Saturday, 1 September 2012

NLD ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့်တွေ့ ဆုံ


2.9.2012


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့လှုပ်ရှားဆောင်ရွက်မှုတွေ ဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ အတွက်
ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မညီညွတ်တာတွေရှိနေလို့လာရောက်ဆွေးနွေး
ဖို့ ဖိတ်ခေါ်တာ ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့ဟာ ရွေးကောက်ပွဲကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေးနဲ့အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည်တော်မှာ
သွားရောက်တွေ့ဆုံခဲ့ပါတယ်။



ဒီလိုတွေဆုံတာဟာ NLD ပါတီနဲ့ ရွေးကောက်ပွဲကော်မရှင်ကြား အဖြေ တစုံတရာ ထွက်ဖို့ ညှိနှိုင်းတာမျိုးမဟုတ်ဘဲ ဥပဒေ ဆိုင်ရာ
အချက်အလက်တွေပေါ် အမြင်သဘောထားကို အပြန်အလှန်
ဆွေးနွေးကြတာသာဖြစ်ကြောင်း NLD ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက RFA ကို ရှင်းပြပါတယ်။

"တွေ့ရတဲ့အကြောင်းကတော့ ပြည်ထောင်စုကော်မရှင်က ကျွန်တော်တို့ကို ဖိတ်လို့။ ဟိုကျတော့ အကြောင်းအရာကတော့ ပြည်ထောင်စုကော်မရှင် အနေနဲ့ ကျွန်တော်တို့နဲ့ တချို့သော အချက်အလက်တွေ ဥပဒေရေးရာ ကိစ္စတွေမှာ သဘောမတူ သဘောထားကွဲတာတွေ ရှိတယ်။ အဲဒီ ဥပဒေ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အမြင်ကို ကျွန်တော်တို့ ပြောတယ်။ ပြည်ထောင်စု ကော်မရှင်ဘက်ကလည်း သူ့အမြင် သူပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလို တွေ့ဆုံပြောဆိုတာဟာ ဆုံးဖြတ်ချက် တခုခု ရဖို့တော့ မဟုတ်ဘူး။ လူချင်းတွေ့ပြီး အမြင်ချင်းပြောကြတာပါ။ အထူးသဖြင့်တော့ ပါတီလှုပ်ရှားမှုတွေမှာ
ပြဌာန်းချက်နဲ့ ညီတယ်မညီဘူး ဆိုတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ ပါတီရဲ့ လုပ်ကိုင်နေတဲ့ ကိစ္စတချို့နဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုကော်မရှင်က အကြောင်းကြားတဲ့ စာတွေရှိတယ်။ အဲဒီ စာတွေမှာ ကျွန်တော်တို့နဲ့ သဘောထားချင်း မတိုက်ဆိုင်တာတွေ ပါတယ်။"

NLD ပါတီဟာ အောက်ခြေအဆင့်ကနေ ဗဟိုအဆင့်ထိ ဒီမိုကရေစီနည်းကျ
ပါတီတွင်းရွေးချယ်တင်မြှောက်ပွဲတွေ လုပ်နိုင်ဖို့ ပြီးခဲ့တဲ့မေလကစလို့
ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ပါတီဝင်သစ် လက်ခံစုဆောင်းတာမျိုး ရုံးခန်းသစ်တွေ ဖွင့်ပြီး ပါတီရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်တွေ ဖွဲ့စည်း
လုပ်ဆောင်တာမျိုးတွေ ရှိပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အခုလို NLD ပါတီတာဝန်ရှိသူတွေကို
ခေါ်ယူဆွေးနွေးတာဟာ NLD ပါတီလှုပ်ရှားမှုတွေနဲ့ သွယ်ဝိုက်ပြီး
သက်ဆိုင်နိုင်ကြောင်းNLD ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

No comments:

Post a Comment