Wednesday, 22 August 2012

လူထု ယုံကြည်အားကိုးလောက်သော လွှတ်တော်ကြီး ဖြစ်စေချင်


by Lwin Aung Soe on Tuesday, August 21, 2012 at 7:38pm ·


လူထု ယုံကြည်အားကိုးလောက်သော လွှတ်တော်ကြီး ဖြစ်စေချင်

ဒီမိုကရေစီ ကျင့်သုံးတဲ့ လွှတ်တော် (ပါလီမန်) ဟာ စာဖတ်ပြနေတာတွေကို လူစုလူဝေးနဲ့ နားထောင်ဖို့ နေရာ မဟုတ်ပါဘူး။ တိုင်းရေးပြည်ရာ ကိစ္စတွေကို အခြေအတင် ပြောဆို ဆွေးနွေးတဲ့ နေရာပဲ ဖြစ်ပါတယ်။ ပြည်သူ့အကျိုးပြု ဥပဒေရေးရာ ကိစ္စတွေ ဖြစ်ထွန်းစေဖို့ အချိန်ကုန်ရကျိုး နပ်ရမယ်၊ တိုင်းပြည်ဘဏ္ဍာ အကုန်ခံရကျိုး နပ်ရမယ်၊ အမတ်တွေ အပင်ပန်းခံရကျိုးနပ်တဲ့ရမယ့် နေရာသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ လွှတ်တော်တွေရဲ့ ဆွေးနွေးတဲ့ ပုံစံကို သဘောမကျပါ။ လူတွေကို အသာထား.. မူတွေ ပြင်ကြရင် အရင်ဦးဆုံး ပြင်သင့်တဲ့ ကိစ္စပါ။

ဘာတွေ မေးချင်တယ် ဆိုတဲ့ မေးခွန်းကို လွှတ်တော် သဘာပတိကို ကြိုတင် တင်ပြရပြီး လက်ခံမှ လွှတ်တော်ထဲမှာ မေးရတာ၊ ပြန်ဖြေသူကလည်း မေးခွန်းကို ကြိုရပြီးလို့ အချက်အလက်တွေ စုဆောင်းပြီးမှ ပြန်ဖြေတာမျိုးက မဖြစ်သင့်ပါ။ ပြန်ဖြေရမယ့် အချက်အလက်တွေဟာ ဦးနှောက်ထဲက ထွက်လာတာပဲ ဖြစ်နေသင့်ပါတယ်။ ဒါမျိုးက နိုင်ငံတကာ လွှတ်တော်တွေမှာ အများအားဖြင့် လုပ်နေကျ ပုံစံဖြစ်ပါတယ်။ ကိန်းဂဏန်းတွေ ပါလာလို့ သိပ်ပြီး လိုအပ်မှသာ စာရွက်ကိုင်ပြောကြပါတယ်။

အမြဲသတိရှိစေချင်တာကတော့ လွှတ်တော် သဘာပတိ၊ ဥက္ကဋ္ဌ ဆိုသူတွေကလည်း ပြည်သူလူထုကို ကိုယ်စားပြုဖို့ ရွေးကောက်ခံ အမတ်တွေ ဖြစ်တယ် ဆိုတာပါ။ လူထုကိုယ်စား ဆုံးဖြတ်ဖို့ တာဝန်ကို ယူထားတာ ဖြစ်ပါတယ်။ မိမ်သဘောအလျောက် ပုဂ္ဂလိက ဆန္ဒအရ မရှိသင့်ရုံမက လုပ်သမျှအပေါ် စံနမူနာပြ ကိုယ့်တာဝန် ကိုယ်ယူရမှာသာ ဖြစ်ပါတယ်။

လွှတ်တော် သဘာပတိကို ဆွေးနွေးမယ့် ခေါင်းစဉ် Agenda တင်ရင် လုံလောက်နေပါပြီ။ အဲဒီ Agenda အောက်မှာ လွတ်လပ်ပွင့်လင်းစွာ မေး-ဖြေတဲ့ စနစ်ကို ကျင့်သုံးသင့်ပါတယ်။

ဒါမှလည်း လုပ်ဆောင်ချက်တွေအပေါ် မေးခွန်းနဲ့ အဖြေတွေက အရည်အသွေး အပြည့်အဝနဲ့  အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ မေးသူ-ဖြေသူတို့ရဲ့ နိုင်ငံရေး အရည်အသွေးကိုလည်း လူထုက အကဲခတ် ဆုံးဖြတ်ခွင့် ရစေမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီမှာ အမြဲတမ်း စိန်ခေါ်မှုတွေ ရှိပြီးသားပါ။ ဘယ်တော့မှ ပျောက်မသွားပါဘူး။ ကြောက်လို့  ပုန်းနေချင်လည်း မရပါဘူး။ စိန်ခေါ်မှုတွေကို မကြောက်ကြပါနဲ့။ ရဲရဲရင်ဆိုင်ကြပါ။ မှန်နေသရွေ့ လူထုက ထောက်ခံပေးနေမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၂၁-၈-၂ဝ၁၂

No comments:

Post a Comment