Tuesday, 4 September 2012

ကြေးနီ စီမံကိန်းအရေး ကူညီသူကို ထိန်းသိမ်းမှု တန်ပြန်တရားစွဲမည်




လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း (ဓာတ်ပုံ – Canadian Friend of Burma)
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေသိမ်းခံ လယ်သမားများအရေး ကူညီသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဠုအား အာဏာပိုင်များက ထိန်းသိမ်းထားမှုကို မိသားစုဝင်များက တန်ပြန်တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
“သူ့ကို ဖမ်းထားတာ သေချာနေလျက်နဲ့ သူ့ညီက ရဲစခန်းကို သွားမေးတဲ့ အခါ မရှိဘူး၊
မဖမ်းထားဘူးဘဲ ပြောပြီး ငြင်းလွှတ်  နေတယ်။ ဗြောင်ပဲ ငြင်းတာ။ သူ့ကို ခေါ်သွားတုန်း ကလည်း ဘာအကြောင်းပြချက်မှ မပေးသလို မိသားစုကိုလည်း အကြောင်းမကြားဘူး။ ဒါကြောင့် ပြန်ပေးဆွဲမှုနဲ့ ရဲကို ပြန်တရားစွဲဖို့ သူ့မိသားစုဝင်တွေက စီစဉ်နေပါတယ်” ဟု လိုက်ပါ ကူညီသူတဦးက ပြောသည်။
သြဂုတ်လ ၃၁ ရက်နေ့က မုံရွာမှ ရန်ကုန်သို့သွားသည့် အဝေးပြေးကားတွင် လိုက်ပါလာသော ကိုဝေဠုကို ကားပေါ်မှဆင်းစေကာ ထိန်းသိမ်းခဲ့ပြီး မြင်းမူမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ကို သိရှိသည့် မျက်မြင်များရှိကြောင်း၊ သို့သော်လည်း မြင်းမူရဲစခန်းက ထိုကိစ္စကို ငြင်းဆို၍ မိသားစုဝင်များက ပူပန်နေကြောင်း သူကဆိုသည်။
အဆိုပါ အဝေးပြေးကားကို စစ်ဆေးစဉ်က လက်ပံတောင်းတောင် လယ်သမားအရေး ကူညီပေးနေသူ ကိုဟန်ဝင်းအောင်နှင့် ဒေါ်မြင့်မြင်အေး စသူတို့ ကားပေါ်တွင် ပါမပါကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ကိုဝေဠုတယောက်သာ ကားပေါ်ပါ၍ သူ့ကို ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
“ကိုယ့်နိုင်ငံသားတွေရဲ့အရေးကို ကူညီနေတဲ့သူကို ဒီလို လုပ်တာဟာ ပြုပြင်ပြောင်းလဲနေတယ်ဆိုတဲ့ ခေတ်ကြီးမှာ မဖြစ်သင့်ပါဘူး။ နောက်ပြီးတော့ ဒီလယ်သမားတွေအရေး ကူညီပေးနေတဲ့ ကျမ အပါအ၀င် တခြားသူတွေကို ဒီလို ဘယ်သူပါလား၊ ဘယ်ဝါပါလား မေးတာ၊ မဆိုင်တဲ့သူတွေကို စစ်တာတွေဟာ ခြိမ်းခြောက်တာပါပဲ” ဟု မိတ္ထီလာမြို့နယ် ပြည်သူ့အကျိုးဆောင် ကွန်ယက်ရေးရာ တာဝန်ခံ ဒေါ်မြင့်မြင့်အေးက ပြောသည်။
လယ်သမားများအရေး ကူညီနေသူများက ဦးဆောင်၍ အဆိုပါ ကြေးနီစီမံကိန်းအရေးအတွက် သမ္မတ ဦးသိန်းစိန်ထံသို့ လက်မှတ်ရေးထိုး အသနားခံစာတင်ရန် လက်မှတ်စုဆောင်းမှုများကိုလည်း ပြုလုပ်ရန် စီစဉ်နေသည်ဟု သူက ပြောသည်။
ယမန်နေ့ကလည်း ကိုကျော်ကိုကို အပါအ၀င် ဗကသ ကျောင်းသားများမှ လယ်သမားများကို လာရောက်အားပေးမှုများ ပြုခဲ့သည်ဟု ဆိုသည်။
ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြေသိမ်းခံ လယ်သမားများ၊ ဒေသခံများနှင့် ကုမ္ပဏီအကြား တင်းမာမှုများမှာလည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး ကုမ္ပဏီဖက်မှ လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးရန် စတင်ခြင်းမရှိသေးဟု ဆိုသည်။
“လယ်သမားတွေဖက်က တောင်းဆိုထားတဲ့ နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့ကို အခုထိ မလုပ်သေးတဲ့အပြင် တူးထားတဲ့ မြေစာတွေကို လယ်တွေပေါ် ပုံတာတွေ ဆက်လုပ်နေတယ်။ ရဲတွေနဲ့လည်း အင်အားပြထားတုန်းပဲ။ အဲဒီရဲတွေနဲ့ စကားပြောဖြစ်တော့ သူတို့ခမျာလည်း အပေါ့အပါးသွားဖို့ရာတောင် အဆင်မပြေကြတဲ့အကြောင်း၊ တကိုယ်ရေ သန့်ရှင်းရေး မလုပ်ရလို့ ၀ဲတွေလည်း ပေါက်နေတဲ့အကြောင်း ပြောပြတာတွေလည်း ရှိတယ်။ သူတို့ကြည့်ရတာ တော်တော်လေး ပင်ပန်းဆင်းရဲနေပုံပေါက်တယ်” ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင်မှ ကြေးနီထုတ်ယူသည့် စီမံကိန်းကို အစိုးရလက်အောက်ခံ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်နှင့် တရုတ်အမျိုးသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့က ၂၀၁၁ ခုနှစ်မှ စတင် ပူးပေါင်းလုပ်ကိုင်နေကြခြင်းဖြစ်သည်။
ထိုစဉ်က စီမံကိန်း ပတ်ဝန်းကျင်ရှိ ၀က်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော အစရှိသည့် ရွာပေါင်း ၂၆ ရွာမှ လယ်ယာမြေဧက ၇၈၀၀ ကျာ် သိမ်းဆည်းခံခဲ့ရသည်။
လယ်ယာမြေသိမ်းဆည်းချိန်က ကုမ္ပဏီဖက်မှ မြေယာ၊ သီးနှံလျော်ကြေး၊ နှစ်ရှည်သီးနှံ လျော်ကြေးများအတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၉ ထောင်ကျော် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း ဦးပိုင်ကုမ္ပဏီလီမိတက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
လယ်သိမ်းခံလယ်သမားများကမူ အဆိုပါလျော်ကြေးငွေများ မြေယာများအတွက် ပေးခြင်းမဟုတ်ကြောင်း၊ လျော်ကြေးငွေ တစုံတရာ ရရှိမည်ဆိုသော်လည်း လယ်ယာမဲ့ဖြစ်မည့်အရေးနှင့် အလုပ်လက်မဲ့ဖြစ်ရမည့် အရေးများကြောင့် မိမိတို့ ဓားမဦးချ လုပ်ကိုင်လာသည့် လယ်ယာမြေများကိုသာ ပြန်လည်ရလိုနေကြသည်ဟု ဆိုသည်။
သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် အဆိုပါ ယာမြေများပေါ်တွင် ယာတဲများထိုးသည့် လှုပ်ရှားမှုများကို လယ်သိမ်းခံလယ်သမား ၅၀၀ ကျော်တို့က သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ခဲ့သည်။
အဆိုပါ ဒေသတွင် ကြေးနီတူးဖော်သည့်လုပ်ငန်းများကို ၁၉၈၀ ခုနှစ်မှ စတင်၍ ယူဂိုဆလားဗီးယားနိုင်ငံမှ ကုမ္ပ္ပဏီ၊ ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ စသည်တို့ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနက ပူးပေါင်းကာ ကြေးနီတူးဖော်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများလည်း ရှိနေကြောင်း ဒေသခံများကဆိုသည်။
ကြေးနီတူးဖော်မှုများကြောင့် ကြေးစင်တောင်နှင့် စပယ်တောင်များ ကွယ်ပျောက်သွားခဲ့ပြီး စက်ရုံမှ စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်လယ်ယာမြေများတွင် ညစ်ညမ်းမှုများဖြစ်ပေါ်ကာ စိုက်ပျိုးရန် ခက်ခဲမှုများလည်း ဖြစ်ပေါ်နေသည်ဟု ဆိုသည်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည့်အရေးနှင့် တောင်များ ကွယ်ပျောက်မည့်အရေးကို ကန့်ကွက်သည့်အနေဖြင့် အဆိုပါ ကြေးနီတူးဖော်မှု စီမံကိန်းကို ရပ်တန့်ရန် ဆန္ဒထုတ်ဖော်မှုများလည်း သြဂုတ်လဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည်။

No comments:

Post a Comment