Tuesday 27 November 2012

သဘာဝ ပတ်ဝန်းကျင်က စိန်ခေါ်သံများ ...




ဓါတ်ပုံ - The Messenger

(Messenger News Journal မှ)

အစိုးရစီမံကိန်းများ အကောင်အထည် မဖော်ခင် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ပြီး အကောင်အထည် ဖော်နေဆဲ စီမံကိန်းများကို တစ်ဖက်သပ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှု ဆုံးရှုံးနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။

''အခု လက်ပံတောင်းတောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီးသွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည်ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စားနိုင်တော့ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


ပြည်သူ့လွှတ်တော် အစည်း အဝေး နောက်ဆုံးနေ့တွင် အစည်းအဝေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အစိုးရသို့ လွှတ်တော်မှ လက်ပံတောင်းတောင် စီမံကိန်းကို အဖွဲ့တစ်ဖွဲ့ ဖွဲ့၍ စစ်ဆေးစေရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည်ရှင်းလင်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းစီမံကိန်းနှင့်ပတ်သက်၍ မီဒီယာများသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှု ရှိခဲ့ရင် ဒီလိုပြဿနာတွေ မဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင် ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမိုကရေစီခေတ်မှာ ပြန်ရှင်းရတာဆိုတော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ ပေးထားတဲ့ ကတိ ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်တယ် ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ''ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

အဆိုပါ လက်ပံတောင်းတောင် စီမံကိန်းကို Wanbo Maing Ltd. မှ ဒေါ်လာ ၉၉၉ သန်း ရာနှုန်းပြည့် ရင်းနှီးမြှပ်နှံခဲ့ပြီး အကျိုးအမြတ် ခွဲဝေမှုတွင် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ပံတောင်းတောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

''နိုင်ငံတစ်ကာဆက်ဆံရေးအရ ဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ ထာဝရရန်သူ ဟူ၍ မရှိပါဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ ကျွန်တော့်ရဲ့ တင်ပြချက်က အမေရိကန်အတွက် မဟုတ်သလို တရုတ်အတွက်လည်း မဟုတ်ပါဘူး။ မိမိနိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က စီမံကိန်းလုပ်ဆောင်ရခြင်းနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းခဲ့သည်။

အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ကြီးထွားလာရခြင်းသည် မီဒီယာ၏ ပယောဂ မကင်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်း ပြောကြားသွားခြင်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က...

''အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီးပါတယ်။ စောစောက ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွားတယ်။ ဒါကို မျက်စိစုံမှိတ်ပြီး မငြင်းနဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာလည်း အမြဲ မမှန်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ပဲ လိုပါတယ်'' ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

(Messenger News Journal)
https://www.facebook.com/photo.php?fbid=10151258676173704&set=a.10151091395688704.459967.661068703&type=1
...................................

တရုတ်နိုင်ငံမှ dexing ကြေးနီ သတ္တုတွင်း

(Myo Set's comment)

လက်ပန်တောင်းတောင် ကိစ္စဟာ ကြမ်းကျွံထားသော ခြေတစ်ဖက်လိုမျိုး မြန်မာအစိုးရအတွက် ဖြစ်နေပါတယ်။

နိုင်ငံတော်အဆင့် ပရောဂျက်များသည် အရာရာတိုင်း ကလေးကစားသလို လုပ်လို့မရပါ။ နိုင်ငံရဲ့ ကတိသစ္စာတည်ကြည်မှု၊ အားထားလောက်ဖွယ်ရှိမှု စတဲ့အချက်တွေအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ နောက်လာမယ့် အနာဂတ် ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေ အပေါ်လဲ သက်ရောက်မှု ရှိနိုင်ပါတယ်။

အိုင်ဗင်ဟိုတုန်းက အသံမထွက်၊ အခုမှ အသံထွက်တာ ဘာကြောင့်လ်ဲဆိုတာကို အသေးစိတ် အဖြေရှာဖို့လိုပါလိမ့်မယ်။ Bird Eye View နဲ့ကြည့်တတ်ဖို့ လိုသလို၊ အသေးစိတ် မှန်ဘီလူးနဲ့ အနုစိတ် အဖြေရှာသလို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့လည်း လိုနေပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Negotiation Step ဆိုတဲ့ သဘောကို ခပ်ပါးပါး ထုတ်ပြောသွားတာကို သဘောကျပါတယ်။

ဆင်းရဲတဲ့နိုင်ငံ သဘာဝ ပတ်ဝန်းကျင်ကို အထိခိုက်ခံရတာ ဘာမှမဆန်းပါ။ တစ်ခုရှိတာက ဒီလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ခံလိုက်ရပြီး ရလာတဲ့အကျိုးအမြတ်ကို ထိုက်တန်စွာနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ အသုံးချဖို့သာ အရေးကြီးတာပါပဲ။

အခု ဒီက ဦးပိုင်နဲ့ ဝမ်ပေါင် လက်ဝါးချင်းရိုက်ပြီး လုပ်တာမှာ မုံရွာမြို့အတွက် ဘာစီမံကိန်းမှ မကြားမိပါ။ လက်ပန်တောင်းတောင်ကြီး ဖြိုချပြီး မုံရွာက လမ်းတွေ၊ လျှပ်စစ်မီးတွေ၊ အင်တာနက်တွေ သိပ်ကောင်းသွားရင် တုန့်ပြန်မှုက တစ်မျိုးဖြစ်ပါမယ်။

အခု ဦးပိုင်နဲ့ ဝမ်ပေါင်ကို ဆန္ဒပြရခြင်းက ကြေးနီစီမံကိန်း ရပ်တန့်ပစ်ဖို့လား၊ ဒါမှမဟုတ် အဲ့ဒီက ရတဲ့အကျိုးအမြတ်ကို ပွင့်လင်းမြင်သာမှုရှိရှိ လူထုအတွက် အသုံးချစေချင်လို့လား ကွဲပြားဖို့ လိုပါမယ်။

သဘာဝ ပတ်ဝန်းကျင်အတွက်သက်သက် ကန့်ကွက်တာဆိုရင်တော့ တစ်မျိုးစဉ်းစားဖို့ လိုလာပါလိမ့်မယ်။ Give and Take culture မှာ နေနေတဲ့ ကျနော်တို့ခေတ်လူတွေအတွက် သဘာဝ သယံဇာတကို မရင်းနှီးဘဲ နည်းပညာနဲ့ အကျိုးအမြတ်ကို ဘယ်လိုလုပ် လဲလှယ်ယူနိုင်ပါမလဲ။ ဒါကိုလဲ သဘောပေါက်ဖို့ လိုပါလိမ့်မယ်။

စီမံကိန်းက ရလာမယ့် အကျိုးအမြတ် ဦးပိုင်အိတ်ကပ်ထဲကိုသာ စီးဝင်သွားပြီး လူထု ဘာမှမရလိုက်တာကို ကန့်ကွက်ခြင်းကိုတော့ အထူးပဲ အားပေးပါတယ်။ ဒီလို ကန့်ကွက်ရင် ဦးပိုင်လည်း သူချုပ်ထားတဲ့ စာချုပ်ကို ထုတ်ပြရနိုင်ပါမယ်။ ဦးပိုင်ကို ဖိအားပေးခြင်းက တရုတ်ကို ဖိအားပေးခြင်းထက် ပိုလက်တွေ့ကျမလားလို့မြင်မိလို့ပါ။

(Myo Set)
https://www.facebook.com/myo.set.77/posts/168858473260355?comment_id=503943&notif_t=feed_comment

............................


အထက်ပါ စာနှစ်ပုဒ်စလုံးကို အလေးအနက်ထား ဖတ်မိပါတယ်။ တိုင်းပြည်အကျိုးဖြစ်စေမယ့် နည်းလမ်းတွေ ပါရှိတဲ့အတွက် အပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေ ဖြစ်နေတာကြောင့်ပါ။

မီဒီယာလှုံ့ဆော်မှု ဆိုရာမှာ မီဒီယာကို လူထုဟစ်တိုင်အနေနဲ့ အသုံးပြုခြင်းသာ ဖြစ်တယ်လို့ ကျနော် ယူပါတယ်။ တကယ်တော့ “လှုံ့ဆော်တယ်... နှိုးဆော်တယ်... ဆော်သြတယ် .. ဝါဒဖြန့်တယ်.. လူထုပညာပေးရေး လုပ်တယ်.. လူထုကို အသိနိုးကြားစေတယ်.. စိတ်ဓါတ် စစ်ဆင်ရေးလုပ်တယ်” စသဖြင့် မိမိရပ်တည်ရာဘက်ကနေ ပြောဆိုဖို့... ထိုးနှက်တိုက်ခိုက်ဖို့... ခုခံကာကွယ်ဖို့ ...ရည်ရွယ်ချက် အသီးသီးနဲ့ ပြောဆိုတတ်ကြပါတယ်။

ဒါပေမယ့် အခုကိစ္စမှာတော့ “လှုံ့ဆော်တာ.. နှိုးဆော်တာ” ဘာကိုမှ အငြင်းမပွား မှတ်ချက်မပေးပါဘူး။ မီဒီယာသဘောကို လူထုဘက်ကနေ နည်းနည်းတော့ ပြောချင်တာတော့ ရှိပါတယ်။ လူထုဘက်ဆိုရင် မီဒီယာဟာ လူထုဟစ်တိုင် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုတွေကို အစိုးရထံ တင်ပြတာ ဖြစ်ပါတယ်။ ဘယ်ဟာဖြင့် လိုအပ်နေပြီ...  ဘယ်ဟာကဖြင့် အစွန်းထွက်နေပြီ စသဖြင့် သတိပေးတာ၊ တောင်းဆိုတာတွေ ဖြစ်ပါတယ်။ ဒီတော့ ဟစ်တိုင်ရဲ့ သဘောအရ လူထုဘက်က နစ်နာဆုံးရှုံးမှုကို အစိုးရနဲ့ တာဝန်ရှိသူတွေ သိစေဖို့ ဖြစ်လာရပါတယ်။ ကနဦးအဆင့်မှာ ဒါက မရှိမဖြစ် လိုအပ်တယ်လို့ ယူဆပါတယ်။

ကျနော့်စိတ်ထင် လက်ပံတောင်းတောင်ကိစ္စဟာ လပေါင်း အတော်ကြာကတည်းက ဟစ်တိုင်မှာ တက်နေတဲ့ အကြောင်းအရာပါ။ နှစ်ပတ်လည်တောင် ရှိချင်ရှိနေမှာပါ။ အပ်နဲ့ ထွင်ရမယ့် ကိစ္စကနေ အစပြုလာတာပါပဲ။

ကိုမျိုးဆက် သုံးသပ်သလို ဒေါ်စုက Negotiation step နဲ့ ဝင်လာတာမျိုးဖြစ်ရင် တကယ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရပါမယ်။ လူသိထင်ရှား အများလေးစားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင် ညှိနှိုင်းပေးတာမျိုးဟာ များသောအားဖြင့် အောင်မြင်တတ်ပါတယ်။

ကျောက်မီးသွေး ထုတ်လုပ်မှုမျိုးလိုပဲ ကြေးနီ ထုတ်လုပ်မှုမျိုးဟာ သဘာဝပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေပါတယ်။ အဆိုးဆုံးက တောင်တွေ ပျောက်ပြီး တွင်းကြီးတွေ ကျန်ရစ်စေမယ့် ပြဿနာပါ။ တောတောင်ပြုန်းတီးရတဲ့ ကိစ္စပါ။

ကျနော်တို့နိုင်ငံမှာ ဒါကို စနစ်တကျ ကာကွယ်ထိန်းသိမ်းနိုင်မယ့် နည်းပညာတွေ မရှိသေးဘူးလို့ ထင်ပါတယ်။ နည်းပညာ ရလာသည့်တိုင်အောင် ကုမ္ပဏီတွေဘက်ကလည်း တကယ်ကို စနစ်တကျ ထိန်းသိမ်းပြီး တူးဖော်ရင် စရိတ်စက အကုန်ခံနိုင်ပါ့မလား မသေချာပါဘူး။ တရုတ်နိုင်ငံမှာလည်း ကြေးနီ တူးဖော်ထုတ်လုပ်တာတွေ ရှိပါတယ်။ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေ ဘယ်လို ဖြစ်နေပြီလဲလို့ ပြန်ကြည့်ရပါမယ်။

နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဘယ်လိုကဏ္ဍမဆို အပြန်အလှန် လေးစား လိုက်နာပြီး ဆက်ဆံရေးကောင်းအောင် တည်ဆောက်ယူမှသာ ရေရှည်ထိတိုင်အောင် အကျိုးကျေးဇူးကောင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ရေရှည်ထိ ရည်မှန်းထားတာကြောင့် မစမီကတည်းက ကြိုတင်တွက်ဆ မြော်မြင်တတ်ရပါမယ်။ စလိုက်ပြီ ဆိုရင်လည်း အဆုံးထိအောင် ဆက်နိုင်ဖို့ အရေးကြီးလှပါတယ်။

နိုင်ငံတွင်းမှာ အစိုးရ အပြောင်းအလဲနဲ့ ပတ်သက်လို့ အရင်အစိုးရ လုပ်ခဲ့သမျှ နောက်အစိုးရက ကောင်းမွေ ဆိုးမွေ ခံယူရတာချည်းဖြစ်ပါတယ်။ ဒါပေမယ့် စနစ်မတူညီတဲ့ အစိုးရ နှစ်ဆက်ကြောင့် ဖြစ်ရတာကိုတော့ သီးသန့် စဉ်းစားသင့်ပါတယ်။

အခြားတွေးစရာ တခုကတော့ သဘောတူပြီးသား စီမံကိန်းတွေကို ပယ်ဖျက်လို့ ကတိပျက်မှာကို အခြားနည်းလမ်း (Alternative) နဲ့ အစားထိုးကြည့်ဖို့ ဖြစ်ပါတယ်။ Alternative မှာ လိုလျှင်ကြံဆနိုင်တဲ့ Varieties တွေ အတော်များများ ရှိနိုင်မယ် ထင်ပါတယ်။

Give and Take culture နဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကတော့ သဘာဝ သယံဇာတတွေကို အတော်အတန်လည်း ထုတ်ယူ ရင်းနှီးပေးခဲ့ပြီးပြီဖြစ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်ကို ဒီတကြိမ် တလှည့်ပြန်ကြည့်သင့်တာပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေဆီက သယံဇာတ အများကြီးကို ထုတ်ယူပြီးခဲ့ပါပြီ။ ဒါကို ပြန်လည်ပြုစုပေးနိုင်ဖို့ အလှည့်ကျပြီလို့ ဆိုချင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းဟာ အမိမြေကို ချစ်ကြတာ ယုံမှားသံသယ မရှိပါဘူး။ တကယ်လည်း မြန်မာ့ရေမြေသဘာဝကို ချစ်မြတ်နိုးစိတ်ရှိတဲ့ ယဉ်ကျေးမှုကို ခလေးဘဝကတည်းကနေ သင်ကြား တည်ဆောက်ပေးသင့်ပြီလို့ တိုက်တွန်းလိုက်ပါတယ်။

လွင်အောင်စိုး
၂၇-၁၁-၂ဝ၁၂
by Lwin Aung Soe on Tuesday, November 27, 2012 at 2:46pm ·

No comments:

Post a Comment