Monday, 15 October 2012

လှိုင်ဘွားနံမည်ရှေ့ မှာ Daniel ပါနေလဲဆိုတာ သိချင်ကြလား


D. Hlaing Bwa
Carleton University (1994 - 1999)
Political Science (Hons.)
---------
ဘာလို့ ... လှိုင်ဘွားနံမည်ရှေ့ မှာ Daniel ပါနေလဲဆိုတာ သိချင်ကြဦးမှာ
(တိုက်ခိုက်ကြဦးမှာ) သည်မှာပဲ ဖြေထားပါ့မယ်။
ကျွန်တော်ငယ်ငယ်က အဖိုးအဖွားလက်မှာကြီးခဲ့တယ်
အဖေကစစ်ဗိုလ် - အဖွားက စစ်ဆိုရေတောင်စစ်မသောက်ဖူးဆိုတဲ့အဖွား။
သူ့ သမီး စစ်ဗိုလ်နောက်လိုက်ပြေးတော့ အမွေပြတ်လုပ်တယ်။ ဒါပေမဲ့
ကျွန်တော့်မေမေက ကျွန်တော့်ကို ကိုယ်ဝန်ရှိတော့ အဖွားဆီမှာပြန်မွေးတယ်။
အဖွားက (မြေးဦးအရူး ဖြစ်ပြီး ကျွန်တော့်ကို အပြီးခေါ်ထားလိုက်တယ်)
ဒါပေမဲ့သူ့ သမက်ရန်ကိုကြောက်ပြီး ကျွန်တော့်ကို အင်္ဂလိပ်စာကောင်းအောင်
Catholic School Board မှာ သုံးနှစ်သားကတည်းက အပ်ခဲ့တယ်။
ကျွန်တော်က Sunday မှာ Church တက်ပြီး ဦးပုသ်နေ့ မှာ ဘုန်းကြီးကျောင်း
သွားရတဲ့ကလေးတယောက်အဖြစ် လေးတန်းအထိကြီးခဲ့တယ်။
ကျွန်တော့်ကိုချစ်တဲ့ Christian Father က ကျွန်တော် ဂျစ်တူး ကျလွန်းလို့ 
Daniel ဆိုတဲ့ နာမည်ကိုပေးခဲ့တယ်။ (ခရစ်ယန် Bible ထဲမှာ ခြင်္သေ့နဲ့ သတ်တဲ့
သူပေါ့ဗျာ - ကျွန်တော်က ငယ်ငယ်တုံးက မနိုင်ရင် ဘယ်လောက်ကြီးတဲ့သူ
ဖြစ်ဖြစ် ကိုက်ပြီးရန်ဖြစ်လို့ )

ကျွန်တော်(၈၈) မှာတောခိုပြီး ဦးခင်ညွန့် နဲ့  ထိုင်းဝန်ကြီးချုပ် ချာဗလစ်ယောင်
ချိုင်ယုတို့ ကြောင့် ထောင်/အချုပ် ခဏခဏ ကျတယ်။ တောထဲကနေ ဘန်ကောက်
ကိုမတက်ရဲလောက်အောင်ပဲ။ (အဲသည်အချိန်က မြန်မာကျောင်းသားတွေဟာ
ပြည်ထွင်းမှာ ထောင်နန်းစံနေရသလို တောထဲနဲ့  Thailand မှာလည်းမသက်
သာခဲ့ဘူး)။ ထိုင်းတွေက ကျွန်တော့် နံမည် လှိုင်ဘွားကို ပြီသအောင်မပေါင်း
နိုင်ဘူး။ ထိုင်းမှာ ထောင်ကျတိုင်း အချုပ်ကျတိုင်း ကျွန်တော်ရော ကျွန်တော့်
သူငယ်ချင်းကျောင်းသားတွေပါ - အိပ်ကောင်းခြင်းမအိပ်ရဘူး။ ဘာကြောင့်လဲ
ဆိုတော့ ကျွန်တော့်နာမည် လှိုင်ဘွား နဲ့  Thai Language အလိုင်ဝါး (ဘာလဲကွ)
ဆိုတဲ့ စကားကတူနေပြီး အဲသည် ခပ်ရိုင်းရိုင်းစကားကို ထိုင်းထောင်ထဲ
ထိုင်းအချုပ်ထဲမှာ တွင်တွင်သုံးနေတော့ ... ကျွန်တော့်နာမည်ကြောင့် ကျွန်တော်
နဲ့ အတူ ထောင်ကျ အချုပ်ကျတဲ့ (မြန်မာ) ကျောင်းသားတွေ အိပ်ကောင်ခြင်း
မအိပ်ရဘူး။ အဲသည်စကားက ထိုင်းတွေရဲ့ မိုက်ရိုင်းတဲ့ လမ်းဘေးစကား
ထောင်စကားကိုး။ အလိုင်ဝါး နဲ့  လှိုင်ဘွား မကွဲတဲ့အတွက် ကျွန်တော်
ထောင်ကျ အချုပ်ကျတိုင်း ဒုက္ခရောက်တယ်။ ငါးခါမြောက်ထောင် အချုပ်ကျ
ခြင်းပေါ့ ... ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို နာမည်ပြောင်းဘို့ 
ဖိအားပေးတယ်။

ကျွန်တော်လည်း ငယ်ငယ်တုံးက father ပေးခဲ့တဲ့ Daniel ဆိုတဲ့နာမည်ကို
နွံထဘူရီ ထောင်အ၀င်မှာ ပေးလိုက်တယ်။ အဲဒါနောက်ဆုံးအခေါက် ထိုင်းမှာ
ထောင်ကျခြင်းပေါ့။ အမူက မြန်မာကျောင်းသားဖြစ်မူ။ ထိုင်းပြည်ထဲရေးက
မနက်အစောကြီး ရဲ သုံးဆယ်ကျော်နဲ့ သေနတ်နဲ့ ချိန်ပြီး မြန်မာကျောင်းသား
သူပုန်သုံးယောက်ကိုလာဖမ်းတာ (ဖြစ်ကြောင်းစုံလင်ကိုရေးပါဦးမည်)။
အဲသည်နွံထဘူရီထောင်ထဲရောက်တော့မှပဲ အရင်အခါတွေ ထောင်ကျသလို
မဖြစ်တော့ပဲ ...ကျွန်တော်အပါအ၀င် (အဲသည်တုံးက သုံးယောက်
အဖမ်းခံရတယ် - ၁၄၁ ဦးမောင်မောင်လွင် ရယ် ကိုချစ်ကြည်ရယ်
ကျွန်တော်ရယ်) အိပ်ပျော်တော့တယ်။ ..........
ဟားဟား ....... အဲသည်လိုနဲ့  ... ထောင်ထဲမှာ စာဖတ်ပြီး ထောင်ကလွတ်
တော့ နှစ်ပတ်အကြာမှာ Scholarship ဖြေတာ ... အောင်ပြီး Oxford,
Columbia & Carletonတက္ကသိုလ်သုံးခုမှာ ကျွန်တော် Carleton
ကိုရွေးပြီး အော့တာဝါကိုရောက်လာခဲ့တာပါ။ ဒါပေမဲ့ အကြမ်းဘက်ခေါင်းဆောင်
လို့ စွပ်စွဲခံရပြီး ကျွန်တော့်Scholarship ကို ကနေဒါအစိုးရက ပိတ်ပစ်ခဲ့ပါတယ်။
(ဘာကြောင့်လဲဆိုတော့ ကျွန်တော့်တပ်ရင်း AB (102) နဲ့ သက်ဆိုင်တဲ့
ကျောင်းသားတွေကလေယာဉ်ပျံ နှစ်စီးကို ပြန်ပေးဆွဲခဲ့လို့  ..........
ကျွန်တော်ကလည်း Refugeeလုပ်ပြီးဘယ်နိုင်ငံကိုမှ ငါမထွက်ဘူးဆိုပြီး
တင်းခံပြီး တော်လှန်ရေးဆက်လုပ်နေခဲ့ပါတယ်)။

(တနှစ်အကြာမှာ ကျွန်တော်ဟာ အကြမ်းဖက်သမားမဟုတ်ဘူးဆိုပြီး
ကနေဒီယံအစိုးရက Carleton University ကိုတက်ခွင့်ပြုခဲ့ပါတယ်)
အချိန်ရမှထပ်ရေးပါဦးမည်။
လှိုင်ဘွား/၈၈
---------
Post Script: သည်အချိန်ကျမှ လိုအပ်တယ်ထင်လို့ ပြောတာပါ ... ပြောစရာတွေ
အများကြီးကျန်သေးတယ် ... Show စရာတော့ ဘာမှမရှိခဲ့ဘူး။ Show off ထဲမှာ
လှိုင်ဘွားဘယ်တုံးကမှ မပါခဲ့ မရှိခဲ့ဘူး။ ဘ၀မှာ ဘာတခုမှ
ထိန်ချန်လို့ ရတဲ့သူလည်းမဟုတ်ဘူး။ Show လို့ ရတဲ့သူလည်း မဟုတ်ဘူး။ သည်လိုပဲ
သူများတွေ သောက်မြင်ကပ်ခြင်း ချစ်ခြင်း ... အောက်မှာကြီး လာတာ ... (မင်းက
ဘင်္ဂလီကိစ္စအတွက် ဘယ်လောက် သတ္တိရှိလဲဆိုတဲ့ သူတွေ ဘယ်အသက်
အရွယ်ပဲဖြစ်ဖြစ်မေးချင်တယ် ... မင်းတို့ /ခင်ဗျားတို့  လူငယ်/လူရွယ်ဘ၀ကို
စွန့် ခဲ့ဖူးလားဆိုတာ - အထူးသဖြင့် ကျွန်တော်နဲ့ ရွယ်တူတွေကို)
အယူအဆ တော့အမျိုးမျိုးရှိမယ်။ ဒါပေမဲ့ (၈၈) မှာ သေနတ်ပြေးဆွဲခဲ့တဲ့ လူငယ်တွေကို
မိုးသီးနဲ့ နိုင်အောင် နှစ်ယောက်ကြောင့် ... ငါးခုံးမနှစ်ကောင် ကြောင့် လှေအားလုံး
ပုပ်တယ်လို့  မစွပ်စွဲစေချင်ဘူး။
----------------------


No comments:

Post a Comment