Sunday, 9 September 2012

ကဗျာနှင့် ဆေးကြောထားသောအတ္တမဲ့နှလုံးသား


အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

စိတ်ဘဏ္ဍာတိုက်ထဲ သိမ်းထားသောအဖြစ်အပျက်တွေဆိုတာက တိုက်ဆိုင်မှု ခလုတ်တချက်ထိလိုက်ရုံနှင့် ဝေါကနဲထွက်ကျလာစမြဲ မ ဟုတ်လား။ ဒီတော့ ပြောမကုန်အောင်ရှိနေတော့သည်။ ကိုခင်ဇော်တစ်ယောက် အတိတ်ရဲ့ခေါ်ရာကို စီးမျောရင်း ဖွင့်ဟလာသော စကားလုံး တိုင်းမှာ အလွမ်းဓာတ်ပါနေသည် ။ စိတ်ထဲသိမ်းထားသော သူ့တပ်ရင်

းမှူး၏ အကြောင်းအရာတွေသည် သူ့အတွက် လတ်လတ်ဆတ်ဆတ် ကြီးရှိနေဆဲ။ အဖြစ်အပျက်တို့ကို နှုတ်မှသွန်ချနေယုံမဟုတ်တော့။ မျက်ဝန်းကပါ စကားပြောနေမှန်းသိသာသည်။ ရင်ထဲကလာသော အသံက နားထောင်ရသူကို ပိုလေးနက်စေတော့သည်။ အဖြစ်အပျက်လေးတစ်ခုကို သူပြောပြနေစဉ် သူနှင့် သူ့တပ်ရင်းမှူးဆက်ဆံရေးကို သာမက နှစ်ဦးးသား၏ ကျောင်းသားတပ်မတော်အပေါ်ထားသော တကယ့်စေတနာကိုတွေ့လိုက်ရသည်

“တပည့်တော် မဲဟောင်ဆောင်မှာရဲဖမ်းတုန်းက အဖြစ်အပျက်လေးကိုပြောပြရဦးမယ်”

သူရဲ့အဖြစ်အပျက်နှင့် ဗိုလ်တိုက်မောင်းကိုတွဲမှတ်မိနေသာ ကိုခင်ဇော်။ ဒီအဖြစ်အပျက်လေးလိုမျိုး သူ့ထံမှာများစွာရှိမည်ဆိုတာ ယုံသည်။ ဒီတော့ သူ့စကားကို သေချာနားစိုက်ထားလိုက်သည်။

“ထိုင်းဆိုတာက သိတဲ့အတိုင်းပဲဦးဇင်းရာ။ ရဲနဲ့ လိုက်တမ်းပြေးတမ်းကစားနေရတာ။ တပည့်တော်ကို ရဲကဖမ်းမိသွားတယ်။ ရွေးရင် ချက်ခြင်း လွတ်တဲ့ကိစ္စပါ။ တပည့်တော် အဖမ်းခံရတယ်ကြားတော့ ကိုတိုက်မောင်းဆီက စာလေးတစောင်ရောက်လာတယ်”

ဦးဇင်းရဲ့အတွေးထဲမှာက လက်အောက်ငယ်သားတွေအတွက်ဆို နက်နက်နဲနဲ အသိစိတ်ရှိနေသူတယောက်မို့ သူ့တပ်သားအတွက် ငွေ ထုပ်ပိုက်ပြီး အပြေးလိုက်လာမည်တွက်လိုက်မိသည်။

“စာထဲ ဘာပါတယ်ထင်လဲ။ မင်းကိုရွေးဖို့ငွေ ငါ့မှာအဆင့်သင့်ရှိပါတယ်။ မင်းကိုပေးလိုက်ရမည့်ငွေဟာ ဒီကရဲဘော်တွေတလစာပဲ ဒီတော့ ကွာ .. အဲ့ဒီမှာပဲ ဆက်နေလိုက်ဦး။ ဘာအလုပ်မှလုပ်ရတာမှ မဟုတ်တာ။ အေးအေးဆေးဆေး အနားယူလိုက်ဦးပေါ့တဲ့ဗျာ”

သူဒုက္ခနှင့်ကြုံတွေ့ရတာကိုပင် လွမ်းမောစရာဖြစ်နေသည်။ သူ့တပ်ရင်မှူး၏ လက်အောက်ငယ်သားတွေအတွက် ထားသောစိတ်ဓာတ်ကို လွမ်းတနေတာ သေချာသည်။ ဒီလိုအဖြစ်ပျက်မျိုးက သူတော်လှန်ရေးမရောက်ခင် ဒိုက်ဦးမြို့မှာ ကျောင်းဆရာလုပ်သော ၁၉၈၆-၈၇ နှစ် များဆီကို ပြန်လည် အမှတ်ရမိတော့သည်။

အိမ်ခြေလေးဆယ်ရွာလေးက တွဲဘက်အလယ်တန်းကျောင်း စလုပ်သောနှစ်မှာပင် သူကျောင်းဆရာဝင်လုပ်သည်။ သူ၏ အနစ်နာခံမှု၊ နောက် စာသင်တာမှာ စေတနာပါမှု၊ ဝင်ရောက်လုပ်ကိုင်သော ကျောင်းဆရာအားလုံး၏ လေးစားယုံကြည်ခံရမှု စတာတွေအပြင် ကျောင်း ကော်မတီ၏ အားကိုးအားထားဖြစ်မှုတွေပါထပ်ဆင့်လိုက်တော့ ကျောင်းအုပ်နေရာကို အားလုံးသဘောတူ လိုလိုလားလား တင်မြှောက်မှုကိုခံ ခဲ့ရသည်။

နွမ်းပါးသောမိသားစု၏ အကြီးဆုံးသားဖြစ်လာရမှုကပင် သူ့ကို ဒီလိုအမူအကျင့်တွေပေးလိုက်လေရော့သလားမသိ။ မိသားစုအတွင်း ညီ ညီမတို့အတွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးရင်း အတူလုပ်ဖော်ကိုင်ဖက်တွေအတွက် လိုအပ်လျှင် လိုအပ်သလို မားမားမတ်မတ် ရပ် တည်ပေးမှုဆိုတာ သူ့ဘဝအတွက်မဆန်းတော့သော လုပ်နေကျအလုပ်ဖြစ်နေတော့သည်။ သူကျောင်းဆရာဘဝမှာ အတူတူ လုပ်ဖော်ကိုင် ဖက် ကျောင်းဆရာများ၏ဆန္ဒကို သူသိနေရသည်။ ထိုကိစ္စက သူလည်းရင်ဆိုင်နေရသောကိစ္စတစ်ခုဖြစ်သည်။ မလောက်ငှသော လစာ အတွက် ဘယ်သူကမှမပြောရဲ။ ဒါကိုသိသော ကျောင်းဆရာ ကိုမင်းအောင် (ကိုတိုက်မောင်း၏ တော်လှန်ရေးထဲမရောက်မှီကနာမည်) သူ့ ကို အားလုံးကယုံယုကြည်ကြည်အပ်နှင်းထားသောခေါင်းဆောင်မှုကို သူတန်ဖိုးထားသည်။ အရေးကြုံလာလျှင် ရှောင်ထွက်ပြေးသောသူစားမျိုးမဟုတ်။ တောင်းဆိုမှုကို သူစတင်လိုက်သည်။ ကျောင်းကော်မတီနှင့်အတိုက်အခံလုပ်ပြီး ပြောဆိုရသောကိစ္စမို့ မအောင်မမြင်ဖြစ် လာသောအခါ သူထိုကျောင်းက ထွက်ပေးလိုက်ရသည်။ အားလုံအတွက် အကျိုးရလဒ်ကောင်းတစ်ခုရဖို့ သူအနာခံ အမုန်းခံလုပ်ပေးတတ် တာတွေ များစွာရှိသည်။

သူတွဲဘက်ကျောင်းဆရာကပြုတ်တော့ ပုထုဇဉ်ပီပီ တော်တော်ခံစားရသည်။ ကျောင်းကိုရောက်လာတော့ စိတ်ပျက်လက်ပျက် ခြေကုန် လက်ပမ်းကျနေသည့်ဟန် ကိုတွေ့ရသည်။ အများအတွက်အနာခံရသော သူ့အဖြစ်ကို သူပြန်တွေးမိတော့ စိတ်အနာက သက်သာသွား ပုံရသည်။ ကျန်ဆရာများက ဒီကိစ္စ စကားမဟ။ မတောင်းဆို။ ဒါကိုလဲ သူကပဲစီစဉ်ထားခြင်းဖြစ်သည်။ တယောက်မှမပြောကြဖို့။ သူတ ယောက်ထဲ အမုန်းခံပြောမည်။ အောင်မြင်လာလျှင် အားလုံးခံစားကြ။ အဆင်မပြေ မအောင်မြင်လျှင် သူတယောက်တည်း ရင်ဆိုင်သွားမည်။ ဒီသတင်းစကားကို ကြားသိရသောလူတိုင်းက သူ့စိတ်ဓာတ်ကို အသိအမှတ်ပြုကြရသည်။ ဘဝမှာ အများအတွက် အနာခံရခြင်းကိုဂုဏ်ယူ စရာအဖြစ် တန်ဖိုးထားတည်ဆောက်ထားသူတယောက်။ အများအကျိုးရှိဖို့ဆိုလျှင် တစ်ဦးတစ်ယောက်ထဲက အနာခံလိုက်ရခြင်းကို သူက လုပ်သင့်လုပ်ထိုက်သောကိစ္စရပ်ဟု စွဲစွဲမြဲမြဲ လက်ခံထားသူ။ ဒီစိတ်ဓာတ်က သူ့စိတ်ဓာတ်ထဲ သံမှိုနှင့်ဆွဲသလို ခိုင်ပြီးသား။ ဒီတော့ ကိုခင် ဇော်ပြောပြသည့်စကားမျိုး ကြားသိလာရခြင်းကို ဦးဇင်းကတော့ အထူးအဆန်းဟုမထင်မိ။

“မင်းတယောက်အနာခံရတာ တပ်သားအားလုံးတလစာပါကွာ” တဲ့။

သူနှင့်အတူနေ အရင်းနှီးဆုံးသူကိုကယ်ဖို့ထက် တပ်တခုလုံးအရေးကို ရွေးချယ်လိုက်သည်ကို ကိုခင်ဇော်ကလည်း ကျေကျေနပ်နပ် လက်ခံ သည်။ သူကိုယ်တိုင်အဖမ်းခံရလျှင်တောင်မှ ငါ့လာမရွေးနဲ့။ ငါ့ရွေးမည့်ငွေကို တပ်သားအားလုံးတလစာအဖြစ်သုံးကြလို့ ပြောလာမည်ကို ကိုခင်ဇော်က သိနေသည်။ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အချုပ်ခန်းထဲရှိ ကိုခင်ဇော်ကို ဗိုလ်တိုက်မောင်းလာတွေ့သည်။ လက်ထဲမှာ ရေ သန့် တပုလင်းပါလာသည်။

“ရေတပုလင်းတော့ပါသေးသားပဲ”

ကိုခင်ဇော်၏ ရယ်ရယ်မောမော ဆီးကြိုပြောပြသောစကားကို ...

“ဒါတောင် လမ်းမှာသောက်ဖို့ တယောက်ကထည့်ပေးလိုက်တာ မသောက်ပဲယူလာခဲ့တာ”

တကျပ်တပြားကအစ သူကိုယ်ကျိုးအတွက် မစဉ်းစားသူဖြစ်သည်။ အကျိုးမဲ့ အလဟဿငွေကို အကုန်မခံ။ လက်အောက်ငယ်သားများနှင့် အတူတူ အစားအသောက်အနေအထိုင်က သူပိုပြီးယူတာမရှိဟုဆိုသည်။ ခေါင်းဆောင်မို့ အခွင့်အရေးပိုယူတာကို သူအင်မတန်စက် ဆုပ်သည်။ ကိုခင်ဇော်ပြောစကားထဲပါသော စကားတခွန်းက အခွင့်ထူးကိုပိုယူသူကို သူမလိုလား ဆန့်ကျင်ကြောင်းထင်ရှားစေသည်။

“တခါကပေါ့ ဦးဇင်းရယ် ... နဲနဲရာထူးကြီးတဲ့သူတွေပါပဲ။ ထမင်းစားပြီးသားပန်းကန်ကို တပ်သားတယောက်က ဆေးပေးနေတာတွေ့တော့ အော် ... ခင်ဗျားတို့က အခွင့်ထူးခံတာလားလို့ဝေဘန်တာ။ သူလဲ လက်အောက်ငယ်သားကို ဒီလိုအသေးအဖွဲ့လေးကအစ မလုပ်ခိုင်းဘူး။ သူများတွေလုပ်နေတာဆိုလဲ ပြတ်ပြတ်သား ပြောတာ။ သူ့က ဒီလိုပြောတတ်ဆိုတတ်တော့ တပ်ထဲမှာလဲ အငယ်ဆုံးတပ်သားလေးကအစ သူ့ကိုချစ်ကြတယ်”

သူ့တပ်ရင်းမှူးအကြောင်းကို မမောနိုင် မပမ်းနိုင်ပြောပြရင်း ဦးဇင်းနှင့် မထင်မှတ်ပဲလာရောက်ဆုံတွေ့ရတာကို သူဝမ်းသာနေသည်။ ဦးဇင်း ကလည်း တော်လှန်ရေးနယ်မြေထဲ သူနေပုံထိုင်ကအစ သူလှုပ်ရှားမှုတွေကို တွေ့သူတိုင်း မေးနေကြ။ ဗိုလ်တိုက်မောင်းနှင့် တကယ်အတူတူ နေခဲ့ရသောရဲဘော်ကို ကိုခင်ဇော်အပြင် အခြားတယောက်ကိုလည်း တွေ့ဘူးခဲ့သေးသည်။ အခုကိုခင်ဇော်က ပထမဦးဆုံးမေးမြန်းခွင့်ရသူ တော့မဟုတ်။ တခါတုန်းက ထောင်ထဲမှာ သူတပ်သားတစ်ယောက်နှင့် အတူတူနေခဲ့ရသေးသည်။ ထောင်ထဲတွေ့ခဲ့ရသော သူ့ရဲဘော်တုန်း ကလည်း ဗိုလ်တိုက်မောင်းက ကျန်ခဲ့သောဇာတိမှမိတ်ဆွေများနှင့် သူပါဝင်ဆင်နွှဲခဲ့ရသော ပွဲလမ်းသဘင်တွေအကြောင်းကို မကြာခဏ ပြောပြပုံ၊ သူမိတ်ဆွေ ဘုန်းကြီးတပါးရှိပုံတွေကို ပြောပြသည်ဟုဆိုသည်။ ထောင်ထဲမှာ စကားစပ်မိတိုင်း သူ့တပ်ရင်မှူးပုံရိပ်တွေကို လွမ်း လွမ်းဆွတ်ဆွတ် ပြောပြခဲ့ဘူးသည်။ ၁၂ လရာသီ သီချင်းထဲကလို ကိုယ့်ဇာတိမြေဆိုတာက ပွဲတွေက လတိုင်းအပြည့်။ ဒီတော့ ယုံကြည် ချက်အတွက် ဇာတိမြေကိုခွဲခွာခဲ့ရသော်လည်း နှလုံးသားရှိသောသူတိုင်းရဲ့ ဖြစ်မြဲသောအိမ်လွမ်းစိတ်တို့က သူ့ကို ကဗျာတွေ စာတွေရဖို့ ကုန်ကြမ်း ဖြစ်ခဲ့ရပြန်သည်။ ခုဆောင်းပါးရေးနေရင်း ငုရင်ပြင်က သူ့ကဗျာတွေကို ဖတ်မလို့ကြည့်လိုက်တော့ သူကိုယ်တိုင်အဆုံးမသတ်နိုင် ခဲ့တဲ့ကဗျာမှာ ....

၁။ လောကပါလတရား
(…. တခါတလေ)
မစို့ပို့လေး လိမ္မာနေတဲ့ညမှာ
ကဗျာဆရာ
အမေ့ကို ကန်တော့လိုက်ချင်တာ လက်ကုန်ပဲ။

ဒီလို အစချီထားတာကိုတွေ့လိုက်ရတော့ သူ့နှလုံးသားကိုပါလှမ်းမြင်လိုက်ရပြန်သည်။ အတ္တကို နဲနိုင်သမျှနဲအောင် တည်ဆောက်ရင်း သူ့ တပ်သားတွေအတွက် နောက် သူ့ယုံကြည်ချက်အတွက် အာသာငမ်းငမ်းတမ်းတတဲ့ ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် ကဗျာရယ် စွန့် လွှတ်မှုရယ်ကိုသူ အဖော်ပြု ရှင်သန်ခဲ့သည်။ ။

အရှင် ဇ၀န ပေးပို ပါတယ်
မူရင်းလင့်
UZa Wana tagged Tun Wai in a note.

No comments:

Post a Comment