Thursday 15 November 2012

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ်ဆွေးနွေး

Thursday, 15 November 2012 
အိန္ဒိယနိုင်ငံသို့ လက်ရှိရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့က နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ဒီမိုကရေစီ ဖြစ်ထွန်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များအပါအ၀င်
အခြားအရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယမီဒီယာများတွင် ဖော်ပြထားသည်။
၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆောင်ရွက်မှုကြောင့် ဖြစ်ထွန်းလာသည့် တိုးတက်မှုများအတွက် ကြိုဆိုပါကြောင်းလည်း အိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန် ဆင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံ တရားစီရင်ရေးနှင့် လွှတ်တော်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန်အပါအ၀င် နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေးများ အရေးကြီးပုံကိုလည်းသဘောတူညီခဲ့ကြသည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်အား နယူးဒေလီမြို့တွင် လက်ခံတွေ့ဆုံရသည့်အတွက် ၀မ်းမြောက်ကြောင်းနှင့် ဂျဝါဟာ လာနေရူး၏ မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင်လည်း ဟောပြောပို့ချရန် ဖိတ်ကြားမှုကို လက်ခံသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ အာဏာရပါတီဖြစ်သော ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ၏ ဖိတ်ကြားချက်ဖြင့် အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ်ရောက်ရှိနေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဟတ္တမဂန္ဒီ၏ ဂူဗိမာန်နှင့် ဂျဝါဟာလာနေရူး၏ ဂူဗိမာန်တို့သို့ နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းက သွားရောက်ဂါရ၀ပြုခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယခရီးစဉ်မှာ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မြဲလာစေရန် ဖြစ်ကြောင်း ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အိန္ဒိယနိုင်ငံ၌ နှစ်အတန်ကြာ နေထိုင်ခဲ့ဖူးသည်။မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် သွားရောက်လည်ပတ်ခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း မြန်မာနိုင်ငံသို့ ၂၀၁၂ မေလတွင် လာ ရောက်လည်ပတ်ခဲ့သည်။
Eleven Media 

No comments:

Post a Comment