စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်းခံ တောင်သူ
လယ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့
ရန်ကုန် ပြည်သူ့
အကျိုးဆောင် ကွန်ရက် အဖွဲ့ဝင် လေးဦးကို ကနေ့ည ၁၁ နာရီလောက်က လက်နက် ကိရိယာ အပြည့်ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက ဆည်တဲရွာထဲကို ဝင်ရောက်ရှာဖွေ ရာမှာ ရွာသူ၊ ရွာသား (၅၀၀) ကျော်နဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်နေသူ မအေးသင်းက ပြောပါတယ်။
"ကိုဟန်ဝင်းအောင်တို့၊ ကိုအောင်စိုးတို့ ကိုသောင်းထိုက်၊ ကိုဇော်တင်တို့ သူတို့ကို ဖမ်းဖို့အတွက် ၀င်လာတာ။ လောလောဆယ်တော့ သူတို့က အဖမ်းမခံရသေးဘူး။ သူတို့ လာမယ်ဆိုတာ သိထားလို့ ကျမတို့က ကင်းတွေ ချထားတယ်။ အခု အရှေ့ကင်းကနေ၀င်လာတဲ့အတွက် အရှေ့ကင်းက ဖုန်းဆက်လို့ လောလောဆယ်တော့ သူတို့ကို အပြင်ပေးမထွက်ဘူး။ ဘုန်းကြီးကျောင်းထဲမှာပဲ ထားထားတယ်။ အခု လောလောဆယ်တော့ ရွာသား ၅၀၀ လောက်က ဒုတ်တွေ ဓားတွေနဲ့ စောင့်နေတယ်။
ယောင်္ကျားတွေရော မိန်းမတွေရော အကုန်စုပြီး ဒုတ်တွေ ဓားတွေနဲ့။"
ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်က မအေးသင်း ပြောသွားတာပါ။
အာဏာပိုင်တွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြလယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က အဖွဲ့ဝင် ကိုဝေဠုကို စက်တင်ဘာ (၁) ရက်နေ့က ဖမ်းဆီးထိန်းသိမ်း လိုက်ပြီးနောက်ပိုင်း ကျန်ကွန်ရက်အဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ကိုဝေဠု ကို လောလောဆယ် ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဒီကွန်ယက်အဖွဲ့ဝင်တွေက ပြောပါတယ်။
ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်ကို အခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး၊အမာခံ အဖွဲ့ဝင် ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

rfa news 
 
No comments:
Post a Comment