဒုရဲအုပ်အောင်မြင့်ဦး အဖေ့ကို လွယ်အိတ်ပြန်ပေးမယ်လို့ ကတိပေးတယ်။ ကျွန်မကို အဖေယူခိုင်းလို့ သွားယူတော့ စခန်းမှူး ဦးညီညီလွင်က တရားဖြေရှင်းဖို့လိုအပ်တဲ့အတွက် မပေးနိုင်ပါဘူးလို့ ပြောတယ်။ ကျွန်မတို့လည်း နားမလည်ဘူး။ မောင်လေးရဲ့ ပစ္စလေးတွေကို ကြည့်ချင်ပါသေးတယ်ဆိုတော့ စခန်းမှူးကိုယ်တိုင်ပဲ အိတ်ထဲကနေ သွန်ပြတယ်။ စာအုပ်နဲ့ ကျောင်းသားကဒ်က သက်သက် လွယ်အိတ်ကိုခေါက်ထားတယ်။ မောင်လေးမှာ ပါသွားတဲ့လက်စွပ်ကတော့ မရှိတော့ဘူး။ ´လို့ ပြောပါတယ်။



လက်စွပ်မှာ မောင်းကွင်းလေးသာ ဖြစ်ပြီး တန်ဖိုးမများလှကြောင်း တပ်မတော် အငြိမ်းစား ဖခင်ဖြစ်သူ ကရှင်းပြပါတယ်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရတပ်ဖွဲ့ဝင်များက မည်သို့ရှင်းပြကြောင်း မေးမြန်းကြည့်ရာ ` တမျိုးစီပြောကြတယ်။ ဘူတာပိုင်က ပြောတော့ သေသွားသူက ခြေထောက်ကြီး နှစ်ချောင်းက ထောင်နေတာတဲ့။ ရဲစခန်းရောက်သွားတော့ စခန်းမှူးက ပြောတော့ ရထားမောင်းတဲ့သူက ပြေးသွားတာကို မြင်တယ်တဲ့။ အမျိုးမျိုးပြောကြပါတယ်။ အခုချိန်အထိတော့ အမှန်တရားမသိသေးပါဘူး။´လို့ ရှင်းပြပါတယ်။

ဒီလိုကိစ္စမျိုးမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကူညီပါရစေဟု ပြောဆိုထားချက်နှင့်အညီ သေဆုံးသူတွင် ဆက်သွယ်ရန် လိပ်စာများ ၊ ဖုန်းနံပါတ်များ ပါရှိနေသည်ကို မဆက်သွယ်ဘဲ ပိုင်ရှင်မဲ့ ဆောင်ရွက်ခဲ့ခြင်း အပေါ်လည်း ၎င်းတို့၏ သားအနေဖြင့် ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့အပေါ်မှာ မည်သူ့ကိုမှ ၀န်ထုပ်ဝန်ပိုးမဖြစ်စေချင်သော်လည်း ထိုသို့လုပ်ကိုင်ဆောင်ရွက်ရန် မသင့်ကြောင်း ပြောဆိုလာကြပါတယ်။ ရဲတပ်ဖွဲ့မှ ကြော်ငြာကပ်မည့် ဓာတ်ပုံမှတ်တမ်းတွင် သေဆုံးသူ မောင်ငြိမ်းဇံဖြိုး၏ နဖူးပြင်ပေါ်က ဒဏ်ရာကို မတွေ့ရှိရဘဲ သဂြိုလ်သည့်နေ့က မိသားစုဝင်များ ရိုက်ကူးရရှိခဲ့သော ဓာတ်ပုံတွင် နဖူးပြင်ပေါ်၌ ရိုက်နှက် ဒဏ်ရာသဖွယ် တွေ့မြင်ရခြင်းအပေါ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မီးရထားတိုက် သေဆုံးဟု ဆိုထားသော်လည်း ၎င်းတို့အနေဖြင့် အခြေအနေမှန်ကို လုံးဝသိရှိရခြင်း မရှိသည့်အပေါ် ယူကြုံးမရ ဖြစ်နေကြရသည်။ ပိုင်ရှင်မဲ့ ကြော်ငြာကိုလည်း သွားရောက်စုံစမ်း သိရှိပြီးကာမှ ဘူတာရုံတွင် လာကပ်ကြောင်း သိရသည်။



The Season News
ကိုဝင်းနိုင် ပေးပို့ ထားတင်ဆက်ထားပါတယ်။

No comments:

Post a Comment