" လမင်းစန္ဒာအင်းလေး ကန်သာ စာဖတ်ပရိသတ်များ အတွက် စကားဦး "
" ကျွန်တော် ယုံကြည်ချက် အကျဉ်းသားဘ၀နှင့်
အင်းစိန်အကျဉ်းထောင်ထဲရှိနေစဉ် ၁၉၉၄ခုနှစ်က
ဖြစ်သည်။ ကျွန်တော့်ထံသို့ အခက်အခဲများစွာကြားက
ရောက်ရှိလာသော ၀တ္ထုတစ်အုပ်ကို ဖတ်ခဲ့ရသည်။
စာရေးသူက ပီရူးနိုင်ငံမှ ရောဘတ်တာလေး
( Roberta Leigh ) ဖြစ်သည်။ စာအုပ်နာမည်က
The Savage Aristocrat ဖြစ်သည်။
ထိုစဉ်က ကျွန်တော်၏အသက်မှာ ၂၅-နှစ်ခန့်ရှိပြီ
ဖြစ်သည်။ ကျွန်တော်ကိုယ်ပိုင်ဖန်တီးထားသော
သီချင်းနှင့် ကဗျာတော်တော်များများကို စုဆောင်း
မိနေပြီဖြစ်သည်။ သို့သော် မရောင့်ရဲနိုင်သေးဘဲ
ဝတ္ထုရေးချင်စိတ်က အလွန်အမင်း ပြင်းပြနေမိ
သည်။ ဘာအကြောင်းရေးရမည်ကို စိတ်ကူးနေစဉ်
ထိုအင်္ဂလိပ်ဘာသာဖြင့် ရေးထားသောဝတ္ထုကို
ဖတ်မိခြင်းဖြစ်သည်။ ကျွန်တော်အတော်သဘော
ကျသွားသည်။ နိုင်ငံရေးခေါင်းဆောင်ကို ဇာတ်ကောင်
ထားပြီး ရေးရသည့်ခေတ်တစ်ခေတ်ကို ကျွန်တော်
ရောက်ချင်ခဲ့မိသည်။ ထိုတစ်ခေတ်ရောက်ရမည်
ဟုလည်း ကျွန်တော်ယုံကြည်မိသည်။
သို့နှင့် ဒုတိယအကြိမ်အကျဉ်းစံချိန်မှာတော့ ထိုစိတ်ကူးကို
အကောင်အထည်ဖော်တော့သည်။ ထိုဝတ္ထုဖြစ်လာဖို့အတွက်
တွန်းအားပေးနေသည့် အချက်ရှိသည်။ ဒုတိယအကြိမ်
ကျွန်တော်စံမြန်းနေသည့် အကျဉ်းထောင်မှာ တောင်လေးလုံး
(တောင်ကြီး) အကျဉ်းထောင်ဖြစ်သည်။ အင်းလေးခေါင်တိုင်
လမ်းခွဲမှာရှိသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း အင်းသား၊
တောင်ပေါ်သွေးဖြစ်နေသည်။
ကျွန်တော်ရေးချလိုက်ပါသည်။ ၀တ္ထုကို ၀တ္ထုလိုပဲ ခံစားရေးချ
လိုက်ပါသည်။ ဤ၀တ္ထုဖြစ်ပေါ်လာရန် စိတ်ကူးများပေးသော
ရောဘတ်တာလေး( Roberta Leigh ) - ကွယ်လွန်သွားပြီဟု
ထင်ပါသည်) ကိုလည်း ကျေးဇူးတင်မိပါသည်။ အင်းလေးကန်
ကယ်တင်ရေး၊ လူငယ်နိုင်ငံရေးသမားကောင်းများ ပေါ်ထွက်ရေး
နှင့် လူငယ်စီးပွားရေးလုပ်ငန်းရှင်ကောင်းများ ပေါ်ထွက်ရေးကိုလည်း
ကျွန်တော်မျှော်လင့်မိပါသည်။ အနာဂတ်လှပရေးအတွက် ချစ်ခြင်း
မေတ္တာ၏ အရေးပါမှုကိုလည်း မမေ့သင့်ပေ။
ဇာတ်ကောင်များမှာ စိတ်ကူးယဉ်တတ်သည့် စာရေးဆရာ၏ ဖန်တီး
မှုများသာ ဖြစ်သဖြင့် တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်ရန်နှင့် ဂုဏ်ယူ
ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- ဂျင်မီ ( ၈၈မျိုးဆက်ကျောင်းသား )
Phyu Nay Kyi Min-Yu on Saturday, September 15, 2012

No comments:
Post a Comment