မနက်ဖြန် စက်တင်ဘာလ (၁၈) ရက်နေ့ ဟာ ရွှေဝါရောင်တော်လှန်ရေး (၅) နှစ်မြောက် နှစ်ပါတ်လည်နေ့  ဖြစ်ပါတယ်။ ဒီ စက်တင်ဘာလ (၁၈) ရက်နေ့ မှာ အာဏာရှင်စစ်အစိုးရနဲ့  လက်ပါးစေများအပေါ် ပတ္တနိက္ကုဇ္ဖနကံဆောင်ခြင်းအမှုကို စတင်ကျင့်သုံးခဲ့တဲ့နေ့  တစ်နေ့  ဖြစ်ပါတယ်။
(ရွှေဝါရောင်တော်လှန်ရေး ၂၀၀၇ ခုနှစ် မှတ်တမ်းများ ပြန်လည်ဖေါ်ထုတ်ခြင်း - ၂၀၁၂ ခုနှစ်)။
ပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်း ဆိုတာ ဘယ်လို အကြေင်းရင်းကြောင့် ကံဆောင်ခဲ့ရတာလည်း ဆိုတာကို သိရှိစေဖို့ ပါ။
ပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်း ဆိုတာ -
ရဟန်းတော်များမှ ရဟန်းတော်တွေကို ဖိစီးနှိပ်စက်တဲ့ ပုဂ္ဂိုလ်များထံမှ ပစ္စည်းလေးပါးအလှူ မခံရ၊ အဆိုပါပုဂ္ဂိုလ်များကို တရား ဟောပြောမှု မလုပ်ရ ဖြစ်ပါတယ်။
ပတ္တနိက္ကုဇ္ဖန ကံဆောင်ရခြင်း အကြောင်းရင်း (၈) ချက်မှာ -
(၁) ရဟန်းတွေကို ပစ္စည်းလေးပါး မရအောင်လုပ်ခြင်းကြောင့်၊
(၂) ရဟန်းတွေကို အကျိုးမဲ့ဖြစ်အောင်လုပ်ခြင်းကြောင့်၊
(၃) ရဟန်းတော်ကို နေရာမရအောင်လုပ်ခြင်းကြောင့်၊
(၄) ရဟန်းတွေကို ဆဲရေးခြိမ်းခြောက်တာလုပ်ခြင်းကြောင့်၊
(၅) ရဟန်းတော်တွေကို အချင်းချင်းကွဲပြားအောင်လုပ်ခြင်းကြောင့်၊
(၆) ဘုရားအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့်၊
(၇) တရားအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့်၊
(၈) သံဃာအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရခြင်း ဖြစ်ပါတယ်။
ပတ္တနိက္ကုဇ္ဖန ကံဆောင်ရန် လိုအပ်သော ရဟန်းသံဃာအရေအတွက် -
ရဟန်းသံဃာ အနည်းဆုံး (၄) ပါးဖြင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်နိုင်ပါတယ်။ ကံဆောင်ပြီးပါက အခြားသော ကျောင်း တိုက်များသို့  ယခုကဲ့သို့  ကံဆောင်ထားပါကြောင်း အကြောင်းကြားလိုက်ပါက အခြားသောကျောင်းတိုက်များမှ ရဟန်းသံဃာတော်များပါ ပတ္တနိက္ကုဇ္ဖန ကံဆောင်ပြီးသွားဖြစ်သွားပါတယ်။
နအဖစစ်အုပ်စုအပေါ် အဘယ်ကြောင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရပါသလဲ -
(၁) နအဖမှ ရဟန်းသံဃာတော်များအား ဆွမ်းလောင်းလှူနေသောသူများ၊ ဆွမ်းလောင်းအသင်းများအား အကြောင်းမဲ့ ပိတ်ပင်တားဆီးခြင်းလုပ်ရပ် လုပ်ဆောင်ခြင်းကြောင့်၊
(၂) နအဖမှ ရဟန်းသံဃာတော်များ ဘေးရန်ဖြစ်စေသော နှိပ်စက်ညဉ်းပမ်းမှုများ လုပ်ဆောင်ခြင်းကြောင့်၊
(၃) နအဖမှ ရဟန်းသံဃာတော်များအား မိမိတို့ ကျောင်းတိုက်များတွင် သီတင်းသုံးခွင့်မရှိစေရန် ညွန်ကြားခြင်း တားဆီးခြင်းကြောင့်၊
(၄) နအဖမှ လူရမ်းကားလက်ပါးစေများမွေးကာ ရဟန်းသံဃာတော်များအား ဆဲဆိုခြိမ်းခြောက်မှုပြုလုပ်စေခြင်းကြောင့်၊
(၅) နအဖမှ ရဟန်းသံဃာတော်များအားအကြား သွေးစည်းညီညွတ်မှု ပြိုကွဲအောင် လာဘ်လာဘ တံစိုးလက် ဆောင်များပေးကာ သွေးခွဲခြင်းကြောင့်၊
(၆) နအဖမှ ရဟန်းသံဃာတော်များအား ပုတ်ခတ်ပြီး မမှန်သတင်းများဖြင့် ကဲ့ရဲ့ ကာ သံဃာဂုဏ်ကျေးဇူးအား ထိခိုက်နစ်နစ်စေခြင်းကြောင့်၊
(၇) နအဖမှ တရားကျင့်ကြံအားထုတ်လျက်ရှိသော ရဟန်းသံဃာတော်များအား ထိခိုက်နစ်နစ်စေခြင်းသည် တရားတော်ဂုဏ်ကျေးဇူးအား စော်ကားခြင်းကြောင့်၊
(၈) နအဖမှ တရားတော်ဂုဏ်ကျေးဇူးနှင့် ရဟန်းသံဃာတော်များအား ထိခိုက်နစ်နာစေခြင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးအား စော်ကားခြင်းကြောင့် -
နအဖစစ်အုပ်စုနှင့် လက်ပါးစေများ အပေါ် ပတ္တနိက္ကုဇ္ဖန ကံဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
သံဃာတော်များအပေါ် ကျူးလွန်စော်ကားခဲ့မှုကို ၀န်ချတောင်းပန်မှု မပြုမခြင်း ပတ္တနိက္ကုဇ္ဖန ကံဆောင်မှုဟာ ဆက်လက်တည်တံ့နေဆဲ ဖြစ်ပါတယ်။

No comments:
Post a Comment