ကိုယ့်ပန်းချီကားကိုယ် စိတ်အလိုမကျဖြစ်မိတဲ့ ပြခန်းတခန်းလို
ကိုယ့်အရောင်အသွေးကိုယ် အတုအယောင်လို့ ထင်မှတ်လာတဲ့ ဒေါင်းတကောင်လို
ကိုယ့်ကျည်ဆံကိုယ် မြိုချခံထားရတယ်လို့ယူဆထားတဲ့ သေနတ်တလက်လို
အရှိတရားအားလုံး ကတ္တားခြားပုန်ကန်ချင်မိ
ပဉ္စလက်ဆန်ဆန်
ပစ်စလက်ခတ် ပစ်ချခံသွားရတာ (ဘ၀ထဲမှာ…)
တုံဏှိဘာဝေကလွဲလို့
ဘာတခုမှမည်မည်ရရ မရှိ ခုထိ
လိပ်ပတ်မလည်နိုင်သေးတဲ့
အတ္တပစ္စည်း အလင်္ကာပစ္စည်း အာရုံခံပစ္စည်း
နယ်စည်းမခြားပစ္စည်းများနှင့်
ခပ်တန်းတန်းဖြစ်ခဲ့ရသော မျက်နှာတချပ်
လူ့ တရပ်စာထဲမှာ
အတင့်ရဲရဲ (လူလာဖြစ်ရခြင်း....)
ဖင်မြီးထောင်ပြီး လည်နေတဲ့ ပုရွက်တကောင်လို
ကိုယ့်ရှုးကိုယ်ပတ်
ယုံကြည်ရာမိုက်တွင်းများနက်ခဲ့ရ
ဖြတ်လိုက် ညှပ်လိုက် ကပ်လိုက်နဲ့ 
တစိုက်မတ်မတ် ထူထောင်ခြားနား
(ကိုယ့်စိတ်နဲ့ သူများကိုယ်ကို…)
ပွဲဦးထွက်အကဲစမ်းမှုများမှ အဆင်း ဘီးဖြုတ်ခံရခြင်းများ
သူ့ အသံ သူသိပ်မကြိုက်တဲ့
ကလောက်ကလက် ကလောက်ကလက် နာရီရွေ့သံမှ
ဖဲ့ထုတ်ခံလိုက်ရသော second hand စက္ကန့်  မိနစ်ဝက်များ
သစ်စက်လို
ဖွာရရာကြဲ ဘာမှအသုံးမကျ အသုံးလည်း
ဘယ်သူမှလာမချ
အလေနတ္တောတိမ်တွေကမှ ဆည်းဆာမှာ ခဏလှပြခွင့်ရှိသေး
အသိအမှတ်ပြုမခံရခြင်းတွေထဲမှာ အသိအမှတ်ပြုခံရဘို့ 
တစုံတခုတော့ ထလုပ်ပြမှဖြစ်မယ် (လူလိုသူလို…)
ကိုယ့်ကိုယ်ကိုယ်လက်ထောက်ချရင်း
တံခါးမှာ ဘယ်သူ နံရံတွေ လာတပ်သွားတာလဲ
လက်သပ်မွေးထားတဲ့ မသိဘူးထဲမှာ
ဦးဦးဖျားဖျား အချစ်ရူး ရူးခဲ့မိသူတယောက်မှာ
ပြတိုက်ထဲက ပန်းချီကားတချပ်ရဲ့ကင်းဗတ်စ်စကို ညှပ်ထုတ်ခိုးယူသွားသလိုမျိုး
ဖြစ်ချင်ရာဖြစ်
အဓိပါယ် ခပ်မရှိတရှိ လူရယ်လို့ မသိတသိ
လူတန်းက မစေ့တစေ့
လူကြီးမင်းခေါ်ဆိုနေသောဖုန်းကို ဘယ်သူကဧရိယာ အပြင်ဘက် ကဲ့ ယူသွားရတာလဲ
အဲ့ဒီလို လူကိုလူလို လူကဲ့သို့ 
လူသားဆန်မှုမှ ဖယ်ကျဉ်အိပ်မက်ခံရသော
ရာသီစာ အာသာငမ်းငမ်းများကို ဒီဇယ်အင်ဂျင်လို
အနှိုး မီးပြပေးရအုံးမှာလား
စပိုင်ဝိုင်ထဲမှာ နစ်မနေနဲ့ ကောင်မလေး
သူ့ရဲ့
ဘုစုခရု အနမ်းများနဲ့
ပတ်ချွဲနပ်ချွဲ လုပ်ထားတဲ့ လောကကို
တစစီ ဖြုတ်ဖျက် ပြန်တပ်ဆပ်ပေးပစ်လိုက်ချင်ရဲ့
ဓမ္မဓိဌာန်ကျဘို့အတွက်ဆို အော်ဂလီဆန်ရဲရမယ်
တယူသန်- ဆန်ရဲရမယ်
ငယ်ငယ်တုန်းကလို
အဖေရုံးသွားချိန် ရေဒီယိုတလုံးလုံးဖြုတ်ပြီး ပြန်တပ်မရဖြစ်တာမျိုး
တကိုယ်လုံး ဗျာများနေတဲ့အမွှေးအမျှင်တွေ အကုန်ရိတ်ကြည့်လိုက်တာမျိုး
ကြွေပန်းကန်အကောင်းတွေခွဲပြီး ကြွေပန်းကန်စေ့ထောင်ပစ်လိုက်တာမျိုး
အဲ့ဒီလို ‘ဇ’ မျိုးနဲ့ ဇာတိရုပ်ကို
ကိုယ့်ကိုယ်ကိုယ် ပြန်လှပ်ပြကြည့်လိုက်ပါ
သိပ်မဝေးဘူး (သင်လိုချင်တာတွေ…)
သင်နဲ့  အကြားအလပ်မရှိ နယ်နိမိတ်ဘောင် အကန့် အသတ် မရှိ
အထက်စီးဆန်သော ခြွင်းချက်များ လုံးဝ မရှိ
ကတ္တားခြားခြင်း မရှိ
ပုဒ်ထီးပုဒ်မချထားခြင်း မရှိ ကီးချော်ခြင်း ချယ်နယ်လွဲခြင်း
မရှိ
ကိုယ့်ရင်ဘတ်ထဲ ချိတ်ဆွဲထားတဲ့ ပန်းချီကား ကိုယ်ကိုယ်တိုင် စိတ်တိုင်းကျလာစေရမယ်
ကိုယ့်အရောင်အသွေး ကိုယ့်အတောင်အလက်အားလုံး ကိုယ့်ကိုယ်က ထွက်တယ်
ကိုယ့်ကျည်ကပ်ထဲကကျည်ဆန် ကိုယ့်သေနတ်မောင်း ကိုယ်ဆွဲဖြုတ်ရုံဘဲ
ကဲ ဟေ့ ဟေ့ ကိုယ့်လူ
ဒီမှာ
လှုပ်တုတ် လှုပ်တုတ် လုပ်မနေနဲ့
ခင်ဗျား မြုပ်မသွားခင်မှာ
ကျုပ်ဆီက ထွက်မဲ့အသက် ဆက်ဆက်ဝင်ရှူသွားလိုက်ပါ……။…….။
လူလူလက်ျာ
by Lululattyar Yar on Wednesday, October 3, 2012 at 12:07pm ·

No comments:
Post a Comment