Monday, 17 September 2012

အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ နှစ်ရက်ကြာ ဆွေးနွေးပွဲ


ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ (၂၁) ရာစု
မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ
နှစ်ရက်ကြာ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ (၈၈) မျိုးဆက် ကျောင်းသား
ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ရခိုင်နဲ့ မွတ်စ်လင် ခေါင်းဆောင်တွေ က ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစု အရေးနဲ့ ပဋိပက္ခအရေးအတွက် အလေးထားဆွေးနွေးခဲ့ကြပါတယ်။

(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရခိုင်ဒေသမှာ
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသား လက္ခဏာ ကပ်ဆိုက်မှုဖြစ်ပြီး ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် အများပါဝင်တဲ့ ဘုံအဖြေတစ်ခု ရှာဖွေ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်အမျိုးသားတွေရဲ့ သဘောထားအမြင်တွေကို တင်ပြခဲ့သလို မွတ်စ်လင် ခေါင်းဆောင်တွေဖြစ်တဲ့
ဒေါက်တာမြင့်သိန်းနဲ့ ဦးကျော်ဝင်းတို့ကလည်း မွတ်စ်လင်ဘာသာဝင်တွေရဲ့ သဘောထားအမြင်တွေကို ဆွေးနွေးတင်ပြကြပါတယ်။

ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ဦးသူရ (ခေါ်) အနုပညာရှင် ဇာဂနာက မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေးလက္ခဏာ ကိစ္စတွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ စာရေးဆရာ ဦးကျော်ဝင်း၊ ကရန်းပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ လူမှုရေးရေးရာကိစ္စတွေ ပါဝင်ဆောင်ရွက်နေသူ ဦးအောင်ကိုကိုတို့ကလည်း ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်

ဒီဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်းတက်ရောက်ခဲ့ပါတယ်။
 
RFA 

No comments:

Post a Comment