Friday, 23 August 2013

“ အချစ်ဟူသည်မှာ ”


“ အချစ်ဟူသည်မှာ ”
•••••••••••••••••
[ www.facebook.com/youngbuddhistassociation.mm]
“ သစ်ပင်မှာအမြစ်၊ လူမှာအချစ်" တဲ့ သစ်ပင်
တစ်ပင်ဟာ အမြစ်ရှိမှ ရှင်သန်လို့ရသလို
လူဆိုတာလည်း အချစ်ရှိမှ အသက်ရှင်လို့ရတယ်။
အချစ်ဆိုတဲ့ စာလုံးဟာ ´အ နဲ့ ချစ်´ နှစ်လုံးတည်း
ဖြစ်ပေမယ့် အင်မတန်ပဲ နက်နဲကျယ်ပြန့်ပါတယ်။
လောကရဲ့ဝိညာဉ်ဟာ အချစ်ပဲ။ အချစ်ရှိလို့
လောကဆိုတာ ရှိနေတာ။ အချစ်မရှိရင် လောက
ရယ်လို့ကို မရှိတော့ဘူး။

လောကထဲက အချစ်ကို ဆွဲနှုတ်လိုက်ရင် လောက
ဆိုတာပျောက်သွားပြီ၊ လောကပျောက်သွားရင်
လောကုတ္တရာရောက်တော့တာပဲ။လူတိုင်းဟာ
သူ့အရွယ်နဲ့သူ၊ သူ့ပမာဏနဲ့သူ အချစ်ကို
စိတ်ဝင်စားကြတာချည်းပဲ။ မွေးကင်းစ ကလေးလေး
မိခင်နို့ရည်ကိုချစ်တယ်၊ သို့မဟုတ် နို့ဘူးကို
ချစ်တယ်၊ ပိုက်ထွေးယုယမှုကို ချစ်တယ်။

စားတတ်၊ သောက်တတ်လာတော့ အစားအသောက်ကို
ချစ်တယ်။ ကစားတက်လာတော့ ကစားစရာအရုပ်
လေးတွေကိုချစ်တယ်။ ကစားဖော်ကစားဖက်တွေကို
ချစ်တယ်။ကျောင်းစနေတော့ ကျောင်းနေဖက်သူငယ်ချင်း
အပေါင်းအဖော်တွေကိုချစ်တယ်။ စာအုပ်လေးတွေ
ခဲတံလေးတွေ၊ ကွန်ပါဘူးလေးတွေ၊ ဘောလ်ပင်လေးတွေ၊
ပေတံလေးတွေ ချစ်တယ်။ ဆယ်ကျော်သက် အရွယ်
ရောက်တော့ အသွင်မတူသူတွေကို ချစ်တက်လာတယ်။
ဒီအချစ်ကတော့ အပြင်းပြဆုံး အပူလောင်ဆုံးပဲ။

စာလိုချင်တော့ စာကိုချစ်တယ်။ ဘွဲ့ထူးဂုဏ်ထူးတွေ
လိုချင်တော့ ဘွဲ့ထူးဂုဏ်ထူးတွေကိုချစ်တယ်။ နောက်
ဘ၀ထဲရောက်တော့ ပစ္စည်းဥစ္စာလာဘ်လာဘတွေ၊ ရာထူး
ဌာနန္တရတွေ ချစ်ရပြန်တယ်။ အသက်ကြီးလာလေ
အောင်မြင်မှုတွေရလာလေ၊ ပိုင်ဆိုင်မှုတွေ များလာလေ
အချစ်တွေကတော့ မကုန်နိုင်၊ မဆုံးနိုင်တော့ပါဘူး။ အချစ်ရေ
ဘယ်မှာ ဆုံးမှာမှန်းကို မသိတော့ပါဘူး။ အချစ်က အဆုံး
မသတ်နိုင်တော့ အချစ်ဆုံးရယ်လို့ကို မရှိတော့ပါဘူး။

ဂုဏ်ချစ်သူက ချစ်တယ်၊ လာဘ်ချစ်သူက ချစ်တယ်၊ ပကာသန
ထင်ပေါ်ကျော်ကြားမှုကို ချစ်သူက ချစ်တယ်၊ အပျိုကြီး
တစ်ကိုယ်တည်းဆိုတဲ့သူတွေလည်း အချစ်မရှိဘူးမထင်နဲ့၊
တူလေး တူမလေးတွေကို တုံနေအောင်ချစ်တာ၊ သို့မဟုတ်
ကြောင်လေး၊ ခွေးလေးတွေကို အလွန်ချစ်တာ၊ တကယ်တမ်း
ကလည်း အချစ်မရှိရင် ဘ၀ဟာပျင်းစရာကြီးပဲ။ အချစ်ဆိုတာ
တကယ်တော့ ဘ၀ရဲ့ပျော်တော်ဆက်ပါ။ အချစ်ရှိမှပဲ ဘ၀က
ပျော်စရာကောင်းပါတယ်။

အချစ်က ယျေဘုယျအားဖြင့် တဏှာချစ် နဲ့ မေတ္တာချစ် နှစ်မျိုး
ရှိတယ်။ တဏှာချစ်က သာယာမှု၊ ခံစားမှုနဲ့ ရောထွေးပူလောင်တဲ့
အချစ်၊ မေတ္တာချစ်က သန့်ရှင်းစင်ကြယ်အေးမြတဲ့အချစ်။
တဏှာချစ်က ကိုယ်ကျိုးပါတယ်။ မေတ္တာချစ်က သူကျိုးသက်သက်ပဲ။
မိဘတွေ သားသမီးကိုချစ်တယ်ဆိုတာ သားသမီးအတွက်သက်သက်
ချည်းပဲ။ သူတို့အတွက်ဘာမှမပါဘူး။ ဒါမေတ္တာချစ်ပဲ။ သူတစ်ပါးရဲ့
အကျိုးကိုလိုလားတာ မေတ္တာလို့ စာကဆိုတယ်။

တဏှာချစ်နဲ့ မေတ္တာချစ်ဆိုတာ ရောတော့ရောနေတာပါပဲ၊။
သမီးရည်းစားချစ်၊ လင်မယားချစ်ဆိုတာ မူလကတော့ တဏှာချစ်ပဲ။
နောက်တော့ မေတ္တာချစ်တွေပါလာတာပါပဲ။

အသက်ရလာလေ၊ အသိညဏ်ရင့်လာလေ၊ မေတ္တာချစ်က
ပိုအားကောင်းလာလေပါပဲ။ အိမ်ထောင်ရေးသာယာဖို့၊ အိမ်ထောင်ရေး
ခိုင်မြဲဖို့ဆိုတာ မေတ္တာချစ်ကတော့ အဓိက လိုအပ်တယ်။

တစ်ဦးနဲ့တစ်ဦးနားလည်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှုဆိုတာတွေဟာ
မေတ္တာချစ်ကို အခြေခံတာပဲ။ တစ်ဦးပေါ်တစ်ဦး ကောင်းစေချင်တာ
ချမ်းသာစေချင်တာ၊ ချမ်းသာအောင်ဆောင်ရွက်ပေးတာတွေဟာ
မေတ္တာတွေပါပဲ။

မိဘ သားသမီး၊ ညီအစ်ကိုမောင်နှမချစ်ကြတဲ့နေရာမှာ ၅၂၈ လို့
ဆိုရပေမယ့် တဏှာပေမကတော့ မကင်းကြဘူး။ သံယောဇဉ်စွဲ၊
တဏှာစွဲပါကြတော့ တဏှာချစ် ပါကြတာပဲ။ ဒါကိုတော့ စာက
ဂေဟဿိတ ပေမ လို့ခေါ်တယ်။

ငယ်ချစ်ကတော့ အနှစ်တစ်ရာ မမေ့သာဆိုတာ သံယောဇဉ်ချစ်ပဲ၊
သံယောဇဉ်ဆိုတာ တဏှာချစ်ဖြစ်ပေမယ့် မေတ္တာချစ်က အားသာတဲ့
သဘောရှိတယ်။ ချစ်တာအပြစ်လားလို့ မေးကြတယ်၊ ရဟန္တာ
မဖြစ်မချင်း အချစ်ကတော့ရှိနေဦးမှာပဲ။ ဒီတော့ ချစ်တာ အပြစ်
မဟုတ်ပါဘူး၊ မုန်းတာ ကသာ အပြစ်ပါ။ ချစ်ရင် အပြစ်မမြင်လို့
ဆိုတော့ အားလုံးချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ဆိုရင်
သိပ်ကောင်းမှာပါပဲ။

- အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
( တရားတော်ကောက်နုတ်ချက် )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment