ဘယ်သူ မဆို မင်းသားဖြစ်ချင်တယ်. . .
09 September 2012
ပြည်တော်ပြန် ABSDF ခေါင်းဆောင်ဟောင်း နှစ်ယောက်နဲ့ ပါတ်သက်ပြီး ရေးသားဖေါ်ထုတ်မှုတွေ ကို လုပ်တာဟာ ခုချိန်မှာ လုပ်သင့်ရဲ့လား၊ သူတို့နဲ့ ညီညွတ်ရေး မလိုဘူးလား လို့ မိတ်ဆွေတယောက်က စာပို့ပါတယ်။
ကျနော်က သူတို့နိုင်ငံရေး ဇာတ်ခုံပေါ်ပြန်တက်လာ၊ အခွင့်ရေး ယူလာမှာစိုးလို့ လို့ ပြန်ဖြေခဲ့တယ်။
တကယ်
တော့ ကျနော် ကိုနိုင်အောင် နဲ့ မဆုံဖူးပါဘူး။ ကိုမိုးသီးနဲ့ကတော့ ၈၈-၈၉ ကာလမှာလည်း အလုပ်လုပ်ခဲ့ဖူးတယ်။ ခုလည်း ပြန်ဆုံတယ်။ ခင်မင်ရင်းစွဲလေးလည်း ရှိပါတယ်။
ဒါပေမယ့် သမိုင်းဆိုတာ ခင်မင်ရင်းစွဲနဲ့ သာစေ၊ နာစေ ရေး ရတာ မဟုတ်ဘူး လို့ ကျနော် ခံယူထားပါတယ်။
သူတို့ဟာ ဒီမိုကရေစီ သမားတွေ မဟုတ်ဘူးလား၊ သူတို့ကို တိုက်ရင် ကြံ့ဖွံ့က အမြတ်ထုတ်သွားမှာပေါ့ လို့ တယောက်က ထောက်ပါတယ်။
ကျနော့်အမြင်မှာ ကြံ့ဖွံ့ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီသမားပဲ ဖြစ်ဖြစ် တိုင်းပြည်
ကို အန္တရာယ်ပေးနိုင်တာ လူတဦးချင်းတယောက်ချင်းရဲ့ စိတ်ဓါတ်၊ အကျင့်
စာရိတ္တ၊ ခံယူချက်၊ လုပ်ဆောင်ချက်တွေနဲ့ပဲ ဆိုင်ပါတယ်။
ကျနော်အကြောက်ဆုံးကလည်း မြန်မာ့သမိုင်းစာမျက်နှာမှာ တိုင်းပြည်လွတ်
လပ်ရေးအတွက် ရွေးချယ်ခဲ့တဲ့ လူငယ် ၃၀ ထဲ ဗိုလ်နေ၀င်းလို့ အခွင့်အရေး
သမား တယောက်ပါသွားတဲ့အတွက် ခုချိန်ထိ မဆုံးနိုင်တဲ့ ဆိုးသံသရာမျိုး
ထပ်ဖြစ်မှာကိုပါပဲ။
တကယ်တော့ ကျနော်က သမိုင်းကို စိတ်ဝင်စားလေ့လာသူသာဖြစ်ပြီး၊
သမိုင်းပညာရှင်လည်း မဟုတ်၊ သုတေသီလည်း မဟုတ်ပါဘူး။ ဒီကိစ္စတွေ
မှာ ဘာကြောင့် ၀င်ပါဖြစ်သလဲ ဆိုရင် အနုပညာသမားတယောက်အနေနဲ့
ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ဆွမ်းခံရင်း ငှက်သင့်တယ် ပဲ ထင်ပါတယ်။
ကျနော် ဒီရောက်ပြီး တနိုင်ငံလုံး အနှံ့လျှောက်သွား၊ တောထဲက ဖြတ်သန်း
လာခဲ့တဲ့ သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေ၊ ရဲဘော်ရဲဘက်တွေ နဲ့ ဆုံဆည်း စကားပြောရင်း သူတို့ဖြတ်သန်းလာခဲ့တာ
တွေကို အခြေခံပြီး နောက်တချိန် ကားရိုက်နိုင်ဖို့ပဲ ရည်ရွယ် အချက်အလက်
တွေ စုစောင်းခဲ့တယ်။
ဒါပေမယ့် တကယ်တမ်းကျတော့ နားထောင်ရင်း ရွှေလိုတောက်ပနေတဲ့
အေဘီအက်စ်ဒီအက်ဖ် သမိုင်း ရဲ့ နောက်ကွယ်က အကျည်းတန်ဖြစ်ရပ်
တွေကို ကျနော်သိလာ၊ မြင်လာရတယ်။
မတရားမှုတွေဗျာ
အဓမ္မတွေဗျာ...
ရက်စက်လိုက်ကြတာဗျာ။
နောက် ဒီဖြစ်ရပ်တွေ သာ မက၊ ဘာကြောင့် အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းကွဲ ခဲ့ရတယ်၊ နိုင်ငံရေး ကို ဖြောင့်မတ်သန့်ရှင်းစွာ လုပ်ကိုင်ခြင်းမရှိဘဲ နည်းမျိုးစုံနဲ့ကလိမ်ကကျစ် လုပ်တတ်တာ ဒါတွေဟာ မြန်မာ့သမိုင်းမှာ ဖြစ်ခဲ့ပြီး၊ ဒါတွေကြောင့် ခုချိန်ထိ
သမိုင်းရဲ့ အမွေဆိုးကို ရင်ဆိုင်နေရတာ။ ဒါကြောင့် ဒီလိုလူတွေရဲ့ လုပ်ရပ်
တွေကို ကျနော် ဖေါ်ထုတ်ဖို့ကို လိုပါတယ်။
ကျနော်လေ့လာထားသမျှကို ပြတ်ပြတ်သားသားပြောရမယ် ဆိုရင်
မြောက်ပိုင်း၊ တောင်ပိုင်း လူသတ်မှုတွေ မတရားဖမ်းဆီးနှိပ်စက်မှုတွေ နဲ့ ပါတ်သက်ပြီး ဒေါက်တာနိုင်အောင် တို့ ဘက်က အဲဒီကာလဗဟိုကော်မီတီတွေ တာဝန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်။
တောင်ပိုင်း ဖမ်းဆီးမှုတွေဟာ တကယ့်ကို အာဏာလုပွဲတွေလို့ပဲ ကျနော်သုံးသပ်မိသလောက် ပြတ်ပြတ်သားသား ရေးပါတယ်။
မကြာခင် ဆရာကိုနေ၀င်းအောင် နဲ့ ကိုထင်ကျော်တို့ရဲ့ အင်တာဗျူးမှတ်တမ်းတွေကို ဆက်တင်ပါ့မယ်။
အဲဒီထဲမှာ လူမဆန်ဆုံးက တဦးတည်းသော အကျဉ်းသူ မမီမီခိုင်ကို အကြိမ်ပေါင်းများစွာ အဓမ္မကျင့် စော်ကားခဲ့တာ။ နှိပ်စက်ခဲ့တာ။ နောက်တော့ မှားလို့ဆိုပြီး အန်န်အယ်လ်ဒီက ပြန်ခေါ်ထုတ်သွားခဲ့တာ။. .
မမီမီခိုင်ကို ခုချိန်ထိ ကျနော် မမြင်ဖူးသေးဘူး။ ဒါပေမယ့် သူနေခဲ့၊ သွားခဲ့ တဲ့
နေရာတွေက ကြားရသလောက် လပြည့်လကွယ်တွေမှာ စိတ်တွေ ဂယောင်ချောက်ခြား ဖြစ်ရတာ၊ တွေ့ရာယောက်ျားတွေ ခြေတော်တင်ခံရတာ
ဟာ စိတ်နာစရာကြီးဗျာ။ ပညာတတ်အမျိုးကောင်းသမီးလေး တဦး ဒီမိုကရေစီ တော်လှန်ရေးသမားတွေ လို့ နာမည်ခံထားတဲ့ သူတွေ ဖျက်ဆီးတာကြောင့် ဘ၀ ပျက်သွားရတာ။
ဒီလိုပဲ ကိုမြင့်ဦးဆိုတဲ့ လူငယ်လေးဟာ ထိုင်းကို နွားတွေ ကျောင်းပို့ရင်း ကျောင်းသားတပ်မတော် ဆိုတဲ့ နာမည်ကြီး နဲ့ ၀င်လာခဲ့တာပါ။ သူဟာ မြန်မာစာတောင် ရေးတတ်၊ ဖတ်တတ်တဲ့ သူမဟုတ်ပဘူး။ ဒါပေမယ့် သူ့ကိုလည်း ထောက်လှန်းရေး လို့ စွပ်စွဲ ဖမ်းဆီး နှိပ်စက်ခဲ့တယ်။ ဒါတွေကို ဒေါက်တာနိုင်အောင်တို့ အနေနဲ့ မသိဘူး၊ ငြင်းလို့မရဘူး။ ရှင်းကို ရှင်းဖို့လိုပါတယ်။
အဲဒီလိုပဲ အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းကွဲ ရတဲ့ ဖြစ်ရပ်တွေနဲ့
ကိုဌေးနိုင်သေဆုံးမှုကိုပါ တာဝန်ယူဖြေရှင်းရမှာ ကိုမိုးသီးဇွန် ရဲ့ တာဝန်တွေပါ။
ကိုမိုးသီးဇွန်ဟာ နိုင်ငံရေး လုပ်တဲ့အခါမှာ အင်မတန်မှာ မဖြောင့်မတ်တဲ့
သူတယောက်ပါ။ အစည်းအဝေးတွေမှာ စည်းမျည်းစည်းကမ်း ကို လိုက်နာ
တာ၊ အများသဘောရဲ့ ဆန္ဒကို လေးစားတာ လည်း နည်းပါးသလို၊ သူ့ ကို ဆန့်ကျင်ပြီ ဆိုတာနဲ့၊ သူမနိုင်လောက်ဘူး ဆိုတာနဲ့ အဲဒီပွဲ ကို ဖျက်တတ်
တဲ့ အကျင့် ရှိတယ်။
ပြောရရင် ညစ်တတ်တဲ့နိုင်ငံရေး သမား စစ်စစ် ပါ။ အစည်းအဝေး တခုမှာ
သူမနိုင်လောက်တော့ဘူး ဆိုရင် ဒီအစည်းအဝေးက ဘယ်လောက် လုံခြုံရေး
ရှိသလဲ၊ ထောက်လှန်းရေး မပါဘူး ပြောနိုင်လား ဆိုပြီး ပွဲ ဖျက်တတ်တာ၊
၈၈-၈၉ နိုင်ငံရေးပါတီအနေနဲ့ ကျောင်းသားပါတီတွေ ထောင် လုပ်ခဲ့ဖူးတဲ့
သူတွေ အားလုံး တွေ့ကြုံခဲ့ရတဲ့ ပြဿနာတွေပါ။
အဲဒီ ပြဿနာမျိုးတွေဟာ လက်နက်ကိုင်တဲ့ တောထဲကိုရောက်သွားတာပါပဲ။
ညီလာခံကွဲ ရ တာ ဘာကြောင့်လဲ ဆိုတာ အသေးစိတ် ဆရာကိုနေ၀င်းအောင် က ဆွေးနွေးတင်ပြထားပါတယ်။
ဆရာကိုနေ၀င်းအောင် ဟာ ပြောရရင် မိုးသီးဇွန်ရဲ့ လူရင်းပါ။ မိုးသီး တာဝန်ပေးမှုအရ မြေပေါ်တာဝန်ခံအနေနဲ့လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ညီလာခံမှာ မိုးသီးရဲ့ စည်းမျည်းစည်းကမ်း ကို မထေမဲ့မြင်လုပ်မှုတွေကို စိတ်ပျက်လွန်းလို့ အေဘီ အကွဲမှာ နိုင်အောင် ဘက် အခြမ်းကို ရပ်ခဲ့တယ် တဲ့။
မိုးသီးဇွန်ဟာ လူတဘက်သားကို မဟုတ်က ဟုတ်ကလုပ်ကြံတိုက်ခိုက်တတ်တယ်။ နောက် သူနိုင်ဖို့ ရိုးရိုးသားသား မကြိုးစားဘဲ အောက်လမ်း၊ အထက်လမ်း လမ်းပေါင်းစုံနဲ့ လုပ်တတ်တယ်။
ညီလာခံမှာ ဗိုလ်ချုပ်မြ ကိုပါ ခေါ်ပြီး သူ ဥက္ကဌ ဖြစ်ရေး ကြိုးပမ်းခဲ့တယ်။
ညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ အောင်မြင်ခဲ့တယ်။
နိုင်ငံရေးလမ်းစဉ် ဆွေးနွေးမှုအောင်မြင်ခဲ့တယ်။
စစ်ရေးလမ်းစဉ်ဆွေးနွေးမှု အောင်မြင်ခဲ့တယ်။
နောက်ဆုံး အဆင့် ရွေးချယ်နေရာချထားရေးအခန်းကဏ္ဍမှာ ကွဲကြတာပါ။
နေရာ.. အတွက် ကွဲကြတာပါ။
ကွဲပြီး ပြန်ညှိတော့လည်း ဘယ်လိုမှ ကို စည်းမျည်းစည်းကမ်းနဲ့မညီတာတွေ
ပြောပြီး ကို ညှိတဲ့အတွက် ပေါင်းစည်းလို့ကို မရခဲ့တာပါ။
ကဲ. . .ဒါတွေဘယ်လို ဖြစ်ရတယ် ဆိုတာ အသေးစိတ်ကို တင်ပါ့မယ်။
အဓိကပြောချင်တာက ကျနော် က အနုပညာသမားတယောက်အနေနဲ့ သစ္စာ ကိုသာ ကိုးကွယ်ပါတယ်။ အလှ ဟာ သစ္စာမှာပဲ ရှိတယ် လို့ ထင်ပါတယ်။
ကျနော်ကိုယ်တိုင် နိုင်ငံရေးသမား မဟုတ်တဲ့အတွက် ကိုမိုးသီး ကော၊ ကိုနိုင်အောင် ကော ကျနော့် ပြိုင်ဘက်တွေလည်း မဟုတ်၊ ကျနော်ရန်သူလည်း မဟုတ်၊ မိတ်ဆွေ တွေဘဲ ဖြစ်ချင်တာပါ။
ကျနော်အတွက်တော့ ၈၈ ဇာတ်လမ်းထဲ ကိုမိုးသီးဇွန်ဟာ ရယ်စရာကောင်းတဲ့
ဇာတ်ကောင် တကောင်သာ ဖြစ်ခဲ့တယ်။ တခါတလေ သူ့ရဲ့ လုပ်ကွက်တွေ
က တခိခိ သဘောကျစရာရယ်ရပါတယ်။
ဒါ သူ့ကို စော်ကားတာမဟုတ်ပါဘူး။ သူဟာ ခင်စရာကောင်းတဲ့လူတယောက်ပါ။ အနီးကပ်ပေါင်းတဲ့သူတိုင်း သူ့ကိုခင်ကြပါတယ်။
ရုပ်ရှင်အနေနဲ့ ဖန်တီးရင် သူ ထွက်လာတိုင်း ပရိတ်သတ် ပွဲကျမယ် ထင်တယ်။
ကျနော် သူတို့ကို ခေါင်းဆောင်တွေပီပီ၊ မှားခဲ့တာတွေ ကို သူရဲကောင်းစိတ်နဲ့ ၀န်ခံ၊ ၀န်ချ၊ ရင်ဆိုင်ဖြေရှင်းစေချင်တယ်။
ပြီးမှ တိုင်းပြည်အတွက်ပြန်ပြီး အလုပ်လုပ်စေချင်တယ်။
ဒါမျိုး လုပ်ပြီး မှားခဲ့တဲ့အမှားတွေ အတွက် ပေးဆပ်ပြီး၊
တိုင်းပြည်အတွက် တကယ်ကောင်းအောင် လုပ်ရင် ကျနော် ထောက်ခံရေးသားဖို့လည်း ၀န်မလေးပါဘူး။
သူတို့ကို မုန်းတီးစိတ်လည်း မရှိသလို၊ တိုက်ခိုက်လိုလို့ရေးနေတာမဟုတ်ဘူး။
ဒါပေမယ့် ရေးတော့ ရေးရလိမ့်မယ်။ ဒါ သမိုင်းပါ။ ပြည်သူ သိသင့်သိအပ်တဲ့
သမိုင်းပါ။ ကျနော့်အနေနဲ့တော့ ရေးရမယ်။ ဆုံးဖြတ်တာ ပြည်သူ့အလုပ်ပါ။
နယူးယောက်ခ် ပွဲမှာ လွမ်းစိမ့် လာကြည့်တော့ လွတ်လပ်တဲ့နယ်မြေမှာ လွတ်လပ်စွာ ကားရိုက်ပါဦး လို့ ကိုမိုးသီး က ပြောရင်း၊ မင်းသားလိုရင်ပြော လို့ အရွှန်းဖေါက်ပါတယ်။
အဲဒီတုန်းက ကျနော်ကလည်း ကိုမိုးသီးရေ. . မင်းသား မဖြစ်ဘဲ၊ လူကြမ်းဖြစ်နေမယ် လို့ ပြောခဲ့ပါတယ်။
သူနဲ့ကျနော် ဆုံဖို့လည်း ပြောထားပါသေးတယ်။ မအားတာနဲ့ကို မဆုံဖြစ်ပါဘူး။ ဆုံလည်း ဆုံချင် စကားစမြီလည်းပြောချင်ပါသေးတယ်။
လူတိုင်းကတော့ မင်းသားဖြစ်ချင်တယ်။ အနည်းဆုံး ကိုယ့်ဇာတ်လမ်းမှာ။
ဒါပေမယ့် မင်းသား ဆိုတာ မင်းသားကာရိုက်တာ တော့ ရှိရလိမ့်မယ် ဆိုတာ
မမေ့စေချင်ဘူး။
ကျနော် ခင်ဗျားတို့အတွက် အကောင်းဆုံး ဇာတ်ညွန်းရေးကြည့်တယ်။
သမိုင်း လှ ဖို့ဆို
သတ္တိရှိရှိ သူရဲကောင်းဆန်ဆန် ကိုယ်ကျူးလွန်မိခဲ့တာတွေ ကို ၀န်ချတောင်းပန်၊ ၀န်ခံရင်ဆိုင်၊ ပြီးရင် တိုင်းပြည်အတွက် အလုပ်ပြန်လုပ်ပါ။
ဒါဆိုရင်တော့ လှ တဲ့ မင်းသားတွေ ဖြစ်ကုန်မယ်။
လှရင် မင်းသား တင်ပါ့မယ်။
ချိုတူးဇော်
No comments:
Post a Comment