နိုင်ငံတကာသာဂိ၊ အောက်တိုဘာ
အောက်တိုဘာ ၁၆နေ့က နယူးယောက်ပြည်နယ်၊ ဟင်းစတက်အရပ်မှာ လက်ရှိသမ္မတနဲ့
ဝင်ရောက်ယှဉ်ပြိုင်သူ သမ္မတလောင်းတို့ရဲ့ ရွေးကောက်ပွဲအကြို စကားရေလုပွဲ
ကျင်းပခဲ့ကြတယ်။
လူထုတွေ့ဆုံပွဲပုံသဏ္ဍန်နဲ့ လူထုထဲက မေးခွန်းတွေကို
သမ္မတအရွေးခံလိုသူတွေက တယောက်တလှည့် ဖြေကြပါတယ်။ လက်ရှိသမ္မတ အိုဘားမားနဲ့
ပြိုင်ဖက် မစ်ရော်နီတို့က မဲဆွယ်သော အဖြေများ အပြိုင်အဆို
ဖြေကြတာကိုကြည့်ပြီး မဲဆန္ဒရှင်တို့က ဘယ်သမ္မတလောင်းကို မဲပေးမလဲလို့
ဆုံးဖြတ်ကြပါတယ်။
အဲသည်က မေးခွန်းတွေနဲ့ ဖြေဆိုပုံတွေကို ဆီလျော်သလို
ကောက်နုတ်ပြပါမယ်။ သင်သာ မြန်မာပြည်က ကြံ့ဖွံ့သမ္မတကြီးသာဆို
ဘယ်လိုဖြေမလဲ။
(၁) ကျောင်းသားတဦးမေး။ ။ ကျနော် အသက်
၂၀၊ ကျောင်းသား၊ ပတ်ဝန်းကျင်ကတော့ ပြောနေကြပြီ။ နင် ဘွဲ့ရပြီးရင်လည်း
အလုပ်ရဖို့ မသေချာဘူးတဲ့။ သမ္မတကြီးတို့က ဘယ်လို အာမခံချက်တွေ
ပေးနိုင်မှာလဲ။
မစ်ရော်နီ ဖြေ။ ။
ကျုပ်သမ္မတကြီးဖြစ်ရင် ဒါတွေကို ဖြေရှင်းပေးမယ်။ လွန်ခဲ့တဲ့ ၄ နှစ်
သက်တမ်းတလျောက် အခုသမ္မတရဲ့ လုပ်ရပ်တွေကြောင့် သင်တို့တတွေ အခုလို
ဒုက္ခရောက်နေတာ ဖြစ်တယ်။
အိုဘားမားဖြေ။ ။ ပြည်တွင်းမှာ
အလုပ်အကိုင်တွေ သည်ထက်ပိုပြီး ဖန်တီးရမယ်။ ပညာရေးစာရိတ်ကို
သက်သာအောင်လုပ်ရမယ်။ ပြည်ပမှာ စစ်တွေတိုက်နေမယ့်အစား ပြည်တွင်းမှာ
ပြန်လည်ဆောက်လုပ်ရေး တည်ဆောက်ရေးတွေ ပိုလုပ်ရမယ်။ ဒါဆိုရင်
သင်တို့အတွက် အလုပ်အကိုင်တွေ သေချာမယ်။
(သမ္မတကြီး ဦးသိန်းစိန်) ။ ။ မြန်မာပြည်မှာ ဘွဲ့ရမှ အလုပ်ရမယ် ဟုတ်လား၊ ဟား ဟား ဟား ။
(၂) လူကြီးတဦးက မေး။ ။ သမ္မတကြီးခင်ဗျား…
သင့်စွမ်းအင်ဝန်ကြီး မစ္စတာချုကပြောတာကတော့ တိုင်းပြည်မှာ ဆီဈေးတွေ
ကျအောင်လုပ်ပေးဖို့ အစိုးရမှာ တာဝန်မရှိဘူးတဲ့။ အဲဒါကို သမ္မတကြီးက
သဘောတူပါသလား။
အိုဘားမားဖြေ။ ။ ပြည်တွင်းမှာ
စွမ်းအင်သုံးစွဲမှုတွေကို ပြုပြင်ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။
သမရိုးကျစွမ်းအင် အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲနေတာ အားကိုးနေတာကနေ
အခြားသဘာဝစွမ်းအင်တွေဖြစ်တဲ့ လေ၊ နေက ရတဲ့ စွမ်းအင်တွေကိုပါ
ထုတ်နုတ်သုံးစွဲရမယ်။ ပြည်တွင်းမှာ စွမ်းအင်သုံးစွဲမှုတွေ
ခေတ်ဆန်းလာတာနဲ့အမျှ ဆီဈေးတွေလည်း လျော့ကျလာစေမှာ ဖြစ်ပါတယ်။
မစ်ရော်နီဖြေ။ ။ ပြည်တွင်းက စွမ်းအင်ကုမ္မဏီကြီးတွေကို ကန့်သတ်ထားတဲ့ လက်ရှိသမ္မတကြီးရဲ့ ပေါ်လစီတွေကို လှန်ပစ်ရမယ်။ သမရိုးကျ
စွမ်းအင် အရင်းအမြစ်တွေ သည်ထက်ပိုပြီး ထုတ်နုတ်သုံးစွဲမှ
အခြားပြည်ပနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်မယ်၊ သူတို့ကိုလည်း
အားကိုးနေစရာမလိုဘူး ဖြစ်မယ်။
(သမ္မတကြီး ဦးသိန်းစိန်) ။ ။ ဆီဈေးတွေတက်အောင်လုပ်တဲ့ ကျုပ်တို့နဲ့ အမျိုးအဆွေမဟုတ်တဲ့ သူတွေကို ဖမ်း၊ လမ်းဘေးက ဆီမှောင်ခိုတွေကို ဖမ်း။ ဟား ဟား ဟား။
(၃) အမျိုးသမီးတဦးက မေး။ ။ ဒါကတော့
ပြိုင်ဖက် မစ်ရော်နီကို မေးတာပါ။ သင်သာ သမ္မတကြီးဖြစ်ခဲ့ရင်
ဝင်ငွေခွန်တွေထဲက သက်သာခွင့်တွေကို ပယ်ဖျက်ပစ်မယ်လို့ ဆိုတယ်။
အခွန်တွေလည်း လျော့ကောက်မယ်လို့လဲ ပြောတယ်။ အခွန်သက်သာခွင့်တွေပါ
ပယ်ဖျက်မယ်ဆိုတော့ အိမ်ဝယ်ခွန် သက်သာခွင့်၊ ပညာသင် စာရိတ်သက်သာခွင့်၊
ကလေးစာရိတ်သက်သာခွင့်၊ အလှူငွေ သက်သာခွင့်တွေတွေကို ပယ်ဖျက်မယ်သာဆိုရင်
ကျမတို့ လူလတ်တန်းစားတွေအတွက် အရေးပါတဲ့ သက်သာခွင့်ကို ထိခိုက်စေမယ်
မဟုတ်လား။
မစ်ရော်နီဖြေ။ ။ ဒါတွေဟာ
လူလတ်တန်းစားတွေရဲ့ အခွန်သက်သာဖို့အတွက် အရေးပါတယ်ဆိုတာ လက်ခံပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်သက်တမ်းမှာ လက်ရှိသမ္မတကြီးကြောင့် သင်တို့
လူလတ်တန်းစားတွေ အခုလို ဒုက္ခရောက်နေတာကို ကျနော်သာ သမ္မတကြီးဖြစ်ခဲ့ရင်
ကယ်တင်မှာ ဖြစ်ပါတယ်။
အိုဘားမားဖြေ။ ။ ကျနော်အုပ်ချုပ်တဲ့
သက်တမ်း ၄ နှစ်တလျောက်လုံးမှာ အကြိမ်ကြိမ် လူလတ်တန်းစားတွေ၊
လုပ်ငန်းအလတ်တွေ၊ အငယ်တွေ သက်သာစေဖို့ အခွန်အခတွေ အများကြီး
လျော့ပေါ့ပေးခဲ့တယ်။ အခွန်ဥပဒေရဲ့ ဟာကွက်တွေကို အမြတ်ထုတ်ပြီး
အခွန်အခမပေးဘဲ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေကို
စီးပွားရေးလုပ်ငန်းကြီးတွေကို အခုလို စီးပွားကျချိန်မှာ စနစ်တကျ
အခွန်တိုးကောက်နိုင်ဖို့ ကျနော် အမြဲလုပ်ခဲ့တယ်။ မစ်ရော်နီနဲ့
ရီပတ်ဘလစ်ကန်တွေကတော့ လူ့မလိုင် ၁ ရာခိုင်နှုန်းအတွက် အခွန်သက်သာဖို့
သူတို့ စားသာဖို့ပဲ လုပ်နေတာ ဖြစ်တယ်။ ကျနော်တို့တိုင်းပြည်မှာ
လူလတ်တန်းစားတွေ တိုးတက်မှ တိုင်းပြည် တိုးတက်မှာ ဖြစ်ပါတယ်။
(သမ္မတကြီး ဦးသိန်းစိန်) ။ ။ ဘာအခွန်တွေ အခတွေ လာ ပြောနေတာလဲ။ ဟား ဟား ဟား။
(၄) အမျိုးသမီးတဦးက မေး။ ။
အလုပ်ခွင်ထဲမှာ အမျိုးသမီးတွေရဲ့ လစာဟာ အမျိုးသားတွေရဲ့ ၇၂ ရာခိုင်နှုန်း
ပဲရတယ်။ အဲသည်အတွက် အမျိုးသားတွေနဲ့ အမျိုးသမီးတွေ
တန်းတူခံစားခွင့်တွေအတွက် ဘာတွေ ပြောချင်သလဲ။
အိုဘားမားဖြေ။ ။ ကျနော့်သက်တမ်းမှာ
အမျိုးသမီးတွေရဲ့ အလုပ်ခွင်ခံစားချက်တွေကို ကာကွယ်တဲ့ ဥပဒေတွေ၊
စည်းမျဉ်းတွေ ပြဌာန်းနိုင်ခဲ့တယ်။ ကျနော့်အဖွားကိုယ်တိုင်က
ယောကျားတွေနဲ့ လစာတန်းတူမရဘဲ အလုပ်လုပ်ပြီး ကျနော်တို့ကို ကျွေးမွေး
ပျိုးထောင်ပေးခဲ့သူ ဖြစ်တယ်။
မစ်ရော်နီဖြေ။ ။ ကျနော်
ပြည်နယ်ဝန်ကြီးချုပ်လုပ်တုန်းက ကျနော့်အစိုးရအဖွဲ့မှာ မိန်းမတွေ
အလုပ်လျောက်တာ မရှိလို့၊ မိန်းမတွေ အလုပ်လျောက်ဖို့
လိုက်တိုက်တွန်းခဲ့တယ်။ အဲဒါနဲ့ အလုပ်လာလျောက်တဲ့ မိန်းမတွေများ
ကျနော်ဖိုင်တွဲကြီးနဲ့ အပြည့်ပဲ။ (အဲသည်လို Binder full of women ဆိုတဲ့
အသုံးဟာ အမေရိကားမှာ လူပြောအများဆုံး စကားဖြစ်သွားခဲ့ပါတယ်၊
အတော်ဟာသမြောက်တဲ့ အသုံးပါ)
(သမ္မတကြီး ဦးသိန်းစိန်) ။ ။ အမျိုးသမီးတွေ တန်းတူခံစားခွင့်၊ လူတိုင်း ထောင်ဒဏ် အနှစ် ၆၀ အတူတူပဲလေ။ ဟား ဟား ဟား။
(၅) လူတဦး၏ အမေး။ ။ လက်ရှိ အိုဘားမား ၎
နှစ်ကိုလည်း သဘောမကျလှပါဘူး။ အယင် ရီပတ်ဘလစ်ကန် သမ္မတဘွခ်ျလက်ထက်က
ဟာတွေလည်း မကြိုက်ပါဘူး။ မစ်ရော်နီက ပြောင်းလဲမှုတွေ လုပ်ပေးမယ်ဆိုရင်
သင်နဲ့ ပါတီချင်းတူတဲ့ ဂျော့ခ်ျဘွတ်နဲ့ သင်နဲ့ ဘယ်လို ကွာခြားမှာလဲဆိုတာ
ဖြေပါ။
မစ်ရော်နီဖြေ။ ။ မစ္စတာဘွတ်နဲ့
ကျနော်နဲ့ မတူပါဘူး။ ဘွတ်ခ်ျ အချိန်နဲ့ ကျနော့်အချိန်နဲ့ မတူပါဘူး။
တချိန်စီ ဖြစ်ပါတယ်။ အခုချိန်မှာ အရင် ဘွတ်ခ်ျမလုပ်ခဲ့သလို၊ အခု
အိုဘားမားမလုပ်နိုင်ခဲ့တဲ့ ကျနော်တို့ရဲ့ ကုန်သွယ်ရေး ပြိုင်ဖက်
တရုတ်ကို အပြတ်ကိုင်ပစ်မှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ အလွန်အမင်း
ဆိုးရွားနေတဲ့ ထီလျံနဲ့ချီတဲ့ လိုငွေပြမှုတွေကိုလည်း လျော့ချပစ်မှာ
ဖြစ်ပါတယ်။ အိုဘားမား အတည်ပြုခဲ့တဲ့ ဥပဒေတွေကိုလည်း ပြန်ပြီး လှန်ပစ်မှာ
ဖြစ်ပါတယ်။
အိုဘားမားဖြေ။ ။ ဟုတ်တယ်။
မစ်ရော်နီနဲ့ ဂျော့ခ်ျဘွတ် မတူပါဘူး။ ဘွတ်ခ်ျလက်ထက်မှာ အခု မစ်ရော်နီ
တင်သွင်းနေတဲ့ လူလတ်တန်းစားတွေကို ဖိနှိပ်ကန့်သတ်တဲ့ အဆိုတွေ၊
သက်ကြီးရွယ်အိုတွေကို ဆေးကုသခွင့် ကန့်သတ်တဲ့ သဘောထားတွေ မရှိခဲ့ဘူး။
ကျနော်တို့က ခေတ်ကို နောက်ပြန်မဆွဲဘူး။ ရှေ့ကို ပိုပြီး တိုးတက်အောင်
ဆက်လုပ်သွားမယ်။
(သမ္မတကြီး ဦးသိန်းစိန်) ။ ။
ဘွတ်ခ်ျနဲ့ ကျနော် တူတာ တခုပဲ ရှိပါတယ်။ သူလည်း ဖိနပ်နဲ့ အပေါက်ခံရတယ်။
ကျနော်လည်း အပေါက်ခံရတယ်။ ပေါက်တဲ့သူ ဘယ်ဒူလဲ သိလား။ ဟား ဟား ဟား။
မိုးမခမီဒီယာ

No comments:
Post a Comment