·ခုတလော သေခြင်းတရားအကြောင်း တော်တော်တွေးမိနေတယ်။
ကျန်းမာရေးဆိုးတာကြောင့်လည်းပါမယ် ထင်ရဲ့။
ကြမ္မာဆိုးဟာ လုံးဝ အလစ်အငိုက်လာတတ်ကြောင်းလည်း နားလည်ခဲ့ပြီ။
ကံကောင်းထောက်မလို့ အာမခံနဲ့ ထောင်ထဲကထွက် ဆေးကုသခွင့်လေးရပေမဲ့ ထောင်ထဲ အတင်းပြန်ထည့်ဖို့လည်း အတင်းဖိအားလိုက်ပေးနေသူရှိ။
တကယ်လို့ ထောင်ထဲသာ ပြန်ဝင်ရလို့ ကျနော်ပြည့်စုံစွာနဲ့ ဆေးဝါးကုသမှု မခံရတော့ရင် သေမိန့်ချခံရသလိုများ ဖြစ်မလား?
တွေးမိရင်းက မသေခင် သေတမ်းစာလေးတစ်ခုလောက်တော့ ကြိုရေးထားဖို့ စိတ်ကူးရပါတယ်။
တကယ်တော့ ကျနော်လုပ်ချင်ခဲ့တဲ့ အလုပ်ကလေးတစ်ခုပါ။
ကျနော် အထဲရောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်တွေးမိတယ်။ ဘာကြောင့်များ ကံကြမ္မာက ငါ့ကို ဒီလိုနေရာဆိုးကြီးထဲ တွန်းပို့ခဲ့ရသလဲ?
လောကမှာ တန်ခိုးရှင် ဒါမှမဟုတ် ဘုရားသခင်ဆိုတာ ရှိတယ်ဆိုရင် ငါ့ကို ဒီနေရာပို့တဲ့ သူ့အလိုတော်က ဘာလဲ?
သိပ်မတွေးတောလိုက်ရပါဘူး။ နံဘေးမှာ အဖြေကို ချက်ချင်းသွားပြေးမြင်တယ်။
ထောင်ထဲရောက်နေသူတွေမှာ ... လူ ၁၀၀မှာ ၇၀လောက်က လုံးဝ ရှေ့နေမငှားနိုင်ကြပါ။
တရားဥပဒေရဲ့ မှန်ကန်တဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အ၀မရကြရှာဘူးလို့ ဆိုရမလား။
အဲဒီလို ရှေ့နေမငှားနိုင်တာက အမှုသေးသေးလေးတွေ မဟုတ်ဘူးနော်။ အမှုက အကြီးကြီးတွေ။
အပြင်းအထန် ထိခိုက်နာကျင်စေမှု၊ ဖေါက်ကွဲမှုလိုမျိုးမှာ တရားခံဘ၀ရောက်နေရသူတွေတောင် အဲဒီလို ရှေ့နေမငှားနိုင်သူတွေထဲမှာ အများအပြားပါတယ်။
ကျနော်က မေးကြည့်တယ်။ `ဘာလို့ ရှေ့နေမငှားတာလဲ´ ဆိုတော့ ...
`ရှေ့နေခပေးရမယ့် ပိုက်ဆံကို ဒီထဲ နေဖို့ ထိုင်ဖို့ အသုံးပြုရတယ်၊
နောက် အပြင်မှာ ကျန်ခဲ့တဲ့ မိသားစု စားဝတ်နေရေးရှိသေးတယ်လေ´
တဲ့။ ဟုတ်ပါရဲ့။ မိသားစုမှာ ဦးဆောင်ရှာဖွေနေသူက အထဲရောက်လာတဲ့နောက် အပြင်က သူတွေ ကစဥ့်ကလျားပေါ့။
သူတို့သာ ပြောရတာပါ။ ကျနော့်မှာလည်း မိတ်ဆွေ ရှေ့နေတွေက အခမဲ့နီးနီးလိုက်ပေးလို့သာ ရှေ့နေနဲ့ဘာနဲ့ဖြစ်နေတာ။
အထဲကို ရုတ်တရက်ရောက်သွားတာဆိုတော့ အပြင်မှာ ရှိတဲ့ရစရာတွေ ဘယ်လိုမှ လိုက်တောင်းလို့ မရဘူး။
တယ်လီဖုန်းကစလို့ ပိုင်ဆိုင်သမျှ တော်တော်များများလဲ မောင်ပိုင်စီးခံရ။
စာမူ၃အုပ်တော့ ကျနော်မရှိတုန်းထုတ်တာပဲ။ ထိထိရောက်ရောက် စာမူခမရပါ။
စာရေးဆရာဆိုတော့ စာမူတွေပဲ ချမ်းသာတာကိုးဗျာ။
မိဘနှစ်ပါးက အသက် ၆၅နှစ်ကျော်။ တရားအလုပ်နဲ့ အေးအေးချမ်းချမ်းနေဖို့ ဆုံးဖြတ်နေတဲ့အရွယ်။
အချုပ်မှာကတည်းက တတိတိကုန်လိုက်တဲ့ပိုက်ဆံ။ ထောင်ထဲရောက်တော့လဲ အိပ်ရာလိပ်ကအစ ၀ယ်ရ။
ထောင်ဝင်စာ တစ်ပတ်တစ်ပတ်ကြေးကလည်း မနည်းလှ။ ဆိုလိုတာက ကျနော့်လိုလူတောင် ရှေ့နေတွေက မေတ္တာနဲ့ အခမဲ့ မလိုက်ပေးရင် ငှားခ တတ်နိုင်မှာ မဟုတ်တဲ့အကြောင်းပါ။
လူအများစုကတော့ ထောင်ထဲရောက်နေတဲ့အပြစ်သားတွေပဲ ရှေ့နေမငှားနိုင်လဲ ဘာဖြစ်လဲလို့ တွေးကြမလားပါပဲ။
ဒါပေမဲ့ အများထင်သလို မဟုတ်ပဲ ဘုမသိ ဘမသိ ထောင်ထဲ ရောက်လာသူတွေလည်း အများကြီးပါ။
အမှုတစ်ခုအကြောင်းပြောပြချင်တယ်။ ကျနော်က သနားလို့ ခေါ်ကျွေးထားတဲ့ ဦးလေးကြီးပါ။
ကိုယ့်လည်း ခက်ခဲလှတဲ့ကြားက သူ့ဝေမျှကျွေးမိတယ်။ သနားလွန်းလို့။
သူ့အမှုက လက်နက်ကိုင်ဆောင်မှု။ ဘာလက်နက်လဲဆိုတော့ ဓားတဲ့။
သူ့သမီးက မုန့်ဟင်းခါးဆိုင်ဖွင့်တယ်။ တစ်နေ့ ဆိုင်မှာ သုံးဖို့ ဓားနှစ်လက်သွားဝယ်ခိုင်းတယ်။
ဓားအတိုတစ်လက်၊ ခပ်ရွယ်ရွယ်တစ်လက်ပေါ့။ ကြက်သွန်လှီးတဲ့ ဓားတွေပါ။
ဖြစ်ချင်တော့ ဓားဝယ်ပြီး စက်ဘီးနဲ့ ပြန်အလာ။ ဓားတွေကို စက္ကူနဲ့ပတ် စက်ဘီးရှေ့ခြင်းထဲမှာ ထည့်လာတယ်။
လမ်းရောက်တော့ စက်ဘီးချင်းတိုက်မိကြရောဗျာ။
တစ်ဘက်လူက မိုက်မိုက်ရိုင်းရိုင်းပြောတယ်နဲ့ တူပါတယ်။
စကားများ ရန်ဖြစ်ကြရော။
ဒီလိုနဲ့ ရဲကရောက်လာ။ စစ်တော့ သူ့စက်ဘီးရှေ့ခြင်းထဲမှာ ဓားသွားတွေ့တယ်။ လက်နက်မှုကပ်ရောပေါ့။
နောက်တစ်ယောက်။ အသက်က ၆၀လောက်ရှိပြီ။ တကယ့်တောသားကြီးလိုပုံနဲ့။
တစ်နေ့ကြုံလို့ ကျနော်မေးကြည့်မိတာ `ဦးလေး ဘာမှုလဲ´ ဆိုတော့ ဆေးခြောက်လက်ဝယ်တွေ့ရှိမှုတဲ့။
`ဟာ ဦးလေးက ဆေးခြောက်ဖြန့်တာလား´
ဆိုတော့ `မြင်တောင်မမြင်ဖူးပါဘူး ငါ့တူရယ်´
တဲ့။ သူ့အကြောင်းပြောပြတော့ အတော်ငိုင်သွားမိတယ်။
တစ်ရက်မှာ လိုင်းကားစီးလာရင်း နေရာရတယ်။ မိန်းကလေးတစ်ယောက်တက်လာ လက်မှာ ၃ဆင့်ချိုင့်ကြီးနဲ့တဲ့။
မနေတတ်တော့ ပေါင်ပေါ်ယူတင်ပေးထားတာပေါ့။ ဖြစ်ချင်တော့ လမ်းမှာ ခါးပိုက်နှိုက်နဲ့ ကြုံတယ်။
`ခါးပိုက်နှိုက်၊ ခါးပိုက်နှိုက်´ အော်တော့ ထုံးစံအတိုင်း ကားကို အလုံပိတ်။ တစ်ယောက်မှ မဆင်းနဲ့ ရဲစခန်းကို တန်းမောင်းပေါ့။
စခန်းရောက်တော့ တစ်ယောက်ချင်းပစ္စည်းတွေ ရှာကြတယ်။
ဦးလေးကြီးလက်မှာ သုံးဆင့်ချိုင့်ကြီးနဲ့။ ပိုင်ရှင်အမျိုးသမီးက သွက်လက်တာ ဘယ်ပျောက်သွားမှန်းမသိ။
`ဦးလေး ရှာမယ်နော်´
ဆိုတော့ `ရှာပါပေါ့´
လားလား ဖွင့်လိုက်တော့ သုံးဆင့်ချိုင့်ထဲမှာ ဆေးခြောက်တွေအပြည့်တဲ့ဗျား။
နောက် ကျနော်နဲ့ တော်တော်ခင်တဲ့ သားအဖနှစ်ယောက်။ ကျနော့်ကို `ဆရာလေး၊ ဆရာလေး´ နဲ့ လာလာ စကားပြောတယ်။
သူတို့လာရင် ကျနော်က ကော်ဖီတွေဘာတွေ ဖျော်တိုက်။ နောက်ပိုင်း ကျနော် ကျန်းမာရေးဆိုးတော့ ထောင်ဆေးရုံကို သူတို့သားအဖပဲ ထမ်းပိုးပို့ကြတာပါ။
သူတို့က လက်သမားတွေတဲ့။
`တစ်ရက်တော့ ဆရာလေးရယ်၊ အလုပ်ရှင်က အလုပ်မရှိဘူးဆိုတာနဲ့ ကျနော်တို့ ပြန်လာကြတယ်၊
နေ့တွက်က မစီခဲ့တော့ စိတ်ညစ်နေတာပေါ့၊ ဒီတိုင်းဆို အိမ်ပြန်ရောက်ရင် ဒီနေ့ စားဖို့ ဘယ်လိုလုပ်ရပါ့မလဲ၊
ကျနော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ၊ ဖြတ်လာတဲ့ လမ်းမှာ ခြံတစ်ခြံထဲ အကြည့်ရောက်သွားမိတယ်။
ဟာ သရက်သီးတွေ ပြွတ်နေတာပဲ။ အဲဒီသရက်သီးတွေ ခူးစားလိုက်ရရင် ဒီညစာတော့ အဆင်ပြေပြီ။
အိမ်ကိုလည်းယူသွားမယ်ပေါ့။ ပိုရင် ရပ်ကွက်ထဲတောင် ရောင်းလို့ရသေးတယ်လေ၊
သားအဖနှစ်ယောက် အနားအသင့်တွေ့တဲ့ သစ်တို ၀ါးစတွေနဲ့ လှေကားလေးလုပ် ခြံထဲ ၀င်ခူးကြတယ်။
လက်သမားတွေဆိုတော့ လှေကားလုပ်တာ အလွယ်လေးပေါ့။ နှစ်ယောက်သားခူးနေတုန်း ဘေးခြံက ဖုန်းလှမ်းဆက်တယ်နဲ့ တူပါ့ရဲ့၊
သက်ဆိုင်ရာက ရောက်လာတယ်။ ပိုင်နက်ကျူးလွန်မှုဆိုလား၊ နောက် ဖောက်ထွင်းမှုလည်း ပါသေးတယ်။ အို ... စုံနေတော့တာပါပဲ´ တဲ့။
ကျနော် သူတို့အကြောင်းနားထောင်ရင်း ဘာစကားမှကို ပြန်မပြောနိုင်တော့ဘူး။
နောင် လူငယ်ဆောင်က ကောင်လေးတစ်ယောက်။
ညဘက် လမ်းသွားရင်း ဗိုက်ဆာလွန်းလို့တဲ့။ မုန့်ဆိုင်တစ်ခု တံခါးက လှပ်နေတော့ ချိုးဖျက်ဝင်။ မုန့်တွေ ဗိုက်ကားအောင် စား။ အအေးလဲ သောက်လိုက်သေးတယ်။
စားသောက်လဲ ပြီးရော။ ပတ္တရောင်နဲ့ တွေ့ပါလေရော။ ဒီလိုနဲ့ ထောင်ထဲ ရောက်လာတာပေါ့။
အဲဒီလို အဲဒီလို လူတွေ အများကြီးဗျာ။
ကျနော်နဲ့ ခင်တဲ့ ဦးထွန်းမြင့်ဆိုတဲ့ အကိုကြီးဆို ဓာတ်တိုင်ကို ကားနဲ့တိုက်မိတာ။
ဖြစ်တာက စက်မှုဇုံမှာပါ။ ဓာတ်တိုင်လဲသွားတော့ လျှပ်စစ်ဌာနကို သူသွားအကြောင်းကြားတယ်။
တာဝန်ရှိသူတွေ လိုက်လာ။ ဓာတ်တိုင်ပြန်ထူ၊ ပြတ်သွားတဲ့ ဓာတ်ကြိုးတွေ ပြန်ဆက်ကြပေါ့။
ဒါပေမဲ့ ဒီလို ကားနဲ့ ၀င်တိုက်မိလို့ မီးပျက်တာက ၃နာရီလောက်ကြာသွားတယ်။
အဲဒီ ၃နာရီစာ လျှပ်စစ်ဖိုး၊ ဓာတ်တိုင်လဲလို့ ပြန်ထူခ၊ ဓာတ်ကြိုးတွေခ။
အားလုံး သူ ပြန်လျှော်ပြီးမှပဲ ထောင်ထဲက သူထွက်နိုင်ပါတော့တယ်။
သူတို့ အိုကြီးအိုမ လင်မယား အတူနေတဲ့ ဒလက ပျဉ်ထောင်အိမ်လေး ရောင်းလိုက်ရပါသတဲ့။
`အိမ်ရောင်းတာ ဘယ်လောက်ရသလဲ´ ... ဆိုတော့
`သိန်း ခုနှစ်ဆယ်´ ဆိုလား။ အိမ်ရောင်းငွေ တစ်ဝက်ကျော် ကုန်သွားသတဲ့။
`ခု ဘယ်မှာ နေမလဲ´ ဆိုတော့
`အင်း ဒီအရွယ်ကြီးကျမှ ယောက်ခမအိမ်ကပ်နေရတော့မှာပေါ့လေ´
တဲ့။ ဒါတောင် သူ ထောင်ထဲမှာ တစ်လလောက်နေသွားရသေးတယ်။
နောက်တစ်ယောက်ကျတော့ ငိုအားထက်ရယ်အားသန်ပြောရမလား။
ကိုယ့်အိမ်က မီးစက်ကို ပြင်ထားတာ သွားရွေးပြီး ပြန်လာတယ်။
သူလာတာက ညမှောင်ရီတရော။ သူ့ပုံကလည်း အသွင်ခပ်နုပ်နုပ်။
ဖြစ်ချင်တော့ အဲဒီတလော မီးစက်တွေ ခဏခဏအခိုးခံနေရတယ်လို့ တိုင်ချက်ဖွင့်ထားတာက ရှိနေတယ်။
ဒီလို ခပ်မှောင်မှောင်မှာ မီးစက်ထမ်းပြန်လာတဲ့ နွမ်းနွမ်းပါးပါးလူကို မြင်တော့ ဆွဲတော့တာပေါ့။
ကျန်တာ နောက်မှရှင်း။ ထောင်ထဲတော့ သူရောက်လာတာပဲ။
ခိုးမှုပုဒ်မကပ်ထားတော့ အာမခံလည်း မရဘူးလေ။
တော်တော်ကြာမှ သူလည်း ထောင်ထဲက ပြန်ထွက်နိုင်ရှာတယ်။
... ပြောစရာတွေကတော့ ဆုံးလိမ့်မယ် မဟုတ်ပါ။ ကြားရသမျှ ရင်မောစရာတွေချည်း ဖြစ်မှာပါပဲ။
ဒီအဖြစ်တွေ ကျနော်ပြန်ပြောပြနေရတာက ဘာလဲ?
ကျနော်လုပ်ချင်တာလေး ပြောပြချင်လို့ပါ။
ဖြစ်နိုင်ရင် ဒီလိုလူတွေကို အခမဲ့ရှေ့နေလိုက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုလောက် ကျနော် ထူထောင်ချင်လိုက်တာ။
အခုရေးချင်တာက ... တကယ်လို့ ကျနော် သေသွားခဲ့ရင်ပေါ့။
ကျနော့်ကို ချစ်ခင်သူတွေက အဲဒါလေးတော့ဖြစ်အောင် ၀ိုင်းဝန်းလုပ်ဆောင်ပေးကြပါဗျာ။
ကျနော်သာ ဆက်ပြီး အသက်ရှင်ခွင့်ရခဲ့ရင်၊ အပြင်လောကကြီးမှာ ဆက်လက် ရှင်သန်ခွင့်ရခဲ့ရင်
ကျနော် သစ္စာဆိုပါတယ်။ အဲဒီလို အခမဲ့ ဥပဒေ အကူညီပေးရေး အဖွဲ့အစည်းကို မဖြစ်ဖြစ်အောင် တည်ထောင်မှာပါ။
တကယ်ပါဗျာ။ ထောင်ထဲမှာ တကယ့်ကို သနားစရာဘ၀တွေ အများကြီး ရှိနေပါတယ်။
ခင်ဗျားတို့ထင်သလို ထောင်ထဲမှာ အပြစ်သားတွေချည်း ရှိနေကြတာ မဟုတ်ပါ။
တကယ်လို့ အပြစ်ရှိတယ်ဆိုတောင် ပြစ်မှုနဲ့ ပြစ်ဒါဏ် မျှတစေဖို့အတွက် သူတို့ဟာ တရားဥပဒေရဲ့ အကာအကွယ်ကို မရသင့်ဘူးလားဗျာ။
လူတစ်ယောက်ဟာ မကောင်းတာလုပ်တယ်ဆိုတောင် သူ့ကို အပြစ်စီရင်တဲ့အခါ
ကျနော်တို့က တရားမျှတစွာ ဆက်ဆံပါမှ ကျနော်တို့ဟာ တရားမျှတတဲ့သူတွေ ဖြစ်တော့မှာပေါ့။
ဒီလို မဟုတ်ပဲ။ ဟာ မင်းကတော့ အပြစ်သားပဲ၊ မင်းအပေါ်မှာ ဘာမှ တရားမျှတမှု ထားနေစရာ မလိုဘူးဆိုရင်
ဟော့ဒီလောကဟာ အဓမ္မလောကကြီးဖြစ်သွားတော့မပေါ့။
စကားအဆုံးကုန်ကုန်ပြောရရင် တရားမျှတမှုဆိုတာ လူဆိုးလူမိုက်တွေ အပေါ်မှာတောင် ထားအပ်တယ်လို့ ကျနော်ထင်တယ်။
ဒီလို တရားမျှတစွာ ပြုမူကျင့်ကြံခြင်းအားဖြင့်
`သြော် လောကကြီးက ငါတို့ပေါ် တရားပါလား´
လို့ သူတို့မြင်လာပြီး စိတ်တွေ ပြောင်းလဲလာလိမ့်မယ်။
ပြီးတော့ လောကမှာလည်း တရားမျှတမှုတွေ ထွန်းကားလာပါလိမ့်မယ်။
နို့မဟုတ်ရင် ဒီ ထောင်ထဲက ကောင်တွေကတော့ကွာ အပြစ်ရှိတဲ့ကောင်တွေပဲ သူတို့ပေါ် ဘာမှ တရားမျှတနေစရာ မလိုဘူးဆိုရင်
ကိုယ်တိုင်ကလည်း မတရားတဲ့သူဖြစ်သွားပြိ။
မတရားတဲ့ အဓမ္မမှုဟာလည်း ကရွတ်ကင်းလျှောက် သံသရာလည်နေပါတော့မယ်။
ဒီတော့ လူဆိုးလူမိုက်တွေ ပိုများလာဖို့သာ ရှိတော့သပေါ့။
`ဟာ လောကမှာ တရားမျှတမှုဆိုတာ မရှိပါဘူးကွာ၊ သူများကို ကိုယ်က မနိုင်ရင် သူများက ကိုယ့်ကို နိုင်မှာပဲ´
ဆိုတဲ့ အတွေးမျိုး လူတွေမှာ ၀င်လာရင် ဒီလောကကြီးဟာ အချင်းချင်း သတ်ဖြတ်ညှင်းဆဲနေတဲ့ လောကကြီး ဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် ...
ကျနော်က ငွေကြေးမတတ်နိုင်သူတွေအတွက် အခမဲ့ဥပေဒရေးရာ အကူညီပေးတဲ့ အဖွဲ့စည်းတစ်ခုကို တည်ထောင်ချင်ရတာ
ဖြစ်ပါတယ်။
ဒီနေရာမှာ စကားကြုံတုန်းလည်း တစ်ဆက်တည်း ပြောချင်တာရှိပါသေးတယ်။
လူတွေကို အမှုရင်ဆိုင်နေစဉ် ထောင်ထဲထည့်ထားတာဟာလည်း ပြန်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။
သက်ဆိုင်ရာရုံးတော်က အပြစ်ရှိတယ်လို့ မသတ်မှတ်ရသေးခင်မှာ သူတို့က ထောင်ထဲ ရောက်နှင့်ရပြီ။
နောက်ဆုံး အပြီးသတ်စီရင်ချက်မှာ လွတ်ကာမှ လွတ်ရော။
ဘာပဲဖြစ်ဖြစ် သူတို့ဟာ ထောင်ထွက်တော့ ဖြစ်ရပြီလေ။
ထောင်ထဲက ထွက်ရမှတော့ ထောင်ထွက်ပေါ့ဗျာ။
တစ်ရက်ပဲ ရောက်ရောက် တစ်ညနေပဲ ရောက်ရောက်။
အမှုရင်ဆိုင်နေတုန်းပဲ ရှိသေးရဲ့။ ထောင်ထဲ သွင်းထားတဲ့အခါ ကြိုတင်အပြစ်ပေးခံရသလို ခံနေရရှာပါတော့တယ်။
နိုင်ငံတော်အနေနဲ့လဲ အဲဒီလူတွေကို ကျွေးမွေးရတဲ့စရိတ်၊ နေရာပေးရစရိတ်၊ အစောင့်အရှောက်ပေးရစရိတ်
အင်မတန် ကုန်ကျလှပါတယ်။
ကျနော့်အမြင်အားဖြင့် အပြင်မှာ ဆက်ရှိလို့လည်း အန္တရာယ် မပြုနိုင်တဲ့လူ။
တရားစီရင်ရေးရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို နာခံမယ့်သူ။
တနည်းပြောရရင် တရားရုံးချိန်းတွေမှာ မှန်မှန်လာရောက်မယ့်သူ။
ထွက်မပြေး မတိမ်းရှောင်နိုင်လောက်တဲ့ အခြေနေမျိုးရှိသူတွေကို အပြင်ကပဲ တရားရင်ဆိုင်သင့်တယ်လို့ ထင်မိတယ်။
အခုက များသောအားဖြင့် ပုဒ်မကြီးကြီး တရားခံဖြစ်သွားတာနဲ့ ထောင်ထဲကချည်း တရားရင်ဆိုင်ရတော့
တရားဘက်ပြိုင်ဖို့ရာ တရားခံနဲ့ တရားလို အခွင့်ရေးတန်းတူ ရတယ်လို့ ဆိုနိုင်ပါ့မလား တွေးမိပါတယ်။
လူဆိုတာ ကိုယ့်အမှုအကြောင်း ကိုယ်အသိဆုံးပဲ မဟုတ်လား။
ကာယကံရှင်က အထဲရောက်နေတဲ့နောက် ဘယ်လို အမှန်တရားအတွက် သက်သေပြစရာတွေ ရှာနိုင်ပါတော့ မလဲ။
တဘက်က ပြောသမျှ မှန်မှန်မှားမှား လိမ့်ခံပေရော့။
ဘာပဲဖြစ်ဖြစ် အထဲရောက်သွားပြီဆိုတာနဲ့ အပြင်က မိသားစုတွေက
ကိုယ့်အတွက် နေထိုင်စားသောက်ဖို့ရာပူပန်နေရတာနဲ့ တရားဘက်ပြိုင်ဖို့ကိုလည်း အာရုံမထားနိုင်တော့ဘူးလေ။
ဒါကြောင့် ထောင်ထဲရောက်သွားသူတွေမှာ တရားရင်ဆိုင်ရာမှာ တပန်းရှုံးတယ်လို့ ထင်မြင်မိပါတယ်။
တကယ် သမာသမတ်ရှိတဲ့ တရားလိုဆိုရင်တော့ အခွင့်အရေးတန်းတူယှဉ်ပြိုင်မှာ ဖြစ်ပေမဲ့
မမှန်ကန်တဲ့ ညစ်ချင်သူတွေကျတော့လည်း တရားပြိုင်ဘက်ကို အတင်း ထောင်ထဲ မရောက်ရောက်အောင် ဆွဲသွင်းနေတာမျိုးတွေ ရှိတတ်ပါတယ်။
ကျနော်ထူထောင်ချင်တဲ့ တရားဥပေဒ အကူညီပေးရေးအဖွဲ့မှာ အဲဒါမျိုးတွေကိုလည်း ကာကွယ် ကူညီပေးချင်တာပါ။
ဟိုရောက်ဒီရောက်နဲ့ပဲ စာက အတော်ရှည်သွားပြီ ထင်ပါရဲ့။
ကျနော်ပြောချင်တာက တစ်ခွန်းတည်းပါပဲ။
ဒီစာဖတ်တဲ့သူဟာ သင့်ကိုယ်သင် တရားမျှတလို့ ထင်ရင် တရားမျှတမှုကိုလည်း လိုလားခဲ့ရင်
တရားမျှတမှုလိုအပ်နေသူတွေ လောကထဲကတစ်နေရာမှာ သင့်ကို စောင့်မျှော်နေကြောင်းသတိရပြီး
သူတို့အတွက် နည်းနည်းဖြစ်ဖြစ် စဉ်းစားပေးဖို့ အကြောင်းပါပဲ။
သွန်းနေစိုး Thorn Nay Soe
by Thorn Nay Soe on Friday, October 12, 2012 at 11:45am

No comments:
Post a Comment