ဒီမိုကရေစီဖြစ်လာပြီဆိုတော့ အပြီးအပြတ်ချေမှုန်းလို့မရတဲ့ လက်တွေ့သဘောတွေရှိတယ်
ကြေးနီတောင်စီမံကိန်းနှင့် ပတ်သတ်၍ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် တွေ့ဆုံခြင်း
ကျော်ဇ ( THE NATION ) အတွဲ ၁ ၊ အမှတ် ၂၄
မေး။ ။ မုံရွာမြို့လက်ပန်းတောင် ကြေနီစီမံကိန်းနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ ဘယ်လို သဘော ထားရှိပါသလဲ။
ဖြေ - ဒီကိစ္စက နောက်ထပ်အများကြီး မျှော်လင့်ထားရအုံးမယ်။ အလားတူဖြစ်ရပ်မျိုးတွေ ရှေ့လျှောက် များစွာ ကြုံတွေ့ရလိမ့်မယ်။ စစ်အစိုးရလက်ထက်မှာ ပြည်သူကို ဘာမှ အသိပေးခြင်းမရှိဘဲနဲ့ သူတို့အကျိုးစီးပွားအတွက် နိုင်ငံတကာနဲ့ လက်ဝါးရိုက်သွားတာတွေချည်းပဲ။ အဲဒီစီမံကိန်းကို အိုင်ဗင်ဟိုက ဂုဏ်သိက္ခာအရ နောက်ဆုတ်သွားရတယ်ဗျ။ ဒါပေမယ့် ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့သူတွေက ၀င်လာတာပေါ့ဗျာ။ သူတို့ဝင်လာတာကိုလည်း ကျွှန်တော်တို့ သာမန်ပြည်သူတွေ သိခွင့်မရဘူး။ နားလည်မှုစာချွှန်လွှာတွေ ထိုးပြီးမှ ပြည်သူတွေက သိရတာချည်းပဲ။ ဒါတောင် ခေါင်းစဉ်လောက်ပဲသိရတာပါ။ ဘယ်နေရာကို ဘယ်လိုရောင်းလိုက်ပြီး ဌားလိုက်ပြီ၊ ပေါင်လိုက်ပြီဆိုတာကို မသိရဘူး။ ကျွှန်တော်တို့ငယ်ငယ်က စာကျက်ရင် သင်ခဲ့ရတဲ့ ကြေးနီတောင် စံပယ်တောင်တို့ဆိုတာ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ မရှိပါဘူး။ မြေပေါ်မှာ ပွစာကျဲပြီး ကျန်ခဲ့တာပဲ။ နောက်ဆုံး ကျန်တဲ့ လက်ပန်းတောင်းကို မြင်ရမှာက ခဏခဏ ဒီက သတ္တုကို ထုတ်တယ်ဆိုတာမျိုးတင်မကဘူး။ ဒီတောင်ကို ကိတ်မုန့်လှီးသလို လှီးပြီးယူသွားသလို နောက်ဆုံးပြောင်သလင်းခါ သွားမယ့်အဖြစ်မျိုးပေါ့ဗျာ။ ဒါကို ဒေသခံတွေက လက်မခံဘူး။ ဒါတွေအားလုံးဟာ စစ်အစိုးရလက်ထက်မှာ လုပ်ချင်ရာလုပ်ပြီး ဘယ်သူမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းပြီးလုပ်ခဲ့တာပေါ့ဗျာ။ အဲဒီအချိန်မှာတော့ မဖော်ထုတ်နိုင်ခဲ့ဘူး။ ဖော်ထုတ်ဖို့အခွင့်အလမ်းလည်းမရှိဘူး။ အခုဟာက
ဦးသိန်းစိန်က သမ္မတဖြစ်လာတဲ့အခါမှာ လူထုကို ဗဟိုပြုတယ်ဆိုတာကို သတင်းစကားပါးလိုက်တဲ့အခါ လူထုက အသံတွေထွက်ခွင့်ရလာတယ်။ အော်လာတယ်။ ဟစ်လာတယ်။ တောင်းဆိုမှုတွေလုပ်လာတယ်။
မေး - ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုဖြေရှင်းသွားမလဲ။
ဖြေ - ဒီဟာက တရုတ်နိုင်ငံရင်းနှီးမြှပ်နှံမှုလည်းဖြစ်နေတယ်။ ဒီကဦးပိုင်နဲ့လည်း တွဲထားတယ်ဆိုတော့ သိပ်ပြီးတော့ ခက်ထန်မာကျောတဲ့အပိုင်းကို ကျွန်တော်တို့ရင်ဆိုင်နေရတယ်။ နိုင်ငံတော်စီမံကိန်းတစ်ခုဆိုတာ အလွယ်တကူနဲ့တော့ ပြုပြင်ဖို့ မလွယ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က ငြိမ်းချမ်းတဲ့နည်း အများ ပြည်သူပါဝင်တဲ့ နည်းကိုတော့ လက်မလွှတ်တမ်းကိုင်မှာပါ။ ကျွန်တော့်သဘောကိုတော့ ဒီလိုပြောချင်တယ်။ တရားမျှတတဲ့နည်း ငြိမ်းချမ်းတဲ့နည်းနဲ့ လက်ပန်းတောင်းတောင်ကို ငါတို့ပြန်ယူမယ်ဆိုတဲ့ ကြွေးကြော်သံမျိုး ထုတ်စေချင်တယ်။တကယ်တော့ မြေယာတိုက်ပွဲဆိုတာမျိုး အော်သံမျိုးနဲ့သွားရင် ပြီးခဲ့တဲ့ အဖြစ်အပျက်မျိုးက မလွဲမသွေကြုံရမှာပဲ။ အဲဒီအခါကျတော့ ဦးဆောင်ပြီးတော့ အော်တဲ့သူတွေ တာဝန်ခံသူတွေ ဘယ်လောက်ထွက်ပြီး ရှေ့ကနေပြီး လုပ်နိုင်မလဲဆိုတာကို အများက ကြည့်နေတယ်။ ကျွန်တော်တို့သဘောက ဒါကို ငြိမ်းချမ်းစွာ တရားမျှတတဲ့ နည်းလမ်းနဲ့သွားမယ်။ စေ့စပ်ရတာတွေ ညှိနှိုင်းရတာတွေ ရှိမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဖြစ်လာပြီဆိုတဲ့ အခါကျတော့ အပြီးအပြတ်ချေမှုန်းလို့ မရတဲ့ လက်တွေ့တွေ သဘာဝတွေရှိတယ်။ အဲဒီတော့ ညှိနှိုင်းရမယ်။ အဖြေရှာရမယ်။ ဧရာဝတီကို ပြန်လုတုန်းကလည်း ငြိမ်းချမ်းတဲ့နည်းတွေနဲ့ပဲ သွားခဲ့တာပါ။ ပြန်စဉ်းစားကြည့်ပါ။ တကယ် တတ်သိပညာရှင်တွေ သဘာဝပတ်ဝန်းကျင်ရှင်တွေ အနုပညာရှင်တွေ ကာတွန်းဆရာကအစ ကဗျာဆရာအဆုံး အကုန်ပါခဲ့ရတာချည်းပဲ။ Nation wide လို့ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အကြောင်းအရာအဖြစ်နဲ့ ဖြစ်အောင် အရင်ဆုံး ပုံဖော်သင့်တယ်လို့ ထင်တယ်။ တစ်ပြည်လုံးမှာ ဒီတစ်နေရာတည်းမဟုတ်ဘူး။ ဟိုး ကော့သောင်းနားမှာရှိတဲ့ တောင်တန်းတွေမှာလည်း ဒီပြသာနာတွေရှိတယ်။ ဒီနေ့ပဲ အဲဒီကလူတွေ
ကျွန်တော်တို့ဆီကို လာပြောတယ်။ ကျောက်မီးသွေးတွေ တန်ပေါင်းများစွာ ထုတ်မယ့်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုတွေကို ဒေသခံတွေက စိုးရိမ်မှုရှိတယ်။ တစ်ပြည်လုံးမှာရှိတဲ့ သယံဇာတတွေကို ထုတ်တဲ့နေရာမှာ စည်းကမ်းနဲ့ သဘာဝပါတ်ဝန်းကျင် မထိခိုက်တဲ့နည်းလမ်းနဲ့ ထုတ်ဖို့၊ အများလက်ခံနိုင်တဲနည်းနဲ့ထုတ်ဖို့ ကျွန်တော်တို့ ဆော်သြရလိမ့်မယ်။ အကြောင်းအရာတစ်ခုကို တစ်ပြည်လုံးက လိုက်ပါဆောင်ရွက်စေချင်တယ်ဆိုရင် တစ်ပြည်လုံးက စိတ်ဝင်စားအောင်ကြိုးစားပြီးတော့ ငြိမ်းချမ်းတဲ့နည်းကို ရွေးတာကြိုက်တယ်။ စေ့စပ်ဖြေရှင်းတဲ့နည်းလမ်းကို လက်တွေ့ကျင့်သုံးနေတယ်။ တခြားနည်းလမ်းကတော့ သက်ဆိုင်ရာလူတွေယုံကြည်ရာ သုံးကြတာပေါ့ဗျာ။
မေး - ၈၈ မျိုးဆက် ကျောင်းသားတွေကရော ဘယ်လို ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ - ကျွန်တော်တို့လူတွေကို နဂိုကတည်းက လွှတ်ထားပြီးတော့ စေ့စပ်
ဆွေးနွေးတဲ့အလုပ်တွေကို လုပ်နေတာပါ။ အဲဒီ့ကြားထဲကပဲ ကျွန်တော်တို့လုပ်ငန်းစဉ်နဲ့မတူတဲ့ ပုံစံတွေ အဲဒီနယ်မှာ တချို့ဝင်လာတာပေါ့။ ဘယ်သူ မှန်တယ် မှားတယ် မပြောပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရွေးတာက ကျွန်တော်တို့အင်အားကို ရိုးရိုးသားသား တည်ဆောက်မယ်။ တရားမျှတစွာ၊ ငြိမ်းချမ်းစာနဲ့ ဖော်ထုတ်မယ်၊ ပြီးတော့ အဲဒီအင်အားနဲ့ အများပြည်သူလိုက်ပါနိုင်တဲ့ ပုံစံနဲ့ သွားပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေပါမယ်၊ ကုမ္ပဏီတွေပါမယ်။ အဲဒါတွေနဲ့ အဖြေရှာရမှာပေါ့ဗျာ။
မေး - ဒေသခံတွေက ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေရော သဘောတူပါသလား။
ဖြေ - တောင်းဆိုချက်က သက်ဆိုင်ရာဒေသခံပြည်သူတွေရဲ့အပေါ်မှာပဲ လုံးလုံးလျားလျားမူတည်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့ သဘာဝန်းကျင်ကို နောင်လာနောက်သားတွေ အဆိပ်သင့်လောက်အောင် ထုတ်ယူသုံးစွဲတာကို မူအရ လက်မခံတာ။
ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးကို ငြင်းပယ်စရာမရှိပါဘူး။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးနောက်ကွယ်မှာ ပါလာတဲ့အဆိပ်သင့်မှုတွေ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဘယ်လိုမှ လက်ခံလို့မရဘူး။ တောင်းဆိုချက်နဲ့ ပတ်သတ်ရင် ဒေသခံပြည်သူတွေရဲ့ တောင်းဆိုမှုက အက္ခရာကျပါတယ်။ ကျွန်တော်တို့က ဘယ်၍ဘယ်မျှ ၀င်ပြီးဈေးဆစ်တာမျိုးမလိုပါဘူး။ အဲဒီ့ဒေသက ဒီတောင်တန်းကြီးကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေ ရင်ထဲအသည်းထဲက ဒါကို ဆွဲထုတ်သွားတာမျိုးတော့ ကျွန်တော်တို့လည်း မခံစားနိုင်ဘူးပေါ့ဗျာ။ ဒီတောင်တန်းကြီးမရှိတော့ရင် သဘာဝပတ်ဝန်းကျင် ထိခိုက်ရုံတင်မကဘူး။ သဘာဝဘေးတွေခံရမယ့် ပြသာနာတွေ အများကြီးရှိတယ်။ အဲဒါကြောင့်ပါ။ ကျွန်တော်တို့က ဒီတောင်ကို ဘိုးဘွားပိုင်ပစ္စည်းလို လွယ်လွယ်ရောင်းစားသွားတာမျိုးကို လက်မခံနိုင်ဘူး။ ကမ္ဘာတည်သရွေ့မှာ မွေးလာမယ့်မျိုးဆက်တွေအထိ အလွယ်တကူနဲ့ လက်ညှိုးထိုးရောင်းစားတာကို လက်မခံနိုင်ဘူး။
မေး - မတူတဲ့တောင်းဆိုချက်တွေ ၀င်လာတယ်ဆိုတာကို ပြောပေးပါ။
ဖြေ - လုပ်နည်းလုပ်ဟန်ပိုင်းကို ဆိုလိုတာပါ။ ဘယ်လိုပဲ လုပ်ငန်းစဉ်မတူသော်လည်း တကယ့်တကယ်ဖြစ်လာပြီဆိုရင် လျစ်လျူရှုမထားပါဘူး။ ကျွန်တော်တို့ ၈၈ ကလူတွေ လူစုခွဲပြီး အဲဒီကိုသွားပြီးတော့ သူတို့လွတ်မြောက်ရေးအတွက် အားထုတ်တယ်ပေါ့ဗျာ။ အဓိက က ကျွန်တော်တို့က ညီညွတ်နေဖို့ပဲလိုတာပါ။ လုပ်ငန်းစဉ်ဆိုတာက ၁၀၀ ရာခိုင်နှုန်း တစ်ထပ်တည်းကျရမယ်လို့ ဘယ်သူ့ကိုမှ မဆိုလိုပါဘူး။ ကိုယ်အားသာရာ ယုံကြည်ရာ ရွေးချယ်ကြတာပဲ။ ဒါပေမယ့် ဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ မနေသာဘူး။ အဲဒီ့အတွက် စွမ်းအားရှိသမျှ အခက်အခဲကြားထဲက အချူပ်အနှောင်ထဲက လွတ်မြောက်ဖို့ကြိုးစားမယ်။ ပြီးရင် ဒီပြသာနာကို အဖြေထွက်တဲ့နည်းလမ်းကို စဉ်းစားမှာ။ ကျွန်တော်တို့က အဖြေရှာချင်တဲ့လူတွေပါ။ အားလုံးကို ပြသာနာဖြေရှင်းဘက်အဖြစ် သဘောထားစေချင်တယ်။ ရန်သူလို အပြတ်ချေမှုန်းမယ်ဆိုတာမျိုးထက် ပြသာနာဖြေရှင်းဘက်လို့ သဘောထားတာကမှ လက်တွေ့မှာ အလုပ်လုပ်လို့ အဖြေထွက်ခဲ့တဲ့ သာဓကတွေရှိတယ်ပေါ့ဗျာ။ ရန်ကုန်မှာ စက်ရုံကအလုပ်သမားတွေ မကျေမလည်သပိတ်မှောက်ခဲ့တဲ့ ဥပမာမျိုးတွေပေါ့ဗျာ။ ကျွန်တော်တို့က အဲဒီနည်းလမ်းကို ကြိုးစားပါတယ်။
ကျေးဇူးတင်ပါတယ်။
by Nay Zaw on Sunday, September 23, 2012 at 3:58am ·

No comments:
Post a Comment