Saturday, 1 September 2012

The Voice Daily Newsletter 01 September 2012 ။


by ကိုဝိုင် ဝိုင်ကေ on Sunday, September 2, 2012 at 12:53am ·
ထိုင်းဝန်ကြီးချုပ် မြန်မာသို့ လာရောက်ရေး မီးစိမ်းစောင့် ။

ရန်ကုန်၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံသို့ ယခုလ အတွင်း လာရောက်မည် ဆိုထားသော ထိုင်း ဝန်ကြီးချုပ်၏ ခရီးစဉ်မှာ နေပြည်တော်၏ မီးစိမ်း စောင့်နေဆဲ ဖြစ်ကြောင်း အစိုးရ အိမ်တော် သတင်း အရင်းအမြစ်ကို ကိုးကား၍ ဘန်ကောက် မြို့တော် အခြေစိုက် The Nation သတင်းတွင် ဖော်ပြထားသည်။


ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် တည်ဆောက်ရေး ကိစ္စရပ်များကို အလေးပေး ဆွေးနွေးဖွယ် ရှိ သော ထိုင်းဝန်ကြီးချုပ် ယင်းလတ်၏ ခရီးစဉ်ကို စက်တင်ဘာ ၁၉ မှ ၂၁ ရက်နေ့အထိ စီစဉ် ထားကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဆူရာပွန်က ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောဆိုထားသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းရေးမှုးနှင့် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု ဘုတ်အဖွဲ့ (NESDB) အထွေထွေ အတွင်းရေးမှူး တို့ ဦးဆောင်သော အဖွဲ့များကို ပြီးခဲ့သည့် ရက်သတ္တပတ်က ထားဝယ်သို့ စေလွှတ်ခဲ့ပြီး အစည်းအဝေး အတွက် ကြိုတင်ပြင်ဆင် စေခဲ့ကြောင်း ယင်းက ဆိုသည်။

မြန်မာသမ္မတကြီး ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ပြီးနောက် ထားဝယ် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းနှင့် ပတ်သက်သည့် စီမံချက် စာတမ်းကို မြန်မာသို့ ပေးပို့ထားကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးရာ အတွင်းရေးမှူး မစ္စတာ စီဟစပ် ဖူအမ်ကပ်ကွိုင်က ပြောကြားသည်။

 “နှစ်နိုင်ငံ အစိုးရ အနေနဲ့ ထားဝယ် စီမံကိန်းနဲ့ ထိုင်းနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းကို အထောက်အပံ့ ဖြစ်စေမယ့် စီမံချက် အသစ် အတိုင်း အတူလက်တွဲ ဖော်ဆောင် သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်း၏ အနောက်ဘက် ကုန်သွယ်ရေး ပင်လယ် ထွက်ပေါက်အတွက် များစွာ အရေးပါသော ထားဝယ် စီမံကိန်းကို အကောင်အထည် ဖော်ရန် ထိုင်းအစိုးရက စိတ်အား ထက်သန်လျက် ရှိသည်။

မုံရွာတွင် ဈေးဆိုင်ခန်းသစ် လေလံကြမ်းခင်းဈေး ကွဲလွဲ၍  ပွဲပျက် ။

မုံရွာ၊ စက်တင်ဘာ ၁

မီးသင့် ချင်းတွင်းရတနာ ဈေးသစ်ကြီး အပေါ်ထပ်ရှိ ဆိုင်ခန်း ၉ ခန်း လေလံတင် ရောင်းချရာတွင်  ကြိုတင် ကြေညာသည့် ဈေးနှင့် အမှန်တကယ် ဖွင့်သည့် ကြမ်းခင်းဈေးများ ကွဲလွဲ ခဲ့သောကြောင့် ပွဲကို ဖျက်သိမ်း ခဲ့ကြောင်း ယင်းလေလံပွဲသို့ လေလံဆွဲရန် သွားရောက်ခဲ့သည့် မုံရွာမြို့ခံတစ်ဦး ကပြောကြားသည်။

ဆိုင်ခန်းအတွက် မူလ ကြေညာထားသော ကြမ်းခင်းဈေးမှာ ၃၂.၇ သိန်းဟု ဆိုသော်လည်း ယနေ့ ပြုလုပ်သည့် လေလံ တင်ရောင်းချပွဲ တွင်မူ ယင်း၏ ကြမ်းခင်းဈေးမှာ သိန်း ၆၀ သိန်း အထိ ဖြစ်ခဲ့ကြောင်း ယင်းက ဆိုသည်။

“လူတစ်ဦးဆို ၃၂ သိန်းကျော်တန် အခန်းအတွက် သိန်း ၅၀ လောက်ယူလာပြီး လေလံ လာဆွဲတာ ကြမ်းခင်းဈေးကိုက သိန်း ၆၀ ဆိုတော့ ထပြန် သွားရတယ်”ဟု ချင်းတွင်း ရတနာဈေးမှ ဆိုင်ခန်းရှင် တစ်ဦးက ပြောကြားသည်။

ဆိုင်ခန်း ရောင်းချရန် ကြေညာချက် ထုတ်စဉ်က မှားယွင်း ထုတ်ပြန် ခဲ့သဖြင့် ထိုသို့ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး ပြန်လည် ပြင်ဆင်ချက် ထုတ်ပြန်ကာ လေလံပွဲ ထပ်မံ ကျင်းပမည်ဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားသည်။

“ဆိုင်ခန်း တန်ဖိုးလို့ ရေးရမှာကို ကြမ်းခင်းဈေးလို့ ရေးပြီး ကြေညာခဲ့ မိတယ်”ဟု ၄င်းက ဆိုသည်။မူလ ကြေညာချက်တွင် ဆိုင်ခန်း ၉ ခန်း အနက် ဆိုင်ခန်း ၂ ခန်းမှာ ၆၅ သိန်းဖြင့်ကြမ်းခင်းဈေး ဖွင့်ထားပြီး အခြားဆိုင် ခန်း ၇ ခန်းမှာ ၃၂.၇ သိန်း ဈေးဖွင့်ထားသည်။

မန္တလေး နည်းပညာ တက္ကသိုလ်တွင် ဗုံးလန့် ။

မန္တလေး၊ စက်တင်ဘာ ၁

မန္တလေး မြို့တော်ရှိ နည်းပညာ တက္ကသိုလ်တွင် သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင်  ဗုံးလန့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများ ထံမှ သိရသည်။   ကျောင်းဆင်းချိန် ညနေပိုင်းတွင် သန့်ရှင်းရေး လုပ်ကိုင် သူများက ကျောင်းစာသင်ခန်းများ ပိတ်ရန် အသွား မွေးနေ့ပွဲများ ကျင်းပရာတွင် အသုံးပြုလေ့ရှိသော စက္ကူ ပန်းထုပ်ကို ဗုံးဟု ယူဆပြီး သက်ဆိုင်ရာ ကျောင်းဌာန အကြီးအကဲများထံ သွားရောက် အကြောင်းကြားရာမှ ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းတို့ထံမှ သိရသည်။   သန့်ရှင်းရေး လုပ်ကိုင်သူများက ယင်းကဲ့သို့သော အထုပ်ကို မမြင်ဖူးသဖြင့် ဗုံးဟု ယူဆခဲ့ခြင်း ဖြစ်ပြီး အသံထွက်၍ ဗုံးလန့်ခြင်း မဟုတ်ကြောင်း တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

သာကေတ ရှုခင်းသာလမ်း ယာဉ်တိုက်မှု ဘုန်းတော်ကြီး တစ်ပါး ပျံလွန် ။

ရန်ကုန်၊ စက်တင်ဘာ ၁

ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော သာကေတ - ရှုခင်းသာ လမ်းမကြီးတွင် သြဂုတ်လ ၂၉ ရက်နေ့၌ လိုက်ထရက် အဖြူရောင် ယာဉ်တစ်စီးသည် အရှိန်လွန်၍ ကွန်တိန်နာ ယာဉ်ဖြင့် ခေါင်းချင်းဆိုင် တိုက်မိရာမှ သံဃာတစ်ပါး ပျံလွန် တော်မူကြောင်း အဆိုပါ သံဃာများ တင်ဆောင် ကုသနေသော ဦးနှောက်နှင့် အာရုံကြောဌာန ထံမှ သိရသည်။

နေအိမ်တွင် ဆွမ်းကပ်ရန် သံဃာတော်နှင့် သာမဏေ စုစုပေါင်း ၁၀ ပါး နှင့် ဘုန်းကြီး ကျောင်းသားနှစ်ဦး ယင်းယာဉ်ပေါ်တွင် တင်ဆောင်လာရာမှ ထိုသို့ တိမ်းမှောက်ခဲ့ ခြင်းဖြစ်ကြောင်း ယင်းတို့ထံမှ သိရသည်။

"စိုးရိမ်ရတယ်ဆိုတဲ့ သံဃာတွေက ဆေးရုံမှာ ကုသနေတုန်းပါ '' ဟု  ရန်ကုန် ဆေးရုံကြီး မူခင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

 ၇ လမ်း ဆယ်ကျော်သက် အသတ်ခံရမှု ဇာတ်ကား လာမည့်လ ပြမည် ။

ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်မြို့တော်၊ လမ်းမတော်မြို့နယ် ၇ လမ်း တွင် ဖြစ်ပွားခဲ့သော ရွေထည် ပစ္စည်း သိန်း ၁၀၀ ကျော်ယူ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသူ အသတ်ခံရပြီး မီးရှို့ခဲ့သည့် ဖြစ်ရပ်ကို အခြေခံသည့် ဖြစ်ရပ်မှန် မှုခင်း ဇာတ်ကားကို အောက်တိုဘာလ ပထမပတ် အတွင်း ပြသမည် ဖြစ်ကြောင်း ယင်းဇာတ်ကား ရိုက်ကူးသည့် ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်) က The Voice Weekly သို့ ပြောကြားသည်။

၄၄ နာရီ ဟု အမည်ပေးထားသော ထိုဇာတ်ကားကို သရုပ်ဆောင် နိုင်းနိုင်း၊ ကလေး သရုပ်ဆောင် ယွန်းယွန်းတို့က အဓိက ပါဝင်ပြီး နိုင်ငံပိုင် ရုပ်သံ မီဒီယာများမှ တဆင့် ပြသမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

လွန်ခဲ့သော ၃လ ခန့်က ဖြစ်ပွားခဲ့သော ယင်းမှုခင်းသည် စတင် ဖြစ်ပွားချိန်မှ တရားခံ ဖမ်းဆီး ရမိသည် အထိ ၄၄နာရီ ကြာမြင့်ခဲ့ပြီး အမှု ဖော်ထုတ်ခဲ့သည့်  ရဲတပ်ဖွဲ့ဝင်များ၏ နာမည်ကြီး လူသတ်မှု တစ်ခုကို အမြန်ဆုံး ဖော်ထုတ်နိုင်မှု အပေါ် ဂုဏ်ပြု ရိုက်ကူးခြင်း ဖြစ်ကြောင်း ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်) က ပြောကြားသည်။


သံလျင် ကြယ်စင်မြို့တော် စီမံကိန်း ကွန်ဒို ကြိုပွိုင့် စနစ်ဖြင့် ရောင်းချ ။

ရန်ကုန်၊ စက်တင်ဘာ ၁

စီးပွားရေး အခြေအနေ အရ ဖွံဖြိုး တိုးတက် လာနိုင်ဖွယ်နှင့် ရန်ကုန်မြို့ စီးပွားရေး လုပ်ငန်းများတွင် အချက်အခြာ ကျလာမည့် သန်လျင်မြို့နယ် သံလျင်တံတား အဆင်းရှိ STAR CITY  အိမ်ရာ စီမံကိန်းတွင် ၂၀၁၅ တွင် ပြီးစီးမည့် အဆောက်အဦ အမှတ်(၄) ရှိ သိန်း ၅၀၀ မှ ၂၅၀၀ ကျော်တန်ဖိုး  ကွန်ဒို အခန်းများကို ကြိုပွိုင့် စနစ်ဖြင့် ရောင်းချလျက် ရှိကြောင်း ယင်းအိမ်ရာ စီမံကိန်း အရောင်းနှင့် ဈေးကွက် မြှင့်တင်ရေး ဒါရိုက်တာ  ဦးစိုးသီဟလှိုင်က The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ကွန်ဒို အဆောက်အဦးမှာ သံလျင် တံတားအဆင်း၊ သံလျင်ဘက် ပဲခူးမြစ်ကို မေးတင်သော နေရာတွင် တည်ရှိပြီး အထပ် ၁၂ ထပ် အခန်းပေါင်း၂၆၄ ခန်း ပါဝင်သောကွန်ဒို ဖြစ်ကြောင်း၊ ယင်းကွန်ဒိုတွင် မြစ်ဘက်၊ ပန်းခြံ၊ ဂေါက်ကွင်း၊ ရေကူးကန်၊ ရန်ကုန်မြို့ အလှမြင်ကွင်းများကို ယူ၍ တည်ဆောက် ထားကြောင်း  ယင်း STAR CITY  အိမ်ရာ စီမံကိန်း ထံမှ သိရသည်။

ယင်း အဆောက်အဦရှိ ကွန်ဒိုများကို သြဂုတ်လ ၂၅ရက်နေ့တွင် စတင်၍ အရောင်း ဖွင့်လှစ် ရောင်းချရာ စက်တင်ဘာ ၁ ရက်နေ့အထိ ကွန်ဒို အခန်းပေါင်း ၂၀ ကိုရောင်းချပြီး ဖြစ်ကြောင်း အရောင်းနှင့် ပြန်ကြား ဆက်ဆံရေး တာဝန်ခံ ဦးညီခွန်းစံက ရှင်းပြသည်။

ပထမအရစ်တွင် စတင် ၀ယ်ယူပါက ၂၀ ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်ပြီး ဒုတိယ အရစ် ၅၀ ရာခိုင်နှုန်းကို ၁၈  လ အတွင်း ပေးချေရမည် ဖြစ်ကြောင်း၊ ကျန်ငွေ ၃၀ ရာခိုင်နှုန်းကို တိုက်ခန်း လွှဲပြောင်း ပေးအပ်ချိန်တွင် ပေးချေရမည် ဖြစ်ကြောင်း ယင်း အရောင်းဌာနမှ သိရသည်။

အဆိုပါ STAR CITY  အိမ်ရာ စီမံကိန်းတွင် အဆောက်အဦးပေါင်း ၂၀ လုံး၊ ကွန်ဒို အခန်းပေါင်း ၉၀၀၀ တည်ဆောက်ရန် ရှိပြီး၊ ဂေါက်ကွင်း ရေကူးကန်၊ စူပါမားကတ် နှင့် ယင်းအိမ်ရာမှ မြို့တွင်းသို့ သွားရန် ခရီးသွားယာဉ်များနှင့် ရန်ကုန်မြို့တွင်းသို့ ကူးတို့ ပြေးဆွဲရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်း  အရောင်းနှင့် ဈေးကွက် မြှင့်တင်ရေး ဒါရိုက်တာ  ဦးစိုးသီဟလှိုင်က ပြောကြားသည်။

အဆိုပါ STAR CITY  အိမ်ရာ စီမံကိန်းကို စင်ကာပူ အခြေစိုက် ROMA  STRATEGIC HOLDING က ၈၀ ရာခိုင်နှုန်းနှင့် FMI ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း မြှပ်နှံ ထားကြောင်း ဦးစိုးသီဟလှိုင်က ရှင်းပြသည်။


ဖိလစ်ပိုင်တွင် အင်အားပြင်း ငလျင် လှုပ်ခတ် ။

မနီလာ၊ စက်တင်ဘာ ၁

ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း ဆာမာကျွန်းတွင် သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းက ပြင်းအား ၇ ဒဿမ ၆ ပမာဏရှိ မြေငလျင် လှုပ်ခတ် သွားရာ ဆူနာမီ အရေးပေါ် ကယ်ဆယ် ပြောင်းရွှေ့ရေး လုပ်ဆောင်ချက်များ ပေါ်ပေါက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားများလည်း ပြတ်တောက် ခဲ့ကြောင်း BBC သတင်းဌာနက ဆိုသည်။

ပထမပိုင်းတွင် ဒေသတွင်း ဆူနာမီ သတိပေးချက်များ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းသွားသည်။ အမေရိကန် ပြည်ထောင်စု ဘူမိဗေဒ ဆိုင်ရာ စစ်တမ်း အဖွဲ့အဆိုအရ ငလျင်သည် ဆာမာကျွန်းနှင့် ၃၃ ကီလိုမီတာ အကွာတွင် ဗဟိုပြုကာ လှုပ်ခတ်သွားခြင်း ဖြစ်သည်။

ဒေသခံများနှင့် ဖိလစ်ပိုင် အာဏာပိုင်များ အဆိုအရ ငလျင် လှုပ်ခတ်ချိန်မှာ ကြာမြင့်ပြီး ပြင်းထန်ကြောင်း၊ လမ်းအချို့၊ တံတား အချို့ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် Cagayan de Oro စီတီတွင် အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးပြီး ကလေးငယ် တစ်ဦး ဒဏ်ရာ ရရှိသွားသည်ဟု အာဏာပိုင်များက ဆိုသည်။

ငလျင်လှုပ်ခတ်စတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဂျပန်၊ ပါပူးဝါးနယူးဂီနီ၊ ဂူအမ် တို့၌ ဆူနာမီ သတိပေးချက်များ ထုတ်ပြန် ခဲ့သော်လည်း ယခုအခါ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။


ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးအပါအဝင် (၄၈ ) ဦးကျဆုံး ။

ရန်ကုန် ဩဂုတ် ၃၁

အစိုးရတပ်ဖွဲ များနှင့်ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည့် ကျေးရွာ ကို ဝင်ရောက် ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။

No comments:

Post a Comment