Wednesday 28 November 2012

အီဂျစ်မှာ ပြည်သူ နှစ်သိန်းကျော် ရွေးကောက်ခံ အစ္စလမ် သမ္မတကို ကန့်ကွက် ဆန္ဒပြ




၂၇-၁၁-၂ဝ၁၂ နေ့ ကိုင်ရိုမြို့လည်ခေါင် တာရီယာ (Tahrir) ကွက်လပ်မှာ ပြည်သူ နှစ်သိန်းကျော် စုရုံးကန့်ကွက် ဆန္ဒပြနေပုံ

အီဂျစ်မှာ ပြည်သူ နှစ်သိန်းကျော် ရွေးကောက်ခံ အစ္စလမ် သမ္မတကို ကန့်ကွက် ဆန္ဒပြ

မနှစ်က “အာရပ်နွေဦး” ဆိုပြီး တနိုင်ငံ ပြိုလဲရင် အနားကနိုင်ငံတွေ အကုန်လိုက် ပြိုလဲတဲ့ ဒိုမီနို သီအိုရီအတိုင်း အာဖရိကမြောက်ဘက် အာဏာရှင် နိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့ပါတယ်။ အီဂျစ်၊ တူနီးရှား၊ လစ်ဗျားနိုင်ငံက ပြည်သူတွေဟာ အာဏာရှင်စနစ်ရဲ့ ဒဏ်ကို နှစ်ရှည်လများ ခံစားနေရတဲ့ဘဝမှ လွတ်မြောက်ခဲ့ကြပါတယ်။ ဝမ်းသာစရာပါ။ ပြည်သူတွေအတွက် မသင့်တော်တဲ့ နိုင်ငံရေးစနစ်ကို ဖြိုဖျက်နိုင်ကြလို့ ကမ္ဘာ့နိုင်ငံတွေကလည်း အားပေးကြပါတယ်။ တချို့နိုင်ငံတွေကတော့ သတိထားပြီး “မူအရ” အားပေးကြပါတယ်။


ဒါပေမယ့် မြန်မာစကားပုံတခုဖြစ်တဲ့ “ကျားကြောက်လို့ ရှင်ကြီးကိုး.. ရှင်ကြီးကျားထက်ဆိုး” ဆိုတဲ့အတိုင်း အီဂျစ်နိုင်ငံမှာ ဖြစ်ပျက်လာပါတော့တယ်။ မနှစ်က နွေဦးမှာ အာဏာရှင် ဟိုစနီ မူဘာရတ် နှုတ်ထွက်ပေးဖို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် တာရီယာ (Tahrir) ကွက်လပ်ကြီးမှာ လူသိန်းပေါင်းများစွာက တောင်းဆိုကြပါတယ်။ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းဖို့ အာဏာရှင်ကြီးက နောက်ကွယ်ကနေ အမိန့်ပေးပါတယ်။ ပြည်သူတွေ သွေးမြေကျတော့ ပိုပြီး အုံကြွလာပါတော့တယ်။ မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ ရှိခဲ့ဖူးတဲ့ “ဖိရင်ကြွ” ဆိုတဲ့အတိုင်းပါပဲ။

နောက်ဆုံးတော့ အာဏာရှင်ကြီးဟာ လက်လျှော့အရှုံးပေးလိုက်ပြီး ရာထူးက နှုတ်ထွက်ပေးလိုက်ရပါတယ်။ ပြည်သူတွေ အောင်ပွဲခံသွားပါတော့တယ်။ ထုံးစံအတိုင်း ရွေးကောက်ပွဲတွေ လုပ်ပေးတော့ အာဏာရှင်စနစ်မှာ အစဉ်အဆက် မတရားအသင်း ကြေညာခံနေရတဲ့ မူဆလင် ညီအကိုအဖွဲ့ (Muslim Brotherhood) က နေရာအများစုမှာ အနိုင်ရတဲ့အပြင် သမ္မတ ရွေးကောက်ပွဲမှာလည်း ထပ်ဆင့် အနိုင်ရရှိခဲ့ပါတယ်။

ဒါကတော့ သူတို့ဟာ မတရားသင်း ကြေညာခံထားရချိန်မှာ နိုင်ငံရေးအရ လိုအပ်ချက်တွေကို စနစ်တကျ လေ့လာလေ့ကျင့်ထားခဲ့လို့ ဖြစ်ပါတယ်။ သမ္မတအဖြစ် မူဆလင်ညီအကို အဖွဲ့က မိုဟာမက် မွာစီ (Mohammed Morsi) ဖြစ်လာပါတယ်။


အီဂျစ်သမ္မတ မွာစီ (Mohammed Morsi)

မနေ့က (၂၇-၁၁-၂ဝ၁၂) နေ့မှာတော့ အီဂျစ်ပြည်သူ အနည်းဆုံး နှစ်သိန်းကျော်ဟာ သူတို့ မနှစ်က အာဏာရှင် တိုက်ဖျက်ရေး ကြွေးကြော် ဆန္ဒပြခဲ့တဲ့ တာရီယာ ကွက်လပ်မှာ ပြန်လည်စုရုံးပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပြန်ပါတယ်။ နှစ်သိန်း ဆိုတဲ့ လူအင်အားဟာ ကြီးမားလှပါတယ်။ တိုင်းပြည်တခုရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်တဲ့ အရေအတွက် ဖြစ်ပါတယ်။

ဒီတခါ ကန့်ကွက် ဆန္ဒပြခံရသူက လက်ရှိ သမ္မတ မွာစီပါ။ မနှစ်က ဒီနေရာမှာ သမ္မတရာထူးက ဆင်းပေးဖို့ သူကိုယ်တိုင် ပြည်သူတွေကြားထဲမှာ ကြွေးကြော်ခဲ့တဲ့အတိုင်း အခုတခါ သူ့ကို ပြည်သူတွေက ပြန်လည် တောင်းဆိုနေကြပါပြီ။ နေရာဟောင်းမှာ ကြွေးကြော်သံဟောင်းကို တိုင်တည်ခံရတာ ဖြစ်ပါတယ်။ အခု နောက်ဆုံးအချိန်ထိတော့ အကြီးမားဆုံး လူထုစိန်ခေါ်မှု ဖြစ်နေပါတယ်။

ဘာကြောင့်များ သမ္မတ တဦးဟာ ရာထူးက နှုတ်ထွက်ပေးဖို့ ပြည်သူတွေက တောင်းဆိုရပါသလဲ... အရှင်းဆုံးအဖြေကတော့ သမ္မတ အရည်အချင်းနဲ့ မကိုက်ညီလို့ပါပဲ။ သမ္မတဟာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း မဟုတ်ဘဲ သူနဲ့ သူ့အဖွဲ့ရဲ့ ဆန္ဒအတိုင်း တိုင်းပြည်ကို ပုံသွင်းဖို့ တဆင့်ပြီးတဆင့် ကြိုးပမ်းလာတာကြောင့် ဖြစ်ပါတယ်။ ဒီမိုကရေစီ အစဉ်အလာ နည်းလမ်းတွေကို မကျင့်သုံးဘဲ သွေဖည်လာလို့ ဖြစ်ပါတယ်။

နည်းနည်းလေး ထပ်ရှင်းပါဦးမယ်။ ပြည်သူတွေက သမ္မတကို ရာထူးနှုတ်ထွက်ပေးဖို့ တောင်းဆိုလာရတဲ့ အဓိကအကြောင်းရင်းကတော့ သမ္မတ မွာစီဟာ နိုင်ငံရေးစနစ်မှာ အစ္စလမ်ဘာသာရေးကို သွတ်သွင်းဖို့ တဆင့်ပြီးတဆင့် ကြိုးပမ်းလာနေလို့ ဖြစ်ပါတယ်။ ဒါကို လူထုက ရိပ်မိသွားပါတယ်။ အီဂျစ်လူထုသဘောကတော့ နိုင်ငံရေးသည် နိုင်ငံရေး၊ ဘာသာရေးသည် ဘာသာရေးလို့ပဲ ရှုမြင် လက်ခံတာ ဖြစ်ပါတယ်။ ဒီမိုကရေစီဟာ သူတို့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ စီးပွားရေး ပြဿနာ၊ ဖိနှိပ်ခံရမှု ပြဿနာတွေကို ဖြေရှင်းပေးနိုင်ကြမယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။ သူတို့ရဲ့ ဘဝလုံခြုံရေးကို ကောင်းမွန်စေလိမ့်မယ်လို့လည်း တွေးပြီး ပျော်နေခဲ့ကြပါတယ်။

လက်တွေ့မှာတော့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ နောက်ထပ် ပိုဆိုးလာတာကတော့ သမ္မတ မွာစီဟာ အီဂျစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလအတွက် သူ့ကို ဘယ်သူကမှ၊ ဘယ်ဥပဒေကမှ၊ ဘယ်လို တရားရေးမျိုးကမှ စွက်ဖက် ဟန့်တားနိုင်ခြင်း မရှိတဲ့ လုပ်ပိုင်ခွင့် အာဏာကို ပေးပါလို့ တောင်းဆိုလာတာပဲ ဖြစ်ပါတယ်။ ဒီလိုအာဏာမျိုးဆိုတာ အကြွင်းမဲ့ ချုပ်ကိုင်လွှမ်းမိုးတဲ့ အာဏာ ဖြစ်မှန်း ပြည်သူတွေက အရင် အတွေ့အကြုံတွေအရ ချက်ချင်း သိလိုက်ကြပါတယ်။ ဒီအခါ ပြည်သူတွေ ယမ်းပုံမီးကျ ပေါက်ကွဲပါတော့တယ်။

ပြည်သူတွေဟာ အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဒီမိုကရေစီ နည်းလမ်းအတိုင်း ခေါင်းဆောင်သစ် တင်ပေးလိုက်နိုင်ပေမယ့် တနှစ်ကျော်အကြာမှာ ခေါင်းဆောင်သစ်ရဲ့ မျက်နှာဖုံး ကွာကျသွားပါတယ်။ သမ္မတသစ်က ဇာတိပြလာပါပြီ။ သူဟာ နောက်ထပ် အာဏာရှင် ဖြစ်နေမှန်း ပြည်သူတွေ သိလာကြပါတယ်။ ပြည်သူတွေ လိုချင်တာက ဒီမိုကရေစီ.. ပုံသွင်းဖို့ ဖြစ်လာတာက အစ္စလမ် ဘာသာရေးကို အခြေပြုမယ့် နိုင်ငံသစ် ဖြစ်နေပါတယ်။ ပိုဆိုးတာက အဲဒီအချက်ပါပဲ။

ရှင်ကြီး ကျားထက်ဆိုးလာတော့မှာကို မြင်တတ်တဲ့ အီဂျစ်ပြည်သူတွေရဲ့ အမြော်အမြင်နဲ့ ရင်ဆိုင်ဖယ်ရှားရဲတဲ့ သတ္တိကို ချီးကျူးဂုဏ်ပြုရင်း လူထုအောင်ပွဲ ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

လွင်အောင်စိုး
၂၈-၁၁-၂ဝ၁၂

Ref. - http://baynews9.com/content/news/baynews9/news/article.html/content/news/articles/ap/2012/11/27/Egypt_mass_protests_challenge_Islamist_president.html

http://www.huffingtonpost.com/huff-wires/20121127/ml-egypt/?utm_hp_ref=business&ir=business
  by Lwin Aung Soe on Wednesday, November 28, 2012 at 10:28am ·

No comments:

Post a Comment