Thursday 29 November 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မေတ္တာရပ်ခံခြင်း


by Lwin Aung Soe on Thursday, November 29, 2012 at 8:58am ·

Photo - EMG


ပြည်သူလူထုကို နှိပ်ကွပ်တဲ့ အစိုးရမှန်သမျှ အာဏာရှင် အစိုးရသာ ဖြစ်ပါတယ်။ အာဏာရှင် အကျင့်အကြံတွေ ရှိနေသမျှ အဲဒီအစိုးရကို ဒီမိုကရေစီ အစိုးရလို့ မခေါ်နိုင်ပါဘူး။

မိဘပြည်သူတွေရဲ့ ရွေးကောက်ခံ အစိုးရ ဖြစ်ပါတယ်လို့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောခဲ့တဲ့အတိုင်း အစိုးရအသီးသီးရဲ့ လုပ်ဆောင်ပုံတွေကို ကျနော်တို့ အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်ခဲ့ပါတယ်။

သမ္မတ မိန့်ခွန်းပါ လမ်းညွှန်ချက်အတိုင်း မိဘပြည်သူအဖြစ်နဲ့ ကောင်းရာကောင်းကြောင်းတွေကို အပြုသဘောနဲ့ ထိန်းကျောင်းပေးပါတယ်။ တိုးတက်လာနိုင်စရာရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံခဲ့ပါတယ်။ နိုင်ငံတကာအလယ်မှာ မြန်မာဆိုတာ မျက်နှာမငယ်ရအောင် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ပေးခဲ့ကြပါတယ်။ တိုင်းပြည်ရှေ့ရေးကို တတ်နိုင်သလောက် မြော်မြင်ပြီး တားသင့်တာတွေကို တားမြစ်ပေးကြပါတယ်။


ဒါတွေဟာ မိဘပြည်သူတွေရဲ့ တိုင်းပြည်အကျိုးပြု အလုပ်တွေပါ။ နိုင်ငံ့ဘဏ္ဍာက တပြားတချပ်မှ အကုန်အကျခံ ပေးဆပ်စရာ မလိုတဲ့ မိဘပြည်သူတွေရဲ့ စေတနာတွေ ဖြစ်ပါတယ်။

ဒီလို စေတနာမျိုး ကမ္ဘာပတ်ပြီး လိုက်ရှာကြည့်ပါ။ လက်ချိုးရေတွက်လို့ ရတဲ့ နိုင်ငံအနည်းငယ်လောက်မှာသာ တွေ့နိုင်ပါမယ်။ မြန်မာတွေ ဒီလောက်ထိ မိခင်တိုင်းပြည်ကို ချစ်မြတ်နိုးကြပါတယ်။

ကနေ့ (၂၉-၁၁-၂ဝ၁၂) အာရုဏ်မတက်မီ ငြိမ်းချမ်းစွာ လူထုဆန္ဒပြနေတဲ့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဒေသက သပိတ်စခန်းတွေကို အစိုးရတာဝန်ရှိသူ ဆိုသူတွေက လက်နက်အင်အားသုံးပြီး အကြမ်းဖက် ဝင်ရောက် ဖြိုခွဲပါတယ်။ သပိတ်စခန်းတွေ မီးလောင်ပြီး ဒဏ်ရာရသူတွေ ရှိနေတယ်လို့ သတင်းတွေ တက်လာမဆဲ ဖြစ်နေပါတယ်။

မိဘပြည်သူတွေကို အလေးအနက်ထားတဲ့၊ လူထုဆန္ဒကို ဦးစားပေးတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပန်ကြားပါရစေ။

၁။ ဒီကနေ့ သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကို သတင်းစာရှင်းလင်းပွဲ အမြန်ဆုံး လုပ်ပေးပါ။
၂၊ လူထုဆန္ဒ ဖော်ထုတ်တာကို ခြိမ်းခြောက် ပိတ်ဆို့ တားမြစ်တာ၊ အကြမ်းဖက် ဖြိုခွဲတာတွေ မရှိအောင် တိကျစွာ စီမံပေးပါ။
၃။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကိစ္စအပေါ် အမြန်ဆုံး ပြေလည်သွားအောင် လွှတ်တော်မှ သဘောတူထားတဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာပေးပါ။

နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်နိုင်မှသာ အခြားကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ လူမှုရေး အစရှိတာတွေမှာ အခြေခံကျကျ ရှေ့တိုးပြီး တိုးတက် အောင်မြင်လာမှာ ဖြစ်ပါတယ်။ ဒါမှလည်း သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအနေနဲ့ ရည်မှန်းတောင့်တထားတဲ့ Good government, clean government အမှန်တကယ် ဖြစ်လာနိုင်ပါမယ်။

လွင်အောင်စိုး
၂၉-၁၁-၂ဝ၁၂
  by Lwin Aung Soe on Thursday, November 29, 2012 at 8:58am ·

No comments:

Post a Comment