Friday, 21 September 2012

ဘီဘီစီ Breaking News သတင်း မှ....

စက်တင်ဘာ ၂၀ နယူးယောက် စံတော်ချိန် ညဘက်ပိုင်း (စက်တင်ဘာ ၂၁ မြန်မာစံတော်ချိန် မနက်စောစောပိုင်း) နယူးယောက်ကနေ တိုက်ရိုက် သတင်းပို့နေတဲ့ ဘီဘီစီ သတင်းထောက်ကတော့ နယူးယောက်မြို့၊ ကုလ သမဂ္ဂမှာ အလုပ်လုပ်နေတဲ့ မြန်မာဝန်ထမ်းတွေဟာ ဂုဏ်ယူစရာ မြန်မာအမျိုးသမီး၊ နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံရေးသမား မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက်ကို စိတ်လှုပ်ရှားနေတယ်/ အကောင်းဆုံး ကြိုဆိုနှုတ်ဆက်နိုင်အောင်လည်း ပြင်ဆင်နေကြတယ်လို့ သတင်းပေးပို့ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်နဲ့ စက်တင်ဘာ ၂၁ နယူးယောက် စံတော်ချိန် (မြန်မာစံတော်ချိန်နဲ့ အချိန် ၁၀ နာရီခွဲ ကွာပါတယ်၊ မြန်မာက ကမ္ဘာ့ အရှေ့ပိုင်းမှာ ရှိတော့ စောပါတယ်) မနက်ပိုင်းမှာ တွေ့ဆုံမယ့် ကုလသမဂ္ဂ အမျိုးသမီးဝန်ထမ်း တဦးကတော့ သူတို့ ကုလသမဂ္ဂ အများစုဟာ မြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြမယ်၊ ပင်နီအင်္ကျီနဲ့ ယောလုံချည်ဝတ်မယ်၊ လွတ်အိတ်ကိုလည်း လွယ်မယ်လို့ သူ့ပြင်ဆင်ထားတာကို ဘီဘီစီကို ပြောပြပါတယ်။ ကုလသမဂ္ဂ အမျိုးသား ၀န်ထမ်းတဦးကတော့ လည်ကတုံး ရှပ်အင်္ကျီအဖြူနဲ့ ကချင်ပုဆိုး ၀တ်မယ်၊ ပင်နီအင်္ကျီဝတ်မယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

 ကမ္ဘာ့နိုင်ငံသားဆုကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ချီးမြှင့်ခံရသူ တခြားသူတွေကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာမှာ လွှမ်းမိုးမှုများစွာရှိတဲ့ အမေရိကန်ဝါရင့် နိုင်ငံရေးသမားနဲ့ မူဝါဒလမ်းညွှန်ထောက်ပြသူ ဟင်နရီ ကစ်ဆင်းဂျား၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း မစ္စ ဆာဒါကို အိုဂါတာနဲ့ အမေရိကန် တေးဂီတပညာရှင် ကွင်စီဂျုံးစ်တို့လည်း ရရှိကြမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂမှာ အလုပ်လုပ်နေတဲ့ မြန်မာဝန်ထမ်းတွေကို စက်တင်ဘာ ၂၁ နယူးယောက် စံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာဝန်ထမ်းတွေဟာ ဒီကနေ့တော့ ထူးထူးခြားခြားအဖြစ် မြန်မာအမျိုးသားဝတ်စုံတွေကို အများစုက ၀တ်ပြီး ကြိုဆိုကြပါတယ်။ မြန်မာတွေ အားလုံးဟာ အထူးကို လှပ တက်ကြွ နေကြတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပြီး၊ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမယ်လို့တော့ သတင်းတွေ ကျယ်ကျယ်ပြန့်ြ့ပန့် ထွက်နေပါတယ်။ ဒီကနေ့ဟာ ကုလသမဂ္ဂ အထွေထွေ စည်းဝေးပွဲကြီး မတိုင်ခင်မှာ ကုလသမဂ္ဂမှာ အလုပ်များတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကုလအတွင်းအရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ စက်တင်ဘာ ၂၁ မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့ကို တက်ရောက်ပြီး မိန့်ခွန်း ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့မှာ ၁၉၉၁ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရင် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂကို လာရောက်တာကလည်း ထူးခြားမှု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ နယူးယောက် စံတော်ချိန် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ အတူတွေ့ဆုံ နှုတ်ဆက် ဓာတ်ပုံရိုက်ကြမှာ ဖြစ်ပြီး၊ ဆက်လက်ပြီး မီဒီယာနဲ့ တွေ့ဆုံ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်း  

ညီလေး  ချစ်လေးသတင်းတိုက်ရိုက်ပေးပို့ ထားပါတယ် 21.9.2012    

No comments:

Post a Comment