Saturday 10 November 2012

အစိုးရအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ပေး ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း"


 ရန်ကုန်ဆေးရုံ ကိုအဆင့်မြှင့်မည့် အဆိုနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်း စုကြည်က"ကျွန်မ ဒီအဆိုကိုတင်သွင်းရတဲ့ အကြောင်းကလည်း စောစော တုန်းက ရန်ကုန်တက္ကသိုလ်လို တင
်သွင်းရတဲ့ အကြောင်းအရင်းတစ်ခု ပါပါတယ်။ကျွန်မတို့နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဟာ အင်မတန်မှနိမ့်ကျနေတာကြောင့် တက်နိုင်သမျှ ပြုပြင်ပြောင်းလဲဖို့လိုနေ
ပါတယ်။ အခုဆိုလို့ရှိရင် တတ်နိုင်တဲ့သူတွေက ပုဂ္ဂလိက ဆေး ရုံတွေမှာ ဆေးကုသခံပါတယ်၊တချို့ဆိုရင် နိုင်ငံခြားမှာသွားပြီးဆေးကုခံ တယ်၊သာမန်ပြည်သူတွေက ဒီလိုမတတ်နိုင်တဲ့ အခါကျတော့ နိုင်ငံတော် ကနေပြီးတော့ စီစဉ်ပေးထားတဲ့ ဆေးရုံတွေမှာပဲကုသမှု ခံယူရပါတယ်။
ဝန်ခံရမယ်ဆိုရင် ကျွန်မကိုယ်တိုင်လည်း ပုဂ္ဂလိကဆေးရုံမှာ ပဲ ဆေးကုသပါတယ်။ ဒါပေမဲ့ အများပြည်သူတွေက ဒိလိုလုပ်နိုင်တဲ့ အခြေအနေမရှိပါဘူးဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ ဒီလို ကျွန်မတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဟာ ယိုယွင်းနေတဲ့ အချိန်မှာ ရန်ကုန်ဆေးရုံကြီးကို ပြုပြင်မွမ်းမံစေချင်တယ်လို့ ပြောရမယ့် အကြောင်းတွေထဲမှာ ရန်ကုန်ဆေးရုံးကြီးကို တစ်တိုင်းပြည်လုံးကို အား ကိုးနေရတယ်လို့ ပြောလို့ရပါတယ်။

ရန်ကုန်တိုင်းအတွင်းက ပုဂ္ဂလိက ဆေးရုံတွေကို မတတ်နိုင်တဲ့ ပြည်သူတွေ တွင် မကဘူး ရန်ကုန်တိုင်းအပြင်ကနေပြီး အရေးပေါ်အခြေ အနေကြောင့်ဖြစ်စေ၊ နယ်ကဆေးရုံတွေမှာ မကုသနိုင်တဲ့ ရော ဂါတွေကြောင့်ဖြစ်စေ ရန်ကုန်ဆေးရုံကြီးကို အားကိုးနေရပါတယ်။ ဒီလိုအားကိုးနေရတဲ့ ဆေးရုံကြီးလို ဆေးရုံ တစ်ခုဟာ ဆေးရုံတစ်ခုရဲ့ အနိမ့်ဆုံးရှိသင့်ရှိထိုက်တဲ့ လက္ခဏာတွေနဲ့တောင်မှ မကိုက်ညီဘူးဆိုတော့ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်။ လူထုအတွက်လည်း အင်မတန်ကြေကွဲစရာ ကောင်းပါတယ်။ မကြာမီ ကာလအတွင်းက ဆေးရုံကြီးမှာ လက်မောင်းတစ်ဖက်လုံးကို ဖြတ် လိုက်ရတဲ့ လူငယ်တစ်ယောက်ကို သွားတွေ့ပါတယ်။ သွားတွေ့တဲ့အခါ ၀င်ဝင်ချင်းဖြတ်သွားရတဲ့ ဆေးရုံကြီးရဲ့ ခြံဝင်းဆိုတာ ကလည်း ပြောရရင် စည်ပင်အမှိုက်ပုံကြီးလို ၊အမှိုက်တွေကလည်း တောင်ပုံရာပုံပုံနေပါတယ်။ အင်မတန်မှ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အခြေအနေဖြစ်ပါတယ်။ ဆေးရုံ ထဲရောက်သွားပြန်တော့လည်း ကံကောင်းတဲ့ လူနာတွေကတော့ ကုတင်တွေအပြင် မွေ့ယာပါရပါတယ်။

ကံမကောင်းတဲ့သူတွေကျတော့ ကုတင်ပဲရတယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ဒီကလေးကိုသွားကြည့်တော့ ဒီကလေးပြောတာ ဆရာဝန်များဟာ စေတနာ အပြည့်အ၀နဲ့ကုသပေးပါတယ်။ဆရာဝန်များကိုလည်းကျွန်မတွေ့ခဲ့ပါတယ်။ဆေးရုံကြီးရဲကဆေးကိရိယာပစ္စည်း မေးတဲ့အခါကျတော့ သူတို့က၀န်ခံပါ တယ်။ လူနာကို အားလုံးယူခဲ့ခိုင်းရတယ်။ ချုပ်ဖို့ကြိုးလည်း ယူခဲ့ခိုင်းရတယ်။ ဂွမ်းတို့ပတ်တီးတို့အားလုံးယူခဲ့ခိုင်းရပါတယ်တဲ့ သူတို့အနေနဲ့လည်းဒီဟာကို
ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူးလို့ပြောပါတယ်၊ကျွန်မတို့နိုင်ငံမှာ အရေးပါဆုံးဖြစ်တဲ့ဆေးရုံကြီးမှာတောင်ဒီလိုအဆင့်အတန်းအင်မတန်မှ နိမ့်ကျနေတယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေရဲ့မျှော်လင့်ချက် အတွက် အင်မတန်မှ မှေးမှိန်နေတယ်လို့ပြောချင်ပါတယ်။ ပညာရေးနဲ့ ပတ်သတ် လို့ပြောခဲ့တဲ့အတိုင်းပဲ ကျန်းမာရေးပတ်သတ်လို့ ကျွန်မတို့နိုင်ငံ ကို ထောက်ပံ့ချင်တဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့လည်း လုပ်တဲ့နေရာမှာ စုစုစည်စည်းနဲ့ ထိထိမိမိလုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ရန်ကုန်ဆေးရုံကြီး ကို ပြုစုပြီးပြန်လည်မွမ်းမံပြီး အဆင့်မီတဲ့ ဆေးရုံကြီးတစ်ခု ဖြစ်အောင် လို့လုပ်နိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ ရန်ကုန်တိုင်းသာမက တစ်တိုင်းပြည် လုံးက ပုဂ္ဂလိက ဆေးရုံတွေကို မသွားနိုင်တဲ့ လူတွေကို အများကြီး အထောက်အကူပေးနိုင်မှာပါ။

ဒါ့အပြင်ရန်ကုန်ဆေးရုံကြီးဆိုတာဟာ ကျွန်မတို့ဆေးပညာသင်ကြားရေးနဲ့ လည်း ဆက်နွယ်နေပါတယ်၊ကောင်းတဲ့ဌာနတစ်ခု အနေနဲ့ ပြန်ပြီး မွမ်းမံ သင့်ပါတယ်၊သုတေသနပြုနိုင်တဲ့ အခြေခံ လိုအပ်ချက်တွေတော့ ရှိပြီးသား ပါ။ ဒါပေမဲ့ အဆင့်တော့ မမီတာပေါ့။ ဒါပေမဲ့ အစကတည်းက ရောဂါတွ မြောက်များစွာနဲ့ ပတ်သတ်လို့ သုတေ သနပြုနိုင်အောင် စစ်ဆေးနိုင်အောင်လို့ ဖန်တီးထားပါတယ်။ မတိုးတက်နိုင် ဘူးဆိုပေမဲ့ ဒါတွေက ရှိပြီးသားတွေဆိုတော့ ခေတ်မီအောင် လုပ်လိုက်နိုင် ရင် အများကြီးကောင်းသွားပါလိမ့်မယ်၊တစ်ခါတည်းဝန်ကြီးအနေနဲ့လည်း ပိုပြီးတော့ ရှည်ရှည်ဝေးဝေးမရှင်းပြရအောင် အစတည်းက ကျန်းမာရေး ၀န်ကြီးဌာနတစ်ခုတည်းနဲ့ လုံလုံလောက်လောက် လုပ်နိုင်မယ်မထင်လို့အခု ဒီအဆိုကိုပြုတာပါ။

ဒီလွှတ်တော်ထဲက ကော်မတီကော်မရှင် အဖွဲ့ဝင်များ၊ အသိပညာ အတတ် ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ အားလုံးပါဝင်တဲ့ ကြီးကြပ်ရေးအဖွဲ့တစ်ခုကို ဖွဲ့ပြီးလုပ်လို့ရှိရင် ကျွန်မတို့ အနေနဲ့ရှိတဲ့ အလှုရှင်တွေဆီက အများကြီးပံ့ပိုးမှုတွေ ရနိုင်ပါတယ်။ အခုတောင်မှ ပံ့ပိုးမယ်ဆိုပြီး ကတိက၀တ်ပေးထားတဲ့အဖွဲ့အစည်းများ၊ တိုင်းပြည်များ၊ ပုဂ္ဂိုလ်များလည်းရှိပါတယ်၊ဒါကြောင့် ဒီအချိန်ကို အခွင့်ကောင်းယူပြီးတော့ ရန်ကုန်ဆေးရုံကြီးကို အဆင့်မြင့်ဆေးရုံကြီး ဖြစ်လာအောင်လို့ ပြုပြင် မွမ်းမံရေးအတွက် ကျွန်မတို့ကျန်းမာရေး ၀န်ကြီးဌာနက တာဝန်ရှိသူ များ၊ စောစောကပြောခဲ့တဲ့ အတိုင်းပဲ လွှတ်တော်ကော်မတီ ကော်မရှင် အဖွဲ့ဝင်များ ၊ဘာသာရပ်ကျွမ်းကျင်သူ များနဲ့အသိပညာ၊အတတ်ပညာရှင်များ အားလုံးပါဝင်တဲ့ ကြီးကြပ်ရေး အဖွဲ့တစ်ခု ဖွဲ့ဖို့ရန် ဥက္ကဌကြီးမှ တစ်ဆင့် ပြည်ထောင်စု အစိုးရကို တိုက်တွန်းအပ်ပါတယ်" ဟု လွှတ်တော်သို့ တိုက်တွန်းပြောကြားခဲ့သည်။
အောင်ထက်(NYK)
ဓါတ်ပုံ ကိုဆန်နီ

No comments:

Post a Comment