Wednesday, 8 August 2012

တရားဥပဒေ စိုးမိုးရေး (Rule of Law) အောင်မြင်စေဖို့….


by Lwin Aung Soe on Tuesday, August 7, 2012 at 5:41pm ·

ဓါတ်ပုံ - The Voice Weekly

တရားဥပဒေ စိုးမိုးရေး (Rule of Law) အောင်မြင်စေဖို့….

ပြည်ထောင်စုလွှတ်တော်မှာ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဖွဲ့စည်းလိုက်ပါပြီ။ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူမယ်လို့ သိရပါတယ်။ ဝမ်းသာအားရ ကြိုဆိုတဲ့အနေနဲ့ ဒီစာကို ရေးသားပါတယ်။

တရားဥပဒေ စိုးမိုးရေး (Rule of Law) ဆိုတာဟာ -
  1. လူတိုင်းက ပြဌာန်းထားတဲ့ ဥပဒေမှန်သမျှကို လိုက်နာခြင်း၊
  2. ဥပဒေအတိုင်း မှန်ကန်စွာ စီရင်ခြင်းနဲ့
  3. မှန်ကန်တဲ့ ဥပဒေတွေကိုသာ ကျင့်သုံးခြင်း ဖြစ်ပါတယ်။

ဒါကြောင့် တရားဥပဒေ စိုးမိုးရေးလို့ ဆိုလိုက်တာနဲ့ No one is above the law. တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရတော့ပါဘူး။ ရှိနေရင် Rule of Law ပျက်ပြားတာပဲ ဖြစ်ပါတယ်။

များသောအားဖြင့်မှာတော့ ပြည်သူတွေဟာ ဥပဒေ ချိုးဖောက်ရင် အရေးယူအပြစ်ဒဏ်ခံနေကြရပါတယ်။ အုပ်ချုပ်သူ လူတန်းစား အပါအဝင် ဥပဒေဘက်တော်သားတွေဟာလည်း ပြည်သူတွေထဲက ပြည်သူတွေပဲ ဖြစ်ကြတာကြောင့် ဥပဒေ ဖောက်ဖျက်ကျူးလွန်ရင် ထိုက်သင့်သလို ပြစ်ဒဏ်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာရှင်စနစ်မှာတော့ အုပ်ချုပ်သူ လူတန်းစားတွေအတွက် ဥပဒေအတိုင်း မှန်ကန်စွာ စီရင်ခြင်း မရှိခဲ့ပါဘူး။ သူ့လူငါ့လူ ဆိုပြီး ကျောသားရင်သား ခွဲခြားမှုတွေ ရှိခဲ့ပါတယ်။ ဥပဒေ ဆိုတာကလည်း အာဏာရှင်စနစ် ကောင်းကျိုးအတွက် လိုရင်သုံး၊ မလိုသေးရင် မသုံးဘဲ ထားတတ်ပါတယ်။ ငွေများ တရားနိုင် ဆိုတာတွေ ဖြစ်လာခဲ့ရပါတယ်။ အာဏာအလွဲသုံးစားမှုတွေ ရှိလာခဲ့ပါတယ်။ တရားစီရင်ရေးအဖွဲ့ ရှိပေမယ့် လိုအပ်ရင် အခြား တဦးတယောက်တဖွဲ့က ကြားဝင်ဆုံးဖြတ်ပြီး စီရင်တာမျိုးတွေ ရှိလာခဲ့ပါတယ်။ တရားဥပဒေကိုဖြစ်စေ၊ တရားစီရင်ရေးကိုဖြစ်စေ လုံးဝ မျက်ကွယ်ပြု မထီလေးစား လုပ်ကြပါတယ်။

ပြဌာန်းထားတဲ့ ဥပဒေတွေကို လူတိုင်းက လေးစားလိုက်နာရမယ် ဆိုတာ အများအားဖြင့် သိကြပါတယ်။ ဒါကြောင့် လက်တွေ့မှာ ဥပဒေကို မထီမဲ့မြင်လုပ်သူတွေ၊ လက်တလုံးခြား ကလိမ်စေ့ငြမ်းစင် ထွက်ပေါက်ရှာသူတွေ၊ အာဏာအလွဲသုံးစားသူတွေကို ထိန်းချုပ်တည့်မတ်ပေးနိုင်ရမှာ ဖြစ်ပါတယ်။

တရားဥပဒေအတိုင်း မှန်ကန်စွာ စီရင်နိုင်ဖို့ကိုလည်း အထူးထိန်းကျောင်းတည့်မတ်ပေးရပါမယ်။ တရားစီရင်ရေးဟာ တရားရေးမဏ္ဍိုင်မှာ ပါဝင်နေတာကြောင့် စီမံအုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုမဏ္ဍိုင်တို့အပြင် မီဒီယာကပါ ထိန်းကျောင်းတည့်မတ်ပေးရမှာ ဖြစ်ပါတယ်။ တရားရေး ဝန်ထမ်းတွေရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှုက အဓိကအကျဆုံး ဖြစ်နေသလို လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစေဖို့၊ စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် လုံလောက်အောင် ထောက်ပံ့ကာကွယ်ပေးနိုင်ဖို့လည်း အခြားတဖက်မှာ ကောင်းစွာ စီစဉ်ပေးရတော့မှာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ ဥပဒေတွေကို ကျင့်သုံးနိုင်ဖို့အတွက် လက်ရှိခေတ်စနစ်ရဲ့ ရည်မှန်းချက်ကိုသာ အထောက်အကူပြုမယ့် ဥပဒေတွေကိုသာ ကျင့်သုံးအပ်ပါတယ်။ တည်ဆဲဥပဒေတွေထဲမှာ အဲဒီလို မဟုတ်တဲ့ ဥပဒေတွေ ရှိနေရင် အမြန်ဆုံး ပြင်ဆင်-ဖြည့်စွက်-ပယ်ဖျက်နိုင်အောင် ကြိုးပမ်းကြရပါမယ်။ လက်ရှိလွှတ်တော်မှာတော့ ဒီကိစ္စအတွက် ကော်မရှင်တခု ရှိတယ်လို့ ကြားသိရပါတယ်။ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်နိုင်ကြစေချင်ပါတယ်။

ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ကြိုးပမ်းနေကြတဲ့ ဒီကနေ့ ခေတ်ကာလမှာ တရားဥပဒေ စိုးမိုးရေး (Rule of Law) ဟာ အမှန်တကယ် လက်တွေ့ကျကျ အောင်မြင်လာစေဖို့ မျှော်လင့်မိပါတယ်။

လွင်အောင်စိုး
၇-၈-၂ဝ၁၂

ဆက်စပ်သတင်း - The Voice Weekly - https://www.facebook.com/photo.php?fbid=452782664741998&set=a.164790403541227.32157.158797964140471&type=1

No comments:

Post a Comment