Tuesday 6 August 2013

လွှတ်တော်ကျင်းပနေ၍ ဒေါ်အောင်ဆန်းစုကြည် ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ တက်ရောက်ရန် သြဂုတ် ၈ ရက် မွန်းလွဲပိုင်းမှသာ နေပြည်တော်မှ လေကြောင်းခရီးဖြင့် လာရောက်မည်



ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပမည့် ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် တက်ရောက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား ကျန်းမာရေး ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် အစည်းအဝေး ကျင်းပနေချိန် ဖြစ်သောကြောင့် အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် ၈ ရက် မွန်းလွဲပိုင်းမှသာ နေပြည်တော်မှ လေကြောင်းခရီးဖြင့် လာရောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်လည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောပါသည်။

''ရှစ်လေးလုံး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ၈ ရက်နေ့ မွန်းလွဲလောက်မှ တက်မှာ။ ၈ ရက်နေ့ကျတော့ သူတို့ရဲ့ အစီအစဉ်က ၁၂ နာရီမှစမှာ။ အန်တီစုက အဲဒီနေ့ တစ်နာရီကျမှ ဆင်းလာမှာ ဒီတော့ နှစ်နာရီခွဲလောက်မှ ဒီကိုရောက်မယ်'' ဟု ဒေါက်တာတင်မျိုးဝင်းက သြဂုတ် ၄ ရက်က ရန်ကုန်မြို့ရှိ NLD ၏ အမျိုးသား ကျန်းမာရေးကွန်ရက်ရုံးတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားသည်။

အမျိုးသား ကျန်းမာရေး ကွန်ရက်သည် သြဂုတ် ၆ ရက်၊ ၇ ရက်နှင့် ၈ ရက် နေ့များတွင် ကျင်းပမည့် ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် သြဂုတ် ၈ ရက်တွင်မူ အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ဆရာဝန် ၁၂ ဦးဝန်းကျင်ခန့်မှ သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမည်ဟု ဒေါက်တာတင်မျိုးဝင်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား သြဂုတ် ၈ ရက်တွင် ကျင်းပမည့် ၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ တက်ရောက်ရန်အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီနှင့် ဦးသက်ဇော်တို့သည် ဇူလိုင် ၂၉ ရက်က နေပြည်တော်သို့ သွားရောက် ဖိတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး အားလုံးကို ဖိတ်ကြားထားကြောင်း သိရသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ စသည်တို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment