Tuesday, 4 September 2012

ရှေ့နေလိုက်တာတော့ မဟုတ်ပါဘူး။

ရှေ့နေလိုက်တာတော့ မဟုတ်ပါဘူး။ လူတိုင်း အမှားနဲ့ မကင်းတတ်ကြပါဘူး။ ဒါပေမယ့် ပေါ့ဗျာ ... ။

ပြည်ပရောက် နိုင်ငံရေးသမားဆိုတာတွေဟာ နိုင်ငံရေး စိတ်ဝင်စားလို့ အနည်းနဲ့ အများ မိမိ ကိုယ်ပိုင် အချိန်တွေထဲက နိုင်ငံအတွက် အချိန်ပေးပြီး လုပ်လာခဲ့ကြသူတွေပါပဲ။ တချို့လူတွေလို ကိုယ့်စီးပွားရေး၊ ကြီးပွားရေးကိုပဲ စောင်းပေးလုပ်နေတာ မဟုတ်ဘူး
လို့ ဆိုလိုပါတယ်။ အချို့သော လူ ၅ ယောက်၊ ၆ ယောက်လောက်က လွဲရင် .. ပြည်ပမှာ နိုင်ငံရေးလုပ်စ
ားလို့ ကြီးပွား ချမ်းသာသူဆိုတာ မရှိသလောက်ပါပဲ။ ကျန်လူတွေက သာမန်ပါပဲ။ လက်လုပ် လက်စားတွေပါ။ နိုင်ငံကွာလို့ ဝင်ငွေ ကွာလို့ အဆင်ပြေနေတယ် ထင်ရသူတွေပါ။ တချို့ကြတော့ နိုင်ငံရေးကို အလုပ် လုပ်သလို လုပ်ပြီး လုပ်ခ ပုံစံ ရယူတာမျိုးလည်း ရှိကြပါတယ်။ လွှတ်တော် အမတ်တွေ လခ ယူသလိုပေါ့။

ဒါပေမယ့်ပေါ့ဗျာ။ တသက်လုံး စစ်ဝတ်စုံဝတ်ပြီး ၈၈ လူသတ်ပွဲတွေကနေ ၂၀၀၇ သံဃာသတ်ပွဲအထိ ... နာဂစ်ကာလပါ မကျန် ဖိနှိပ်မှုထဲမှာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါ ပါဝင်ခဲ့တဲ့ ဦးသိန်းစိန်ကိုတောင် ကောင်းတာလုပ်လို့ ဆိုပြီး "သမ္မတကြီး" လုပ်ခဲ့ကြ၊ ကြိုဆိုနေခဲ့ကြတာ။

အကြောင်းအမျိုးမျိုးကြောင့် အနှစ် ၅၀ ကျော် တော်လှန်ရေးထဲမှာ ပါဝင်နေခဲ့သူတွေ၊ အနှစ် ၂၀ ကျော် တော်လှန်ရေးထဲမှာ ပါဝင်ခဲ့သူတွေကို ... မြန်မာပြည်ကို ပြန်လာတာနဲ့ ... သူတို့ အကြောင်း တိတိကျကျလည်း မသိ၊ လုပ်ဖေါ်ကိုင်ဖက်လည်း မဟုတ်ကြပါပဲနဲ့ .. တကယ့် တိုင်းပြည် သစ္စာဖေါက်တွေလို ပြောနေတာ မြင်ရတော့ ... စိတ်မကောင်းဖြစ်မိတယ်။ သူတို့ ဆိုးတာတွေ ရှိမှာပါ။ ရှိလည်း ရှိကြပါတယ်။ ဆိုးတယ်ဆိုလဲ .. ဆိုးတဲ့ အကြောင်းအရာပေါ်မှာ တစ်ခုခြင်း ပြောတာ ပိုကောင်းပါတယ်။ အခုက နည်းနည်းများ ဝါးလုံးရှည်နဲ့ ရမ်းများနေသလားလို့ပါ။

ဥပမာဗျာ ... ကိုမိုးသီးဇွန် အမျိုးသမီး တစ်ယောက်နဲ့ ချောင်းထဲမှာလား၊ ကမ်းခြေမှာလား မသိ .. ရေချိုး၊ ရေကူးနေတာ .. ဘာများ ဖြစ်လို့လဲ။ ဒါကို အပြစ်ကြီးလို ပြောနေတာကတော့ ဆိုးတယ် ထင်တယ်။ နိုင်ငံရေးသမားဆိုတာကလဲ လူပါပဲ။ သံဃာတော်တွေလို မိန်းမနဲ့ မထိတွေ့ရဘူး လို့ ဝိနည်း သတ်မှတ်ထားကြတာမှ မဟုတ်တာ။ ဒါဟာ သစ္စာဖေါက်လို့ ပြောလောက်တဲ့ အပြစ်လည်း မဟုတ်ပါဘူး။ နိုင်ငံရေး သီလကြောင်လို့ စွပ်စွဲလောက်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ လူ့သဘာဝပါပဲ။ သူ့မှာ စကားကို မထိန်းဘဲ စိတ်ထဲ ရှိတဲ့ အတိုင်း လေကျယ်ကျယ် ပြောတတ်တဲ့ အကျင့်ရှိတယ်။ သူ့ဘလော့မှာ တခါတလေ လျှောက်ရေးတာမျိုး ရှိတယ်။ သူ့ကို AB တောင်းပိုင်းမှာ ကိုဌေးနိုင်ကို သတ်မှုမှာ တာဝန်ရှိတယ်လို့ ပြောဆိုနေတာ ရှိတယ်။ ဒါတွေကို တစ်ခုခြင်း ရှင်းလို့ရပါတယ်။ ရှင်းရမှာလည်း ဖြစ်တယ်။ ဒါတွေအားလုံးဟာလည်း နိုင်ငံရေးနဲ့ သက်ဆိုင်ပြီး ဖြစ်နေတာတွေပါပဲ။ နိုငငံရေးနဲ့ မသက်ဆိုင်ရင် ဒီလို အဖြစ်တွေ ပြောစရာ လိုလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ နိုင်ငံရေး တစ်ခုလုံး အပေါ် နိုင်ငံအပေါ် သစ္စာဖေါက် ပုံစံ ပြောနေတာကတော့ ... လိုတာထက် ပိုနေသလားလို့ပါ။ (ကိုမိုးသီးဇွန်ကို ဥပမာ ပေးပြောတာပါ။ သူ့ကို ကာကွယ်တာ မဟုတ်သလို .. သူဘက် လိုက်ပြောတာလဲ မဟုတ်ပါဘူး။)

ကျွန်တော်တို့ အပြစ်တွေကို ဝါးလုံးသိမ်း မပြောဘဲ နိုင်ငံအတွက် အတူတူ.. ဝိုင်းလုပ်ပြီး ... သူတို့ မှားခဲ့တာရှိတာတွေကို တစ်ခုခြင်း ရှင်းကြရအောင်လားဗျာ။ မဟုတ်လို့ကတော့ ပြည်ပရောက်ပြီး စစ်အစိုးရကို တော်လှန်နေတာကိုပဲ .. အပြစ်လို့ စွပ်စွဲသလို လုပ်နေတဲ့ နအဖ ဝါဒဖြန့်သူတွေနဲ့ ကျွန်တော်တို့ တူနေမှာ စိုးလို့ပါ။

1 comment:

  1. အရမ်းမှန်ပါ၊ပြည်သူတွေကောင်းကောင်းပြန်စဉ်းစားသင့်ပါတယ်။မှန်ကန်တဲ့သုံးတတ်ချက်ပါ၊ httl://kp3family.blogspot.com မူပိုင်

    ReplyDelete