Sunday 9 September 2012

Black list ကို Black coffee လို အငမ်းမရ သောက်နေတဲ့ ( ၂၄ ) နှစ်

Black list ကို Black coffee လို အငမ်းမရ သောက်နေတဲ့ ( ၂၄ ) နှစ်

အိမ်အလွမ်း ဒဏ်ရာကို အနာလည်းရှိ ဆေးလည်းသိရဲ့သားနဲ့
မေ့ဆေးပေးပြီး မကုပဲ ပစ်ထားခဲ့တာ ကြာပြီ..၊
မျှော်နေမဲ့ အမေအိုဟာ တရား ဓမ္မနဲ့ မွေ့လျော်ရမဲ့ အစား
သားပျောက် သမီးပျောက်ရှာ ရင်း ၊ သောက မီးတောက်နဲ့ ဗျာများနေမယ်မှန်းလည်း သိတယ် ..
ဒါပေမဲ့ အမှန်တရားကို ရှာရင်း အမှားတရံကို ဖိနပ်လို စီးတဲ့ ( ၂၄ ) နှစ်......။

ခွဲခွာခဲ့ အလင်းမဲ့ အတိတ်ရထားကို ပြန်စီးစဉ်
လူမြင်မခံ ၀ံ့တဲ့ မျက်ရည်တွေ သွေးတွေ သမိုင်း စာမျက်နှာပေါ် မြစ်လို စီးဆင်း
ယုံကြည်ချက် ဒုက္ခတွေနဲ့ စီးချင်းထိုး ဘ၀တိုက်ပွဲ
မတရား ဆုံးရှုံးမှုများ ဥပဒေမဲ့ တောလမ်းပေါ် မှာပြန့်ကျဲခဲ့တယ်....၊
လူငယ်ဘ၀တွေ တောနက်နက်မှာ စတေးခဲ့တာတောင်
မျက်နှာကို တံတွေးထွေးခံရတဲ့ ( ၂၄ ) နှစ်......။


ကြယ်ရောင်ပျောက် ကောင်းကင်အောက် အမှောင် ကျေးလက်
ဗန်ဂိုး ပန်းချီကားလို အနုပညာ တန်ဖိုး ကြီးပြီး လှပစဲ..စိတ်ထဲ
ကွဲကွာခဲ့ မြို့ပြက ကျောက်ပတ်တီး အဖွေးသားနဲ့
အရင်လိုပဲ မိုနာလီဇာလို ဟန်ဆောင် ပြုံးကောင်းတုန်း...
နုပျိုစဲ အားမာန်တွေ ဓားတစ်လက်လို အသွားထက်ခဲ့ ( ၂၄ ) နှစ်...။

အဝေးမှာ အတားအဆီးများ သွေးပင်လယ်လို ကာစီး
မရင့်ကျက်တဲ့ အတွေးအခေါ်တွေ မုန်တိုင်းမိ လှေငယ်လို လှုပ်လူးနေတယ် .....၊
အနီးမှာ အနှောက် အယှက်များ မီးတောင်တန်းလို ပိတ်ဆို့
ကိုယ်ကျိုးကြည့် အတ္တလူတွေ အတောင်ကျိုးငှက်လို သိုက်မြုံပြန်တယ် ....
ချုပ်ရိုးပြဲ ဘောင်းဘီလို မ၀တ်ပဲ ပစ်ထားခဲ့ချင်ပြီ ( ၂၄ ) နှစ်..........။

ညနက်နက်မှာ ရှားဖဲကို စောင့်ရင်း စိတ်မရှည်ပဲ ထဆဲကြတော့
မျက်မှန်စိမ်းတပ်ထားတဲ့ ညီညွတ်ရေးဟာ သွေးအားနည်း ၊
သပ်လျှိုသလို အပေါ်ယံ ဆက်ဆံရေးတွေနဲ့ မပြောင်းမလဲ သွေးခွဲ
အမေ့ကို ချစ်ပေမဲ့ အဝေးရောက်သားရဲ့ အတွေး ဂယက်မှာ နစ်စဲ
လူ့ အခွင့်အရေးထက် ကိုယ့် အခွင့်အရေးတောင်းတဲ့သူတွေ မရှိတဲ့ တစ်နေ့
သေနတ်သံတွေ တိတ်မှ သား အိမ်ပြန် အိပ်တော့မယ် အမေ.....
ငြိမ်းချမ်းရေး ချိုးငှက်တွေ နာဖျားခဲ့တဲ့ ( ၂၄ ) နှစ်...။

ဥပဒေကို ပြုစုရမဲ့အစား Black list ကိုပြုစုရင်း အချိန်ဖြုန်းခဲ့
Black list ကို Black coffee လို အငမ်းမရ သောက်နေတဲ့ ( ၂၄ ) နှစ်..။

အောင်ခိုင်မြင့်
၉ စက်တင်ဘာလ ၂၀၁၂

No comments:

Post a Comment