Monday, 29 October 2012

ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်ပိုင်ဆိုင်တဲ့ ၀န်ကြီးချုပ်


ဝမ်ကျားပေါင် ၀န်ကြီးချုပ်ဖြစ်စဉ်ကာလအတွင်း သူ၏ ဆွေမျိုးသားချင်းများမှာ အလွန်အမင်း ကြွယ်ဝချမ်းသာလာခဲ့ပြီး ပိုင်ဆိုင်မှုစုစုပေါင်း ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ရှိနိုင်ကြောင်း နယူးယောက်တိုင်းမ်ဖော်ပြ

Monday, 29 October 2012 10:51

တရုတ်ဝန်ကြီးချုပ်အဖြစ် ၀မ်ကျားပေါင် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း သူ၏ဆွေမျိုးသားချင်းများမှာ အလွန်အမင်း ချမ်းသာကြွယ်ဝလာခဲ့ပြီး ပိုင်ဆိုင်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ
၇ ဘီလျံ အထိ ရှိနိုင်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ၏ စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယခုအခါ အသက် ၉၀ ရှိပြီဖြစ်သော ၀မ်၏မိခင်သည် တစ်ချိန်က ကျောင်းဆရာမ တစ်ဦးဖြစ်ခဲ့ဖူးပြီး ဖခင်မှာ ၀က်ကျောင်းခဲ့ရသူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ၀မ်ကိုယ်တိုင်က သူ့ငယ်စဉ်ဘ၀မှာ အလွန်အမင်း ဆင်းရဲခဲ့ကြောင်း ၀န်ခံခဲ့ဖူးသည်။ ယခုအခါ ၀မ်၏မိခင် ယန်ကျီးယွမ်မှာ ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ရုံမျမက အလွန်အမင်း ချမ်းသာကြွယ်ဝလာခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဘဏ္ဍာရေးမှတ်တမ်းများကို ကိုးကားပြီး ဖော်ပြထားသည်။ ယန်ကျီးယွမ်၏ အမည်ဖြင့် တရုတ်ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံထားမှုပင်လျင် လွန်ခဲ့သည့် ငါးနှစ်က အမေရိကန်ဒေါ်လာ သန်း ၁၂၀ မျှ တန်ဖိုးရှိသည်ဟု သိရသည်။ ယန်ကျီးယွမ်၏ ကြွယ်ဝချမ်းသာမှု မည်မျှရှိသည်ကို သူကိုယ်တိုင်သိရန်ပင် မသေချာသော်လည်း ယင်းကြွယ်ဝမှုများမှာ ၀မ်ကျားပေါင် ၁၉၉၈ ခုနှစ်တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ရရှိလာခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

ဝမ်၏ သား၊ သမီး၊ ညီ၊ ယောက်ဖများ အပါအ၀င် ၀မ်၏ဆွေမျိုးများသည် ၀မ် အာဏာရစဉ် ကာလအတွင်း အလွန်အမင်း ကြွယ်ဝလာခဲ့ကြသည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ ပိုင်ဆိုင်မှုအများစု တွင် ဆွေမျိုးများမှာ နာမည်ခံထားခြင်းမရှိဘဲ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ စီးပွားရေးမိတ်ဖက်များနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုအသွင်ဖြင့် ရှိနေသည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

တရုတ်ရှိ အခြားစီးပွားရေးလုပ်ငန်းသစ်များနှင့် မတူဘဲ ၀မ်၏ မိသားစုအသိုင်းအ၀ိုင်းနှင့် ပတ်သက်သော လုပ်ငန်းများမှာ တရုတ်အကြီးဆုံး ဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း China Mobile အပါအ၀င် နိုင်ငံပိုင်ကုမ္ပဏီများ၏ ဘဏ္ဍာရေးအရ ထောက်ပံ့မှုများကို ရရှိခဲ့သည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ယင်းလုပ်ငန်းများသည် အာရှ၏ အချမ်းသာဆုံးလုပ်ငန်းရှင်ကြီးများ၏ ပံ့ပိုးမှုကို ရရှိနေသည်ဟု ဆိုသည်။ ၀မ်၏ဆွေမျိုးများသည် ဘဏ်များ၊ ကျောက်မျက်ရတနာ လုပ်ငန်းများ၊ အပန်းဖြေစခန်းများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ အခြေခံအဆောက်အဦ စီမံကိန်းများတွင် ရှယ်ယာများ အမြောက်အမြား ပိုင်ဆိုင်ထားကြသည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြသည်။

ပိုင်ဆိုင်မှုများတွင် ပေကျင်းမှ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း၊ နိုင်ငံမြောက်ပိုင်းမှ တာယာစက်ရုံ၊ နာမည်ကျော်ငှက်သိုက်ပုံ အားကစားကွင်းအပါအ၀င် ပေကျင်းအိုလံပစ် အားကစားရုံများ တည်ဆောက်သည့်လုပ်ငန်းများ၊ ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သော ပင်အန်းအာမခံကဲ့သို့သော လုပ်ငန်းကြီးများအထိ ပါဝင်နေသည်ဟု သတင်းက ဖော်ပြသည်။

ယင်းသတင်းကို ဖော်ပြခဲ့ပြီးနောက် တရုတ်အာဏာပိုင်များသည် နယူးယောက်တိုင်းမ် သတင်းစာ၏ အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာဖြင့် လွှင့်တင်သော ၀က်ဘ်ဆိုက်များကို နိုင်ငံတွင်းကြည့်ရှု၍ မရနိုင်အောင် ပိတ်ပစ်ခဲ့သည်။ တရုတ်လူမှုရေး ၀က်ဘ်ဆိုက်များတွင်လည်း ''နယူးယောက်တိုင်းမ်''၊ ''၀မ်ကျားပေါင်'' ဆိုသော စကားလုံးများ ရှာဖွေမရနိုင်အောင် ပိတ်ပစ်ခဲ့သည်ဟု စီအင်န်အင်န်သတင်းဌာနက ဖော်ပြသည်။

ယင်းသတင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လီက ''ဒါဟာ တရုတ်ပုံရိပ်ကို ထိခိုက်အောင် မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာပါ'' ဟု ဝေဖန်ခဲ့သည်။

Ref;NYTimes,CNN

စက်တင်ဘာလ ၂၉ ရက်နေ့က ပြည်သူ့မဟာခန်းမဆောင်တွင် ကျင်းပသည့်(၆၃)ကြိမ်မြောက် အမျိုးသားနေ့တွင် တွေ့ရသည့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်

  Eleven Media Group

No comments:

Post a Comment