Saturday, 11 August 2012
လျှပ်တပြက် ပညာရေးအတွေးတချို့
by Ko Htoo on Saturday, August 11, 2012 at 1:33pm ·
ရန်ကုန်တက္ကသိုလ်
အခုတလော တက္ကသိုလ်တွေကို အစိုးရ၀န်ကြီးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ မထားပဲ လွတ်လွတ်လပ်လပ်ရှိအောင်ထားဖို့ တောင်းဆိုမှုတွေကို ကြားနေရတယ်။ တကယ်ဖြစ်လာရင်တော့ ၀မ်းသာစရာပါပဲ။ ပညာရေးဟာ နိုင်ငံတိုးတက်ရေးရဲ့ အခရာမို့ ပညာရေးဥပဒေပြင်ဆင်ချက်များလုပ်ဖို့ ကြိုးစားမှုများ၊ တက္ကသိုလ်ဆရာ ဆရာမများအသင်း ဖွဲ့စည်းမှုများ၊ ဂျွန်ဟော့ပ်ကင်းစတဲ့ အထင်ကရ နိုင်ငံတကာတက္ကသိုလ်ကြီးများနဲ့ ပြောဆိုဆက်သွယ်နေမှုများ၊ နိုင်ငံတကာ တက္ကသိုလ်ကြီးများနဲ့ ချိတ်ဆက်မယ့် စာကြည့်တိုက်ကြီးများ ဖြစ်ထွန်းရေး လုပ်ရှားမှုများဟာ တကယ်အားရစရာတွေပါပဲ။
ပညာရေးအကြောင်းကို ပြောကြပြီဆိုရင် ၂ မျိုး ၂ စား ရှိတယ်လို့ မြင်တယ်။ (၁) ထူးချွန်ပြောင်မြောက်တဲ့ အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်ပေးရေး၊ (၂) လူတန်းစားအားလုံး အခြေခံပညာ တတ်မြောက်ရေး…
ထူးချွန်ပြောင်မြောက်တဲ့ အသိပညာရှင်အတတ်ပညာရှင် မွေးထုတ်ဖို့နဲ့ လူသားအရင်းအမြစ်များ ပိုမိုအားကောင်းလာဖို့အတွက်က အဆင့်အတန်းရှိတဲ့ တက္ကသိုလ်စနစ်တစ်ခု အရင်ပေါ်ပေါက်လာဖို့ လိုတယ်။ မြန်မာ့တက္ကသိုလ်တွေဟာ ဗိုလ်နေ၀င်းအာဏာမသိမ်းမီအချိန်ထိ အာရှမှာ ဂုဏ်ရောင်တ၀င်းဝင်းနဲ့ ထွန်းတောက်ခဲ့တယ်။ ပညာတတ်လူတန်းစားတွေက လူမှန်နေရာမှန်နဲ့၊ တက္ကသိုလ်ကလည်း အမှီအခိုကင်းကင်းနဲ့…
၁၉၆၂ ခုနှစ်မတိုင်မှီ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်စနစ် တစိတ်တပိုင်းကို သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက သူ့ရဲ့ ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိ “ငါပြောချင်သမျှ ငါ့အကြောင်း” စာအုပ်မှာ အခုလို ရေးပါတယ်။
“၁၉၆၂ တော်လှန်ရေးကောင်စီနဲ့အတူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါ်လာတယ်။ ပေါ်စက တက္ကသိုလ်ကို အစိုးရက သိမ်းတယ်။ အရင်က တက္ကသိုလ်သီးခြားအုပ်ချုပ်ခွင့် (Autonomous) ရှိတယ်။ နှစ်စဉ်ငွေအထောက်အပံ့ (Subsidy) တော့ နည်းနည်းယူတယ်။ ဘယ်လိုအထောက်အပံ့ယူသလဲဆိုရင် ဘာသာရပ်တစ်ခုအတွက် ပါမောက္ခ ၁ ဦး၊ ကထိက ၁ ဦး၊ လက်ထောက် ကထိက ၁၊ နည်းပြ ၁ ကို အစိုးရလစာနဲ့ ခန့်ပေးတယ်။ ဌာနကလဲ လေးငါးခုပဲ ရှိတယ်။ နောက် လူများလာတော့ တက္ကသိုလ်ရဲ့ ဆီးနိတ် (Senate) အဖွဲ့က ဆရာတိုးခန့်ရတယ်။ အစိုးရခန့် ဆရာက တစ်သက်ပန်ခန့်ထားပြီး အငြိမ်းစားယူတဲ့အခါ အစိုးရက ပေးတဲ့ အငြိမ်းစားလစာ ခံစားခွင့်ရှိတယ်။ ဆီးနိတ်ခန့်ဆရာကိုတော့ နှစ်စဉ်စီမံကိန်းနဲ့ တက္ကသိုလ်ပိုင်ငွေထဲက လစာပေးပြီး “ဘယ်သူ့ကို ဘယ်ဌာနမှာ အခုနှစ် ဇွန် ၁ ရက်က နောက်နှစ် မေ ၃၁ ရက်အထိ ကျူတာခန့်တယ်"လို့ စာထွက်ပါတယ်။ စပြီးခန့်ကတည်းက ကာလ အပိုင်းအခြားကို ထည့်ပြောထားတော့ မေ ၃၁ ရက်ကျရင် အလိုလို အလုပ်ပြုတ်သွားပါတယ်။ ဆိုင်ရာ ပါမောက္ခထောက်ခံစာနဲ့ မေလ ၃၁ မတိုင်မီ ဆီးနိတ်က နောက်တစ်နှစ် ခန့်စာထွက်ပေးပါမှ အလုပ်ဆက်ရတယ်။”
ဒါဟာ နိုင်ငံတကာမှာ ရှိတဲ့ ပြည်သူပိုင်(public) တက္ကသိုလ်ကျောင်းကြီးတွေရဲ့ ယေဘုယျလည်ပတ်ပုံလို့ ပြောနိုင်ပါတယ်။ (ပြည်သူပိုင်လို့ ပြောရတာက တချို့နိုင်ငံတွေမှာ ပုဂ္ဂလိကပိုင် (private) တက္ကသိုလ်ကြီးတွေလည်း ရှိနေလို့ပါ။ ဥပမာ- ဟားဗာတ်တို့၊ MIT တို့လိုပေါ့။) ပြည်သူပိုင်တက္ကသိုလ်ကြီးတွေအတွက် အစိုးရက ထောက်ပံ့ငွေတချို့ပေးတယ်။ ပြင်ပကလည်း အလှူခံကြတယ်။ ကျောင်းသားဟောင်းတွေဆီကလည်း အလှူခံကြတယ်။ အခုနှစ်တွေမှာဆိုရင် စီးပွားရေးအဆင်မပြေကြတဲ့အတွက်ကြောင့် အစိုးရရဲ့ ထောက်ပံ့ငွေတွေဟာလည်း နည်းပါးလာနေလို့ တချို့ဆိုရင် ပြင်ပက တတ်နိုင်တဲ့ လူတွေဆီက ရလာမယ့် အလှူငွေတွေကို မှီခိုလာနေကြရပါတယ်။
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူတာတွေကလည်း အများကြီး။ နိုင်ငံတစ်ခုတည်းမှာတောင် ပြည်နယ်တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဥပမာ - အမေရိကန်ပြည်ထောင်စုမှာဆိုရင် ပြည်သူပိုင်တက္ကသိုလ်ကောလိပ်အတွက် လိုအပ်တဲ့ မြေရာတွေကို အစိုးရက ချပေးတယ်။ ချပေးတာနဲ့ မလုံလောက်တာတို့၊ နောင်တိုးချဲ့ဖို့လိုအပ်လာတာတို့ ဆိုရင် ပုဂ္ဂလိကဆီက ၀ယ်ပေါ့။ ပြည်သူတွေရဲ့ အခွန်တွေထဲက တချို့ကို ပြည်နယ်အစိုးရက တက္ကသိုလ်တွေအတွက် ချပေးတယ်။ ကျောင်းသားတွေဆီက ကျောင်းလခ ရတဲ့ငွေတွေကို ကျောင်းအတွက်လိုအပ်တဲ့နေရာတွေမှာ ပြန်သုံးတယ်။ သူ့ပြည်နယ်သူပြည်နယ်သားတွေက ပြည်နယ်အတွင်းက ပြည်သူပိုင်တက္ကသိုလ်မှာတက်ရင် ဈေးချိုတယ်။ တခြားပြည်နယ်က လာတက်ရင် ကျောင်းလခ ပိုပေးရတယ်။ တချို့ကျောင်းကောင်းတွေဆိုရင် ပြည်နယ်သားမဟုတ်ရင် မတရားဈေးကြီးပေးပြီးတက်ရတယ်။ ဥပမာ - မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ နေတဲ့ မောင်ဖြူက ဂျော်ဂျီယာပြည်နယ်က ပြည်သူပိုင်တက္ကသိုလ်မှာ သွားတက်ရင် ဂျော်ဂျီယာပြည်နယ်သူ မနီ ပေးရတဲ့ ကျောင်းလခထက် ၄ ဆ၊ ၅ ဆ ပိုပေးရတယ်ပေါ့။
အမေရိကမှာ ဗဟိုအစိုးရက တည်ထောင်တဲ့ ကျောင်းက ရှားတယ်။ West Point လို စစ်တက္ကသိုလ်ကြီးတွေနဲ့ တခြားကျောင်းအနည်းငယ်ပဲ ရှိတယ်။ အများစုက ပုဂ္ဂလိကနဲ့ ပြည်နယ်အစိုးရရဲ့ ပြည်သူပိုင်ကျောင်းတွေပဲ။
အဲဒီ တက္ကသိုလ်ကြီးတွေ သုတေသန အတွက် လိုအပ်တဲ့ ငွေတွေကျတော့ ပြည်နယ်အတွင်းက သာမက တနိုင်ငံလုံးက အဖွဲ့အစည်းတွေဆီကပါ ရကြတယ်။ ဥပမာ - National Science Foundation (NSF) လို သီးခြားလွတ်လပ်တဲ့ ဗဟိုအစိုးရ အေဂျင်စီတွေဆီကနေ တက္ကသိုလ်တွေက လုပ်ချင်တဲ့သုတေသနတချို့ကို ထောက်ပံ့မှုတွေ ရတယ်။ ၂၀၁၀ ခုနှစ် ကိန်းဂဏန်းများအရ NSF ရဲ့ တစ်နှစ်တာ ဘတ်ဂျတ်ဟာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီလျံ ရှိတယ်။ (ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ သုတေသနစာတမ်းထွက်ရှိမှု အများဆုံးနိုင်ငံတစ်ခု ဖြစ်တယ်။) ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တို့ဆိုရင် NSF ရဲ့ သုတေသနထောက်ပံ့ငွေတွေ အများဆုံးရတဲ့ ကျောင်းထဲက တစ်ကျောင်းဖြစ်တယ်။
ပြည်နယ်အစိုးရဌာနတွေဆီကလည်း သုတေသန ထောက်ပံ့ငွေတွေ ရကြတယ်။ ဥပမာ - အဏ္ဏ၀ါဇီဝ ဘာသာကို အထူးပြုနေတဲ့ တက္ကသိုလ်ဟာ ငါးလုပ်ငန်းဦးစီးဌာနဆီကနေ ချပေးတဲ့ သုတေသနထောက်ပံ့ငွေတွေကို ရကြတယ်။ ငါးလုပ်ငန်းဦးစီးဌာနကလည်း အလကားပေးချင်လို့ ပေးလိုက်တာမဟုတ်ဘူး။ တက္ကသိုလ်မှာရှိတဲ့ ပညာရှင်တွေကို အသုံးချပြီး လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ဖြေရှင်းချင်လို့ သုံးတာဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုက ပြည်သူပိုင်တက္ကသိုလ်ကြီးတွေဟာ သီးခြားလွတ်တော့ လွတ်လပ်တယ်။ ဒါပေမယ့် ပြည်နယ်အစိုးရလက်ထဲက လုံးဝ လွတ်လပ်တယ်လို့ မဆိုနိုင်ဘူး။ ပြည်နယ်၊ ကျောင်းတည်ရှိတဲ့ မြို့၊ ဒေသဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့အမြင် စတဲ့ အရာတွေကို လိုက်ပြီး ပြည်နယ်အစိုးရနဲ့ ပြည်သူပိုင်တက္ကသိုလ်ကြီးတွေရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးမှုတွေ ရှိတယ် ဆိုတာကိုတော့ ၀န်ခံရလိမ့်မယ်။
ပညာရေးရဲ့ ဒုတိယအပိုင်းဖြစ်တဲ့ လူတန်းစားအားလုံး မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာတွေကို တတ်မြောက်ကြဖို့၊ သင်ယူနိုင်အောင် ဖန်တီးပေးဖို့ဆိုတာကလည်း အင်မတန်မှ အရေးကြီးတယ်။ ရန်ကုန်၊ မန္တလေးက လူတွေ မိုးပျံအောင် တော်နေပါစေ၊ ကျေးလက်တောရွာက ကလေးသူငယ်တွေ အပေါင်းအနုတ်လေးတောင် မတတ်ရင် နိုင်ငံနာတယ်။ ရုရှားနိုင်ငံမှာလို မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့တွေက မတရားတိုးတက်ပြီး တခြားကျေးလက်ဒေသတွေက မတရားနောက်ကျနေလို့ မဖြစ်ဘူး။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပညာရေးအဆင့်အတန်းနိမ့်ကျနေရင် တခြားမလိုလားအပ်တဲ့ အမျိုးသားရေးနာကျည်းမှုတွေကို ဖြစ်စေပြီး ငြိမ်းချမ်းတဲ့ မြန်မာပြည်ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ (နိုင်ငံရဲ့ အခြေခံဥပဒေ၊ အစိုးရရဲ့ တန်းတူညီမျှရေး ပေါ်လစီတွေနဲ့ လုပ်ပိုင်ခွင့်တွေကတော့ အရေးကြီးဆုံးပေါ့လေ။)
ရန်ကုန်မြို့ထဲမှာတင် အရွယ်မရောက်တဲ့၊ မိသားစုကံမကောင်းကြတဲ့ ကလေးငယ်တွေ လက်ဘက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေကြရတယ်။ ကျောင်းစိမ်းဝတ်စုံလေးနဲ့ ရွယ်တူကလေးတွေ ဖြတ်သွားဖြတ်လာနေကြတာကို ငေးကြည့်ရုံကလွဲလို့ သူတို့ဘာမှ မတတ်နိုင်ကြရှာဘူး။ တချို့ကျပြန်တော့လည်း အိမ်ဖော်လုပ်ကြရတယ်။ အသက်အရွယ်တူတဲ့ အိမ်ပိုင်ရှင်သားသမီးတွေကို ကျောင်းဝထိ လိုက်ပို့ကြရပါရဲ့။ ဒါပေမယ့် သူတို့တွေခမျာတော့ ကျောင်းဝကနေ ပြန်လာကြရတယ်။ (အသက်ကန့်သတ်မှုရှိတဲ့ အလုပ်သမား ဥပဒေတွေ ဘယ်လို သက်ရောက်လာမလဲ ဆိုတာကို ရှေ့ဆက်စောင့်ကြည့်ရအုံးမယ်။)
စစ်တွေကမ်းခြေတွင် မုန့်ရောင်းနေကြသော ကလေးငယ်များ
စက်အားထက် လုပ်အားအခြေပြုကုန်ထုတ်လုပ်တဲ့ မြန်မာပြည်က ကျေးလက်ဒေသတွေမှာဆိုရင်လည်းပဲ မိသားစု စိုက်ခင်းတို့၊ တောင်ယာတွေဆီမှာ သူတို့လေးတွေ အလုပ်လုပ်ကြရတယ်။ စာသင်ချင်ပေမယ့် စာမသင်ကြရဘူး။ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေအနားမှာ ရှိနေချင်ပေမယ့် အဖေ၊အမေတွေနဲ့ အိမ်က ခိုင်းနွားနားတွေဆီပဲ ရောက်ရောက်သွားကြရတယ်။ ပညာရေးရှုထောင့်အပြင် တခြားလူမှုစီးပွားရေးရှုထောင့်တွေကပါ ကြည့်ပြီး ၀ိုင်းဝန်းလုပ်ဆောင်ကြရလိမ့်မယ်။
တချို့တောရွာတွေကျပြန်တော့လည်း ခေါင်လွန်းလို့၊ သွားလာရခက်ခဲလို့ ဆရာ၊ ဆရာမတွေက မလာချင်ကြဘူး။ မြို့နယ်ပညာရေးမှူးတွေ (သို့) တခြားသက်ဆိုင်ရာအရာရှိတွေနဲ့ ပေါင်းပြီး နိုင်ငံတော်အစိုးရဆီက လစာကို မျှယူကြတယ်။ ကလေးတွေရဲ့ ဆာလောင်နေတဲ့ အာခေါင်တွေဆီကိုတော့ ပညာနို့ရည် တစ်စမှ ကျမလာဘူး။
ကျနော်မျိုးတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကလည်း ပြည်နယ်အစိုးရကို ကျောင်းဆရာတစ်ယောက် ခန့်အပ်ခွင့်တောင် မပေးထားရှာဘူး။ အကုန်လုံးကို “တောက အဝေး၊ မျက်လုံး ၀ဲတဲ့” ပြည်ထောင်ဝန်ကြီးတွေဆီမှာ စုပြုံထားကြလေတော့ ရွာက ဖိုးသားလေးမှာ မျက်စိကို ရွံ့စေးအုပ်ပြီး မမြင်ရဘူးလို့ အော်နေရှာတယ်။
ဝံလက်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော ရောင်ခြည် အခမဲ့ ကျေးလက်စာသင်ကျောင်း
ပြည်သူလူထုအားလုံးရဲ့ အခြေခံပညာ တတ်မြောက်မှုနဲ့ ပိုင်းခြားနားလည်နိုင်မှု (critical thinking) တွေဟာ ရှိသင့်တဲ့ အနည်းဆုံးအဆင့်တစ်ဆင့်ပေါ်ကို ရောက်မနေရင် ပေါ်လစီအကောင်အထည်ဖော်မှု၊ စီမံကိန်းများအကောင်အထည်ဖော်မှု စတဲ့ လူထုအကျိုးပြု၊ တိုင်းပြည်အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ မလိုလားအပ်တဲ့ အနှောင့်အယှက်လေးတွေကို ဖြစ်ပေါ်စေနိုင်ပြီး နိုင်ငံတိုးတက်မှုကို နှေးကွေးနေစေလိမ့်မယ်။
သိလွန်းလို့ တတ်လွန်းလို့ ပြောတာမဟုတ်ဘူး။ ရင်နာလွန်းလို့ ပြောတယ်။
ဝင်ရိုးစွန်းဒေသမှာ တစ်နှစ်မှာ ၅ လ၊ ၆ လ လောက် နေမမြင်ပဲ အလွန်ဆိုးရွားလှတဲ့ အအေးဒဏ်ကို ခံကြရတယ်။ ကျနော်တို့ မြန်မာပြည်သူတွေ နေမမြင်လမမြင်ပဲ ပူပြင်းတဲ့ စနစ်ဆိုးဒဏ်ကို နှစ် ၅၀ ကျော်၊ ၆၀ နီးပါး ခံလာကြရတယ်။ ရင်နာတယ်။ ရင်နာလွန်းလို့ပြောတယ်။
လက်ရှိလုပ်ဆောင်နေတာ အားမရဘူးလား…
အားရသလိုတော့ ရှိသား။
ရောက်တော့မှာလား…
အဝေးကြီးလိုသေးတယ်။
ပြည်ထောင်ဝန်ကြီးကို ဘာပြောချင်လဲ…
မှန်ကို ကြည့်လိုက်တိုင်း ၂ ၀ ၀ ၈ ကြီး ပေါ်ပေါ်လာတယ်။
Subscribe to:
Post Comments (Atom)




No comments:
Post a Comment