Monday, 19 August 2013

" အကြီးဆုံးအကုသိုလ်ကံ (သို့) ပဉ္စာနန္တရိယကံ"


" အကြီးဆုံးအကုသိုလ်ကံ (သို့) ပဉ္စာနန္တရိယကံ"
•••••••••••••••••••••••••••••••••••••••
(www.facebook.com/youngbuddhistassociation.mm)
အကုသိုလ် အပြစ်တွေထဲမှာ ဘယ်ကံက အကြီးလေးဆုံးလဲလို့မေးရင် ပဉ္စာနန္တရိယကံလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကံတစ်ခုခုကို ကျူးလွန်မိတဲ့သူဟာ ဒီဘဝမှာ ဘယ်လိုကုသိုလ်ကံတွေပဲ လုပ်လုပ်၊ ဘယ်လိုတန်ခိုးရှင်နဲ့ပဲတွေ့တွေ့ အပါယ်မလားအောင် ကယ်တင်လို့ မရနိုင်လို့ဘဲ ဖြစ်ပါတယ်။

ယုတ်စွအဆုံး ဘုရားရှင်နဲ့တွေ့တာတောင်မှ ဒီကံကို
ကျူးလွန်မိထားတဲ့သူကို ဒီဘဝသေပြီး နောက်ဘဝမှာ
သုဂတိဘဝမှာဖြစ်ဖို့ ဘယ်လိုမှ မကယ်တင်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီပဉ္စာနန္တရိယကံ တစ်ခုခုကို ကျူးလွန်ထားပြီးတဲ့ သူတစ်ယောက်ဟာ နောင်တရလို့ ဘုရားရှင်နဲ့တွေ့ပြီး ဘုရားရှင်ထံမှာ ကုသိုလ်ကောင်းမှု အမျိုးမျိုးနဲ့ ချေဖြတ်ဖို့ ကြိုးစားပေမယ့်လည်း သူကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံက ဘုရားမကယ်နိုင်တဲ့ အကုသိုလ်ကံ ဖြစ်နေတဲ့အတွက် ချေဖြတ်လို့ မရနိုင်တဲ့ အဖြစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကုသိုလ်အလုပ်ဟာ မလုပ်ဘဲရှောင်နိုင်ရင် ကောင်းပေမယ့် အကြောင်းတစ်ခုခုကြောင့် လုပ်မိကြရင်လည်း ပဉ္စာနန္တရိယလို
ကံမျိုးအထိ မကျူးလွန်မိကြစေဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

မြန်မာ ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား
"ပဉ္စာနန္တရိယကံ"ဆိုတဲ့ ဒီစကားဟာ" ပဥ၊္စ အာနန္တရိယ၊ ကမ္မ"
ဆိုတဲ့ စကားသုံးလုံးကိုပေါင်းပြီး ပြောဆိုသုံးနှုန်းကြခြင်း
ဖြစ်ပါတယ်။ ပဉ္စက ငါးပါးလို့ အဓိပ္ပါယ်ရပြီး အာနန္တရိယဆိုတာ သေပြီးအခြားမဲ့ဘဝလို့ အဓိပ္ပါယ်ရကာ ကမ္မဆိုတာက
ကံ(အလုပ်)လို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော့ကား
ပဉ္စာနန္တရိယကံဆိုရင် သေပြီးနောက် အခြားမဲ့
ဒုတိယ ဘဝမှာ သေချာပေါက် အပါယ်ဘုံဘဝကို ရောက်စေတဲ့၊ အလွန်အပြစ်ကြီးလေးတဲ့ ကံအလုပ်အပြစ်လို့
အလွယ်မှတ်သားထားရမှာ ဖြစ်ပါတယ်။
ဒီကံတွေဟာ အမျိုးအစားအနေနဲ့ ငါးမျိုးရှိပါတယ်။
အဲဒီငါးမျိုးက ...

၁။ မာတုဃာတက = အမေကိုသတ်ခြင်း
၂။ ပိတုဃာတက = အဖေကိုသတ်ခြင်း
၃။ ရဟန္တဃာတက = ရဟန္တာကိုသတ်ခြင်း
၎။ လောဟိတုပ္ပါဒက = ဘုရားကိုသွေးစိမ်းတည်အောင်လုပ်ခြင်းနဲ့
၅။ သံဃဘေဒက = သံဃာသင်းခွဲခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီကံတွေကိုကြည့်မယ်ဆိုရင် လောကကြောင်းအရပဲ ကြည့်ကြည့်၊ ဓမ္မကြောင်းအရပဲကြည့်ကြည့် အရမ်းကို အပြစ်ကြီးလေးနိုင်တယ်ဆိုတာ အလွယ်တကူ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သတ္တဝါတွေဟာ ဘယ်လောက်ပဲမိုက်မိုက်၊ ဘယ်လောက်ပဲဆိုးဆိုး၊ ဘယ်လောက်ပဲ မလိမ္မာမလိမ္မာ ကိုယ့်ကိုမွေးကျွေးကြတဲ့ မိဘတွေကို ပြန်သတ်တဲ့အထိ၊ ကိုယ်ကိုးကွယ်တဲ့ ဘုရားနဲ့ ရဟန္တာတွေကို ကိုယ်ထိလက်ရောက် ဆော်ကားတဲ့အထိ၊ စုပေါင်းညီညွတ်နေတဲ့ သံဃာအသင်းအဖွဲ့ကို ပြိုကွဲပျက်စီးတဲ့အထိ လုပ်လာကြတယ်ဆိုရင် ဒါဟာ ဘယ်သူပဲကြည့်ကြည့် အတော့်ကို မိုက်လုံးကြီးတဲ့ အဖြစ်ဆိုတာ ကောင်းကောင်းသိနိုင်ကြမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အတော်များများက တော်ရုံတန်ရုံ မိုက်မဲတဲ့ သူတွေဖြစ်နေဦးတော့ ဒီလို အန္တရိယကံမျိုးကို ကျူးလွန်ဖို့အထိ မိုက်မဲကြတာမျိုး မဖြစ်ကြခြင်း ဖြစ်ပါတယ်။ သို့သော် ဒီလိုကံမျိုးကို ကျူးလွန်တဲ့အထိ ဖြစ်သွားကြပြီဆိုရင်တော့ ဒီသတ္တဝါဟာ အလွန့်အလွန်ကို မိုက်မဲလွန်းပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ ကယ်တင်ပေးလို့ မရတဲ့သူမျိုးအဖြစ် အပါယ်ငရဲကိုပဲ သွားကြရတော့တာ ဖြစ်ပါတယ်။ ဆိုတော့ကား အမိုက်တကာ အမိုက်ဆုံးတွေထဲမှာ ပဉ္စာနန္တရိယကံကို ကျူးလွန်တဲ့အထိ မိုက်မဲသူကတော့ အဆုံးစွန် အမိုက်ဆုံးသူလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ခက်တာက ဒီကံတွေဟာ သိပ်ပြီးအပြစ်ကြီးလေးတဲ့အတွက် မလုပ်ကြဘူးလားဆိုတော့ မိုက်လုံးကြီးတဲ့သူ၊ မောဟအားကြီးတဲ့သူ၊ အပြစ်ကိုအပြစ်လို့ မသိတဲ့သူ၊ လူစိတ်ပျောက်နေတဲ့ သူတွေကတော့ လုပ်ကိုလုပ်ဖြစ်တတ်ကြပါတယ်။ ဒီနေ့ခေတ်လို သဒ္ဓါပညာအားတွေ ယုတ်လျော့နေတဲ့ အနေအထားမျိုး မပြောနဲ့ ဘုရားရှင်သက်တော် ထင်ရှားရှိနေတဲ့ အခြေအနေမျိုးမှာတောင် ဒီလိုကြီးလေတဲ့ ကံကြီးတွေကို ကျူးလွန်တတ်တဲ့သူတွေ ရှိခဲ့ပါတယ်။ အထင်ရှားဆုံး အနေနဲ့ကတော့ အားလုံးသိထားပြီးဖြစ်တဲ့ "အရှင်ဒေဝဒတ်နဲ့ အဇာတသတ် ဘုရင်"
တို့ကိုပဲ သာဓက ပြရမှာ ဖြစ်ပါတယ်။

♦ အရှင်ဒေဝဒတ်ဟာ ဘုရားကို ပြိုင်ချင်တာရယ်၊ မသိမှုမောဟ အမှောင်ဖုံးလွှမ်းတာရယ်၊ ငါဆိုတဲ့ မာနထောင်လွှားတာတွေရယ်ကြောင့် အသိပျောက်ပြီး ဘုရားကို ကျောက်မောင်းဆင်ကာ ခြေမတော်မှာ သွေးစိမ်းတည်အောင် လုပ်ခဲ့သလို၊ သံဃာအချင်းချင်း မညီမညွတ်ဖြစ်အောင် သွေးဆောင်ဖျားယောင် ခေါ်ဆောင်ကာ ကံအတူမပြုဖြစ်အောင်၊ သိမ်အတူမဝင်ဖြစ်အောင်၊ အယူဝါဒ လွဲချော်သွားအောင် ဖန်တီးလုပ်ဆောင်ပြီး သံဃာသင်းခွဲတဲ့ သံဃဘေဒက အမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အာနန္တရိယကံ ငါးပါးထဲက ဘုရားကိုသွေးစိမ်းတည် အောင်လုပ်တဲ့ကံနဲ့ သံဃာကိုသင်းခွဲတဲ့ ကံတွေကို စေတနာ ရည်ရွယ်ချက်ချက်ရှိနဲ့ အကောင်အထည်ပေါ်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကံတွေကြောင့်ပဲ အရှင်ဒေဝဒတ်ဟာ အရှင်လတ်လတ် မြေမြိုခံရပြီး ငရဲကိုကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။ သူကျူးလွန်ခဲ့တဲ့ ကံကြီးတွေဟာ ဘုရားကယ်လို့ မရတဲ့ ကံတွေဖြစ်နေလေတော့ ဘုရားရှင်နဲ့ ညီအစ်ကိုတစ်ဝမ်းကွဲလည်းဖြစ်၊ ယောက်ဖတော်လည်းဖြစ်ပေမယ့် အရှင်ဒေဝဒတ်တစ်ယောက် အပါယ်ဘုံကို ရောက်ခဲ့ရတော့တာ ဖြစ်ပါတယ်။

♦ နောက် အဇာတသတ် ဘုရင်လည်း ဒီလိုပါပဲ။ အရှင်ဒေဝဒတ်နဲ့ ပေါင်းမိပြီး ဘုရင်ရထူးကို ရချင်တဲ့ စိတ်နဲ့ အဖေကိုဖမ်း၊ ထောင်သွင်းအကျဉ်းချကာ ခြေခွဲဆားသိပ်လို့ မသေမချင်း သတ်စေမိခဲ့တာ ဖြစ်ပါတယ်။ ဒီလို အဖေကို သတ်ခဲ့မိတဲ့ စိတ်နဲ့တမိုင်မိုင် တတွေတွေဖြစ်နေတဲ့ အဇာတသတ်ဘုရင်ဟာ နောင်ပိုင်းမှာ ဘုရားရှင်နဲ့တွေပြီး တရားနာကာ အကျွတ်တရားရလို့ ဗုဒ္ဓသာသနာတော်ကြီးကို သူမတူအောင် ချီးမြှောက်ထောက်ပံ့ခဲ့ပေမယ့်လည်း အဖေကိုသတ်ခဲ့တဲ့ ပိတုဃာတက ကံကြီးက ခံနေလေတော့ ဘုရားလည်း မကယ်နိုင်ဘဲ ငရဲကို ကျရောက်ခဲ့ရတော့တာ ဖြစ်ပါတယ်။ တကယ်လို့ အဇာတသတ်ဘုရင်ဟာ အဖေကို သတ်ခဲ့တဲ့ အဲဒီအနန္တရိယ ကံကြီးသာ မရှိခဲ့ဘူးဆိုရင် မြတ်စွာဘုရားနဲ့တွေ့ကာ ဘုရားဟောတဲ့ သာမညဖလသုတ်ကို နာကြားပြီးတာနဲ့ သောတာပန်တည်သွားနိုင်ခဲ့ပေမယ့် သူလုပ်ခဲ့တဲ့ အပြစ်ကံကြီးက သူ့ကို ငရဲဘုံကို ကျရောက်စေတော့တာ ဖြစ်ပါတယ်။ ဒါတောင် နောက်ပိုင်းမှာ ကုသိုလ်ကောင်းမှုတွေ အားကောင်းခဲ့တဲ့အတွက် အောက်ဆုံးဖြစ်တဲ့ အလွန်အပစ်ကြီးလေးတဲ့ အဝိဇီငရဲကို မကျရောက်ဘဲ အပြစ်ဒဏ်ပေါ့ပါးတဲ့ လောဟကုမ္ဘီငရဲမှာပဲ လျော့ပြီးကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငရဲကိုတော့ ကျခဲ့ရတော့တာ ဖြစ်ပါတယ်။ အဇာတသတ်ဘုရင်ဟာ ဒီလို တရားရနိုင်တဲ့ အခွင့်တွေရှိခဲ့ပေမယ့် အဇာတသတ်ဘုရင်ကို ဘုရားမကယ်နိုင်ခဲ့တာက သူကျူးလွန်ခဲ့တဲ့ အဖသတ်ကံကြောင့်ပဲဆိုတဲ့ အချက်က သက်သေပြခဲ့တာ ဖြစ်ပါတယ်။

ဆိုတော့ကား ပဉ္စာနန္တရိယကံရဲ့ တန်ပြန်သက်ရောက်မှုဟာ သိပ်ကိုကြီးလေးလှတယ်ဆိုတာ အရမ်းကို ထင်ရှားလွန်းလှတာ ဖြစ်ပါတယ်။ ဒီလိုကြီးလေးပြီး ထင်ရှားလှတဲ့အတွက် မိုက်လုံးကြီးတဲ့သူတွေ ဖြစ်စေဦးတော့ ဒီကံကြီးတွေ အထိတော့ မမိုက်မိကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ ဒီပဉ္စာနန္တရိယကံ ငါးပါးကိုကြည့်ရင် ဒီနေ့ခေတ် လူတွေအနေနဲ့ အလွယ်တကူ ကျူးလွန်မိတတ်တဲ့ ကံတွေက အမေသတ်၊ အဖေသတ်တဲ့ ကံတွေပဲ ဖြစ်ပါတယ်။ ဘုရားကို သွေးစိမ်းတည်အောင် လုပ်တဲ့ကံကတော့ ဘုရားရှင် မရှိတော့တဲ့အတွက် မကျူးလွန်နိုင်တော့ပေမယ့် ရဟန္တာကို သတ်တာ၊ သံဃာသင်းခွဲတာတွေကလည်း ကြုံတောင့်ကြုံခဲ လုပ်မိနိုင်ပါသေးတယ်။

စာပေအဖွင့်တွေအရ သံဃာသင်းခွဲတဲ့ကံကို လူပုဂ္ဂိုလ်တွေထက် ရဟန်းတော်များက ပိုပြီးကျူးလွန်မိတတ်ကြောင်း မှတ်သားနိုင်ပါတယ်။ သံဃာသင်းခွဲမှုဟာ ရဟန်းသံဃာအချင်းချင်း ကံအတူမပြုမိအောင်၊ သိမ်အတူမဝင်မိအောင်၊ အယူဝါဒ မတူရအောင်၊ မညီမညွတ် အကွဲကွဲအပြားပြားနဲ့ ဂိုဏ်းဂဏများအထိ ဖြစ်အောင် လုပ်တဲ့သဘောဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်တွေထက် သံဃာတော်အချင်းချင်းက ပိုပြီးကျူးလွန်နိုင်စရာ အကြောင်းရှိကြောင်း ကျမ်းဂန်တွေက ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လူလည်းစေတနာ ရည်ရွယ်ချက်တွေပါရင် အပြစ်အနာအဆာတွေလည်း ဖြစ်စေတာဖြစ်တဲ့အတွက် ရဟန်းတော်များကြား ညီညွတ်မှုပျက်ပြားစေတာတွေ
မဖြစ်အောင် သတိပြု ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

♦ အထူးသတိပြုရမှာက ပဉ္စာနန္တရိယကံဆိုတာ
ငါးပါးလုံးကို ကျူးလွန်မိမှ အပါယ်ငရဲကို ကျရောက်စေတာ
မဟုတ်ဘဲ ဒီငါးပါးထဲက တစ်ပါးပါးကို ကျူးလွန်မိရုံနဲ့လည်း ဘုရားမကယ်နိုင်ဖြစ်ကာ အပါယ်ငရဲကို ကျရောက်စေတာ
ဖြစ်တဲ့အတွက် ဘယ်လောက်ပဲမိုက်မိုက် ဒီကံတွေကို
ကျူးလွန်မိတဲ့အထိ မမိုက်သင့်ဘူးဆိုတာ ကိုယ့်ကိုယ်ကို အထူးသတိပြုကြရမျာ ဖြစ်ပါတယ်။ ဒီကံတစ်ခုခုကို
ကျူးလွန်မိလို့ကတော့ တခြားဘယ်လို ကုသိုလ်ကံနဲ့ပဲ ချေဖျက်ချေဖျက်၊ ဘယ်လိုတန်ခိုးရှင်နဲ့ပဲ တွေ့တွေ့ ပြေပျောက်နိုင်မှာ မဟုတ်သလို အပါယ်ဘေးကလည်း ရှောင်တိမ်းလို့ မရနိုင်ဘူးဆိုတာ စွဲစွဲမြဲမြဲ မှတ်သားထားဖို့ လိုပါတယ်။ ကျန်တဲ့အကုသိုလ်တွေဟာ တခြားကုသိုလ်ကောင်းမှုတွေလုပ်ပြီး ဒီဘဝမှာ အပါယ်ဘေးကလွတ်အောင် လုပ်နိုင်သေးပေမယ့် ဒီပဉ္စာနန္တရိယကံကတော့ ဒီဘဝမှာ ဘယ်လိုကုသိုလ်မျိုးနဲ့ကိုမှ တားဆီးချေဖျက်လို့ မရဘူးဆိုတာ ကောင်းကောင်းသိရှိထားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အကုသိုလ် အလုပ်ဆိုတာ မလုပ်ဘဲ နေနိုင်ရင် ကောင်းပေမယ့် အကြောင်းတစ်မျိုးမျိုးကြောင့် လုပ်ဖြစ်သွားရင်လည်း စေတနာမပါဖို့နဲ့ စေတနာပါပါနဲ့ လုပ်ဖြစ်ခဲ့တဲ့ အကုသိုလ်ကံဆိုရင်လည်း ပဉ္စာနန္တရိယလို ကံမျိုးအထိ မကျူးလွန်မိကြဖို့ အထူးသတိပြု ဆင်ခြင်ကာ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီလိုကံမျိုးကို မကျူးလွန်မိအောင် ကြိုးစားရင်း ကျန်တဲ့အကုသိုလ်တွေကိုပါ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး ကိုယ့်ဘဝရဲ့ ပစ္စုပ္ပန်သံသရာအရေး ကောင်းစားရေးအတွက် မမေ့မလျော့တဲ့ သတိတရားနဲ့ သွားလာလှုပ်ရှားကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။

[ စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) ]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment