Sunday, 28 October 2012

စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ အလုပ်သမားရေးရာ သံမှူးများထားရန် စီစဉ်




မြန်မာရွှေ့ပြောင်းလုပ်သားများ တတိယနှင့် ဒုတိယအများဆုံးသွားရောက်မှုရှိသည့် စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများ၌ အလုပ်သမားရေးရာသံမှူး(Labour Attache)များ ထားရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။


အလုပ်သမားရေးရာသံမှူး (Labour Attache) များကို ပြည်ပနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အလုပ်သမားအခွင့်အရေးများရရှိစေရန်နှင့် ဖြစ်ပေါ်လာသည့်အခက်အခဲများဖြေရှင်းပေးရန် ရည်ရွယ်ထားရှိခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နှစ် နိုင်ငံအစိုးရချင်းသဘောတူညီမှုဖြင့် လုပ်သားစေလွှတ်လျက်ရှိသည့် ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့၌ အလုပ်သမားရေးရာသံမှူးများစီစဉ် ထားရှိပြီးဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က''မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးတွေရရှိရေးနဲ့ အခက်အခဲတွေဖြေရှင်းပေးရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လာမဲ့ကာလတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများများရှိတဲ့နေရာမှာ (Labour Attache) ထားရှိရေးဆောင် ရွက်ဖို့ စီစဉ်သွားမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အလုပ်သမားရေးရာသံမှူးများအား သက်ဆိုင်ရာနိုင်ငံများ၏ မြန်မာသံရုံးများ၌ပင် တွဲဖက်ထားရှိခြင်းဖြစ်ပြီး ထပ်မံထားရှိမည့် Labour Attache များကိုလည်း သံရုံးများ၌ပင် ထားရှိမည်ဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့် အခက်အခဲနှင့် အခွင့်အရေးဆိုင်ရာတိုင်ကြားလိုပါက တိုင်ကြားနိုင်ကြောင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment