by Lwin Aung Soe on Wednesday, August 15, 2012 at 4:22pm ·
အလှူရှင်၊ အလှူခံ ပုဂ္ဂိုလ်နှင့် ကြားပွဲစား
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဗီအိုအေ (မြန်မာ)က ဦးသန်းလွင်ထွန်းဟာ 14.08.2012 နေ့မှာ အင်တာဗျူး မေးပါတယ်။ ဒီအင်တာဗျူးမှာ ကိုသန်းလွင်ထွန်းက အောက်ပါအတိုင်း မေးခွန်းတခုကို မေးခဲ့ပါတယ်။
“ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ကို ဆင်းရဲနေတဲ့ လူစုလူဝေးအတွက်ကို ဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့အတွက်ကို ရန်ပုံငွေတွေလိုတာလည်း အမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျွန်တော်ပြောခဲ့သလို ဆော်ဒီအာရေဗီးယားနိုင်ငံက နေပြီးတော့ ဒေါ်လာသန်းငါးဆယ် လှုမယ်ဆိုတဲ့ ကိစ္စမျိုးဟာ နိုင်ငံတော်အစိုးရဆီက နေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာသွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာရင်တော့ ကောင်းမှာပေါ့ ဒါ သမ္မတ ကြီးတို့လည်း ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။ အဲဒီ့လိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာ ဒီ လူ့အခွင့်အရေးအတွက် ဆိုပြီးတော့ ဒီလူတွေအတွက် အပြင်ဘက်မှာရှိနေတဲ့ အဖွဲ့အစည်းတွေကို တဆင့် ထောက်ပံ့ ပေးတဲ့ အနေအထားမျိုးကို ရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်ဘူးလား။”
ဒီမေးခွန်းကိုကြည့်ရင် ပြည်ပကနေ ထောက်ပံ့တယ် ဆိုတဲ့ အလှူငွေတွေဟာ တကယ်တမ်း အကူအညီ လိုအပ်တဲ့သူတွေဆီကို အပြည့်အဝ မရောက်ဘဲ တဆင့်ကူညီပေးနေပါတယ်ဆိုတဲ့ ကြားလူတွေရဲ့ လက်ထဲကို ရောက်သွားတဲ့သဘောမျိုးတွေ ရှိနေတာကို ပြည်ပအကြောင်း ကောင်းကောင်းသိနေတဲ့ ကိုသန်းလွင်ထွန်းက မသိမသာ ဖွင့်ဟသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါမှမဟုတ်လည်း သတိမေ့ပြီး ဝန်ခံသွားသလား မပြောတတ်ပါ။ ဒါမှမဟုတ်လည်း ဒေါ်လာသန်း ၅ဝ ဟာ ဘယ်လိုလမ်းကြောင်းကနေ ဝင်လာမလဲ၊ တိုက်ရိုက်လား၊ ကြားလူခံထားမလား၊ ကြားလူဆိုရင် ဘယ်သူတွေ ဖြစ်နိုင်မလဲ ဆိုတာတွေကို သမ္မတထံ အစ်ကြည့်နေတာလို့လည်း ဆိုရမလားပါပဲ။
ကိုသန်းလွင်ထွန်း ဘယ်လိုသဘောနဲ့ ပြောတယ်ဆိုတာက တပိုင်း၊ အဲဒီလို ဖြစ်ပျက်တတ်တယ် ဆိုတာက အခြားတပိုင်းပါ။ အပေါ်ယံကြည့်ရင် လှူတဲ့သူက လှူတယ်။ လှူတဲ့အခါ ကြားလူကို သုံးတယ်။ အလှူငွေကို ကြားလူက အများကြီးရတယ်။ တကယ်လိုအပ်သူက မဖြစ်စလောက်ပဲ ရတယ်။ ဒါတွေက အနည်းနဲ့အများ ပြည်ပမှာ ဖြစ်တတ်သလို ပြည်တွင်းမှာလည်း ဖြစ်တတ်မယ်လို့ ထင်ပါတယ်။
တကယ်တမ်း နောက်ကွယ်မှာ ဖြစ်လေ့ရှိတာကို သတိအပြုသင့်ဆုံး ရှိပါတယ်။ အဲဒါကတော့ အလှူရှင်တွေဟာ သူတို့ ရည်မှန်းချက်ရောက်အောင် ကြားလူတွေကို ငွေပေးပြီး လုပ်ခိုင်းတဲ့ကိစ္စပါ။ အလှူရှင် အဖွဲ့အစည်းနဲ့ နိုင်ငံတွေဟာ “ငါတို့ ဘယ်လောက် လှူလိုက်ပါတယ်” လို့ လူသိရှင်ကြား ကြေညာပြီး သူတို့အဖွဲ့အစည်း (သို့) နိုင်ငံရဲ့ သြဇာသက်ရောက်မှုကို ကြီးအောင် လုပ်တတ်ကြပါတယ်။ ဒါဟာ အခြားသူတွေကို ဖမ်းစားတဲ့ နည်းတမျိုးပါ။ တကယ်တမ်း အကူအညီလိုသူတွေကို ဗန်းပြရင်း ကြားလူကို ငွေပေး အသုံးချရင်း သူတို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ရောက်ဖို့ လုပ်နေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအစိုးရအနေနဲ့ အလှူရှင်တွေရဲ့ ခြေလှမ်းတွေကို အရင်ထက်ပိုပြီး သတိထားသင့်ပါတယ်။ ကြားလူတွေ ရှိခဲ့ရင် သစ္စာရှိ မြန်မာတွေလည်း သွေးဆောင်ဖျားယောင်းခြင်း မခံရဖို့ သတိရှိသင့်ပါတယ်။
လွင်အောင်စိုး
၁၅-၈-၂ဝ၁၂
ရည်ညွှန်း - ဗီအိုအေ (မြန်မာ) 14.08.2012 - သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်း
http://burmese.voanews.com/content/president-utheinsein-voa-exclusive-interview/1485796.html
..................
No comments:
Post a Comment