Saturday, 29 September 2012

တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ်ရမည်





တိုက်ခန်းတွေရဲ့ နောက်ဖေးအရေးပေါ် လှေကားတွေကနေ ပြုတ်ကျပြီး သေဆုံးတဲ့ ဖြစ်ရပ်တွေ အဖြစ်များတဲ့ နောက်ပိုင်းမှာ တိုက်ခန်းတွေ ဆောက်တဲ့အခါ နောက်ဖေးလှေကားကို ကွန်ကရစ်နဲ့ ပြုလုပ်ခိုင်းလာတယ်လို
့ ဆောက်လုပ်ရေး ကုမ္ပဏီတချို့က ပြောပါတယ်။ တိုက်ခန်းအများစုမှာ နောက်ဖေးလှေကားတွေကို သံလှေကားတွေအဖြစ် အပါးလေးတွေ ပြုလုပ်ထားကြတယ်။ မီးသတ်လှေကား၊ အရေးပေါ်လှေကားအဖြစ် အသုံးပြုဖို့အတွက် သတ်မှတ်ထားရှိ ခိုင်းထားတာပါ။ တကယ့် လက်တွေ့မှာတော့ အသုံးပြုဖို့ အဆင်မပြေတာတွေ၊ မခိုင်ခံ့တာတွေ ရှိပါတယ်။ ရတနာမြိုင် ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ‘ကွန်ကရစ်နဲ့ လုပ်ရမယ်ဆိုတော့ ကုန်ကျစရိတ်တော့ ပိုများသွားနိုင်တယ်၊ ခိုင်ခံ့မှုကတော့ ပိုကောင်းသွားတာပေါ့၊ လက်ရှိ တိုက်ခန်းတွေမှာ အသုံးပြုနေတဲ့ လှေကားတွေက အရေးပေါ် အခြေအနေမှာ ပစ္စည်းထမ်းပြီး ဆင်းဖို့ဆိုတာ မဖြစ်နိုင်ကြပါဘူး၊ အခုလို သတ်မှတ်ပေးလိုက်တာ ကောင်းပါတယ်’ လို့ ဆိုပါတယ်။ တချို့ နောက်ဖေးအရေးပေါ် လှေကားတွေ ထားရှိပေမဲ့ လှေကားတွေကို ကိုယ့်အခန်းအဆင့်မှာ ပိတ်ထားတာမျိုးတွေ၊ အဝတ်လှန်းနေရာ ပြုလုပ်ထားတာမျိုးတွေကိုပဲ အသုံးပြုကြတာ များပါတယ်။ အရေးပေါ်လှေကား ထားရှိတာက အရေးပေါ်အခြေအနေမှာ လူတွေ အတက် အဆင်း ပြုနိုင်အောင် ပြုလုပ်ပေးထား တာလို့ သိရတယ်။ ‘နောက်ဖေးလှေကားမှာ အာရ်စီအုတ်နဲ့ အခိုင်အခံ အာရ်စီလှေကား ဆောက်ဖို့ ညွှန်ကြားထားတယ်၊ အခိုင်အခံ့ ဆောက်ရမယ်ဆိုတော့ လုံခြုံစိတ်ချရတာပေါ့၊ ကုန်ကျစရိတ်ကတော့ အရမ်းတိုးမလာနိုင်ပါဘူး’ လို့ ပြောပါတယ်။ အလုံမြို့နယ်မှာ အမျိုးသမီးတစ်ဦး နောက်ဖေးလှေကားမှာ ဖုန်းပြောရင်း ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သည်လို နောက်ဖေးလှေကားကနေ ပြုတ်ကျသေဆုံးမှုတွေ ရှိတာကြောင့် အခုလို အာရ်စီလှေကား ဆောက်လုပ်ဖို့ကို လွှတ်တော်မှာ ထည့်သွင်း ပြောကြားသွားတာဖြစ်ပြီး တရားဝင် ထုတ်ပြန်တာတော့ မရှိသေးဘူးလို့ သိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
Email This BlogThis! Share to Twitter Share to Facebook

No comments:

Post a Comment