Saturday, 29 September 2012

ငွေကျပ် ၁၀ တန်နှင့် ၂၀ တန်များ ဖျက်သိမ်းသည် ဆိုခြင်းသည် ကောလာဟလသာဖြစ်




ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း သတင်းထွက်ပေါ်နေသည့်ငွေကျပ် ၁၀ တန်နှင့် ၂၀ တန် ငွေစက္ကူများ ဖျက်သိမ်းသည် ဆိုခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော်ရှိမြန်မာနိုင်ငံတော် ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် နေပြည်တော်ဗဟိုဘဏ်မှ ငါးကျပ်တန်၊ ၁၀ တန်နှင့် ၂၀ တန် ငွေစက္ကူများကို ထုတ်ဝေလျက်ရှိပြီး နေပြည်တော်ရှိ ကုန်ပဒေသာဆိုင်များတွင်လည်း ယင်းတန်ဖိုးဖြင့်ဝယ်ယူနိုင်သောကုန်ပစ္စည်းများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ပြည်သူများအနေဖြင့် ယင်းသို့ သတင်းကြားသိပါက သက်ဆိုင်ရာ မြို့နယ်ရှိ မြန်မာ့စီးပွားဘဏ်များတွင် မေးမြန်းနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“နိုင်ငံတော်က တရားဝင်ထုတ်တဲ့ ငွေစက္ကူကို ငြင်းလို့မရဘူး” ဟု ၎င်းက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ နေပြည်တော်ဗဟိုဘဏ်ရှိ ပြောခွင့်ရ အရာထမ်းတစ်ဦးက “ဒီကိစ္စကို တာဝန်ရှိသူတွေကို သတင်းပို့ပေးပါ့မယ်။ ဒီငွေစက္ကူ အကြွေတွေကို တရားဝင် သုံးစွဲလို့ရပါတယ်။ အခုထိ ဖျက်သိမ်းမယ်ဆိုတာ မရှိပါဘူး” ဟု ဖြေကြားသည်။

ထိုသို့ ငွေစက္ကူအကြွေများ ဖျက်သိမ်းမည်ဆိုသော ကောလာဟလကြောင့် ရန်ကုန်မြို့ ဆင်ခြေဖုံး လူနေရပ်ကွက်များရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ မြို့စွန်ရပ်ကွက်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများမှ ယာဉ်နောက်လိုက်များသည် အဆိုပါ ငွေစက္ကူ အကြွေ ၁၀ တန်နှင့် ၂၀ တန်များကို ယခုလ ၁၈ ရက်နေ့မှ စတင်၍ လက်ခံခြင်း မရှိတော့ကြောင်း လှိုင်သာယာမြို့နယ် အလယ်ရွာ(၂၂) ရပ်ကွက်နေ ဒေသခံများက ပြောကြားသည်။

ငါးကျပ်တန်၊ ၁၀ တန်၊ ၂၀ တန် ငွေစက္ကူများ ဖျက်သိမ်း
လိုက်သည်ဟု မြန်မာ့ရုပ်မြင်သံကြားတွင် ကြေညာသွားကြောင်း
ကောလာဟလ သတင်းများ ပျံ့နေသည့်အတွက် ရန်ကုန်မြို့တော် ဆင်ခြေဖုံးမြို့နယ်များရှိ ကုန်စုံဆိုင်များတွင် ယင်းငွေစက္ကူများကို လက်မခံရဲကြကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒလနှင့် လှိုင်သာယာ မြို့နယ်များသို့ သွားရောက် စုံစမ်းမှုအရ သိရှိရသည်။ ယင်းငွေစက္ကူသတင်းမှာ လွန်ခဲ့သော နှစ်ရက် သုံးရက်အတွင်းက ရေဒီယိုတွင် ကြေညာကြောင်း ပျံ့နှံ့နေသဖြင့် လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်တို့တွင် နေထိုင်သူများအကြား ယင်းငွေစက္ကူများကို လက်ခံခြင်း မရှိတော့ကြောင်း ယင်းရပ်ကွက်တွင် ဆေးဆိုင်ဖွင့်ထားသူ ဦးအောင်မိုးက ပြောကြားသည်။

“ကျွန်တော်ကတော့ ဖုန်းခပေးလည်း ယူတယ်။ ပြန်လည်း အမ်းပေးနေတာပဲ။ မယူဘူးလို့ ငြင်းတာမျိုးတော့ မရှိသေးဘူး” ဟု လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်အနီးတွင် အများသုံးဖုန်းဆိုင် ဖွင့်ထားသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားခဲ့ကြောင်း
၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge
မြန်မာ တိုင်းမ်

No comments:

Post a Comment