Monday 22 July 2013

၂၀၁၅ ဆီသို့ အရွေ့.. ရေးသားသူ-ပြည်ချစ်သူ




တိမ်တောင်သဖွယ် မင်းရေးကျယ်တယ် ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ တစ်ကယ်ကိုလည်း နိုင်ငံရေးဆိုတာ မာယာ များပါ လိမ့်မယ် ။ အဲဒီထဲမှာမှ မြန်မာ့နိုင်ငံရေးကတော့ တိမ်မည်းတွေ ၊ တိမ်ညိုတွေ မကြာခဏ ထူထပ်လေ့ရှိတာရယ်၊ နောက်ကွယ်က လက်မည်းကြီး ဆိုတာတွေရယ်ကြောင့် ၊ ပိုလို့ အမှန်းခက်ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၅ ဆီကို ဘယ်လိုအရွေ့ နဲ့  သွားမှာလည်း ဆိုတာကတော့ ဒီနေ့ မြန်မာ့နိုင်င့ရေးရဲ့  ရှုမျှော်ခင်းပဲ ဖြစ်ပါ လိမ့်မယ်။ ငြင်သာစွာေ၇ွ့  မလား ၊ အကူးအပြောင်းမှာ ပွဲကြမ်းဦးမှာလား ၊ အပေးအယူ အလျှော့အတင်း ၊ ကစားကွက်တွေက စိတ်ဝင်တစား စောင့်ကြည့်စရာပါ။

မြန်မာ့နိုင်ငံရေးမှာ ဖြစ်နေတဲ့ပြသနာတစ်ခုက စကားမတည် ကြတာပါ။ စကားတွေက အမျိုးမျိုး ပြောင်းလွယ်ပြင်လွယ် ဖြစ်လွန်း လှပါတယ်။ အခြေအနေ အချိန်အခါအရ၊ စကားကို အမျိုးမျိုးပြောင်းလဲယူရတာကိုက နိုင်ငံရေးအလုပ်ပါ၊ နိုင်ငံရေးဆိုတာ စကားပရိယယ်ကပါ သံခင်းတမန်ခင်းလောက်နီးနီး ကျွမ်းကျင်လိမ္မာရတာပါ ဆိုသော်လည်းပဲ လက်ရှိ တိုင်းပြည် မှာပေါ်ပေါက် လာသမျှ အခက်အခဲတွေထဲမှာ စကားတွေ ခပ်လွယ်လွယ် ပြောကြတာ၊ ဂတိတွေ ပြီးပြီးရော ပေးတတ်ကြတာ ကိုယ့်စကားကိုယ် တာဝန်မယူနိုင်ပဲ ပြောပြီးမေ့သွားတတ်ကြတာ၊ ပြောစကားတွေ ရှေ့ နောက်မညီတာ၊ ခပ်လွယ်လွယ် ဗြောင်ညာ တတ်ကြသေးတာ၊ ကိုယ့်စကားအဓိပ္ပါယ် ဘယ်ပေါက်လို့  ဘယ်ရောက်မှန်းမသိပဲ အဆင်အခြင်မဲ့  စွတ်ရွတ်ပြောဆိုနေကြတာတွေက အဓိက ကျသလိုတောင်မှ ဖြစ်နေကြပါတယ်။

နိုင်ငံတော်ရဲ့  တရားဝင် တာဝန်အရှိဆုံးဖြစ်တဲ့ သမ္မတက အစ ၊ အစိုရအဖွဲ့  ၀န်ကြီးများနဲ့ ၊ လွှတ်တော် ကိုယ်စားလည် တွေ နိုင်ငံရေးသမားတွေ အလည်ထားပြီး လွှတ်တော်ဥက္ကဌကြီးတို့ က အစ စကားတွေအမျိုးမျိုး ကို ပြီးပြီးစလွယ် နှုတ်တွေ က
ထွက် နေကြပြီး ၊ ကိုယ့်စကားကိုယ် တာဝန်ယူမှုကြတော့ မရှိသလောက်ပါ။ ပိုပြီးဆိုးတာက ၊ ပြည်သူက မှားကြောင်း ထောက်ပြ ရင်လည်း တစ်ခြားဒီမိုကရေစီ နိုင်ငံတွေမှာလို တာဝန်ရှိသူတွေက ပြည်သူကို ပြန်လည်ဖြေရှင်းတာမျိုး ရှိဖို့ နေနေသာသာ ၊ အရေးတောင်မှ လုပ်တာမဟုတ်ပါဘူး။

၂၀၁၅ နဲ့  ပါတ်သက်လို့  အကဲခတ်ကြတဲ့အခါမှာတော့ အဲဒီစကားအမျိုးမျိုး ပြောင်းပြီးပြောတဲ့အပေါ်မှာပဲ အတတ်နိုင်ဆုံး အကဲ ခတ်ကြည့်ကြရတာပါ။ ပထမဆုံး သမ္မတကြီးပြောခဲ့တာက သူ ၂၀၁၅ မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲ မ၀င်တော့ဘူး၊ ကျန်းမာရေးအရ နားချင်ပြီ ဆိုတာပါ။ အဲဒီစကားက သမ္မတအပေါ်ပြည်သူရဲ့  သနားချစ်ခင်မှုအချို့ ကို ချွေယူနိုင်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လူထုသဘောဆန္ဒနဲ့  ထပ်တူမကျမှုက စတင်ခဲ့ပါတယ်။ သွေးဆောင် ဖျားယောင်းမှု တစ်ချို့ ရဲ့ နောက်ကို အလိုက်သင့်စီးမျောလိုက်ပါမှု မရှိပဲနဲ့  ၊ လွှတ်တော်ကိုယ်စားလည် တစ်ဖြစ်လဲ အတိုက်အခံ ခါင်းဆောင်ဟာ လူထုရဲ့  အထင်လွဲမှု အချို့ ကိုပါ တောင့်ခံရင်း ၊သူယုံကြည်ရာဆီမှာ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့ပါတယ်။

အဲဒီအခြေအနေမှာ သမ္မတကြီးရဲ့  လူထုထောက်ခံမှု မြင့်တက်လာပြီဆိုတဲ့ အခင်းအကျင်းတစ်ချို့ ကို ယုံကြည်ရင်း နိုင်ငံခြား ခရီးစဉ်တစ်ခုမှာ ပြည်သူက တောင်းဆိုလာခဲ့ရင်တော့ ဒုတိယအကြိမ် ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ သတင်းစကားကို ထုတ်ပြန်လာခဲ့ပါတယ်။

အဲဒီစကားတစ်ခွန်းရဲ့  နောက်ကွယ်မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးကစားကွက်က တစ်တောင်ဆစ်ချိုးလို ကွေ့ လာခဲ့ ပါတယ်။ နအဖ အသွင်ပြောင်းအစိုးရအဖွဲ့ ကို မယုံနိုင်ရင်တောင်မှ ၊ ဦးသိန်းစိန်ကိုတော့ ကျွန်မယုံကြည်ပါတယ် လို့  ပြောကြား ခဲ့ဖူးတဲ့စကားတစ်ခွန်းက မြန်မာ့ဒီမိုကရေစီ ခရီးအစမှာ သမ္မတသစ် ဦးသိန်းစိန်ရဲ့  လမ်းကြောင်းကို ဖြောင့်ဖြူးအောင် လမ်းခင်း ပေးခဲ့တဲ့ အဖိုးတန်စကားပါ။ အဲဒီလိုရင်းနှီးချစ်ခင်မှုတွေက မှတ်မှတ်ရရ မိတ္ထီလာ အရေးအခင်းပြီးနောက်ပိုင်းမှာ အရွေ တစ်ခု ဆီကို စတင်ရွေ့ ခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလည်အဖြစ်နဲ့  သမ္မတနဲ့  ဟန်ချက်ညီညီလက်တွဲခဲ့တဲ့ လူထုခေါင်းဆောင်ဟာ၊ အဲဒီအချိန်မှာပဲ အတိုက်အခံ ပါတီပီသစွာ အပြောင်းအလဲတွေဟာ လက်တွေ့ မကျသေးတဲ့အကြောင်းနဲ့ ၊ ဦးသိန်းစိန်ရဲ့  အပြောင်းအလဲ အကောင် အထည် ဖော်ဆောင်နေမှုတွေကို သိသာထင်ရှားမှု မရှိသေးတဲ့အကြောင်း အမည်နာမတပ်လို့ ၊ တရားဝင် သတင်းစကား ပါး လာခဲ့ ပါတယ်။ လက်ရှိသမ္မတနဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကြားထဲက သဘောတူညီမှုအချို့ ရဲ့  စတင်ကွဲလွဲလာခဲ့ကြတဲ့ အရွေ ဆိုရင် လည်း မမှားပါဘူး။

အဲဒီအချိန်မှာပဲ လွှတ်တော်ဥက္ကဌကြီးဦးရွှေမန်းနဲ့  ဒေါ်အောင်ဆန်းစုကြည်တို့  မရှေးမနှောင်းဆိုသလိုပဲ သတင်း ထုတ်ပြန် လာခဲ့ ကြတာက မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုဖြစ်စဉ်တွေနဲ့  ပါတ်သက်လို့  အစိုးရကသာ ကြီးကြပ်လုပ်ဆောင်နေပြီး ၊ လွှတ်တော်က ဘာတစ်ခုမှ သိခွင့်မရခဲ့ပါဘူး။ လွှတ်တော်ကိုလည်း အသိပေးကြပါဦး ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ လွှတ်တော်ထဲက ဆိတ်ဖမ်းပွဲက အဖြေထွက်နေပါပြီ။ ဘယ်နေ့ ဘယ်ရက်မျှော်ပါ ဆိုတာတွေ က သတင်း ထွက် လာခဲ့ပါတယ်။ ယခင်အာဏာရှိအစိုးရက တာဝန်ပေးလို့  လုပ်ရတာပါဆိုတဲ့၊ အတိုက်အခံ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချတိုက်ခိုက်ဖို့ ရည်ရွယ်ဖွဲ့ စည်းခဲ့ရပါတယ်ဆိုတဲ့ ၊ ပိတောက်မြေအသံလွှင့်ဌာန ဆိုတာမျိုးတွေလည်း ၊ ဆိတ်ညောင်ပင်ကြီး တူးရင်းနဲ့ မထင်မှတ်ပဲ ပေါ်ပေါက်လာခဲ့ကြတဲ့ ပုတ်သင်ဥကြီးတွေလို ထွက်ပေါ်လာခဲ့ကြရပါတယ်။

အဲဒီအချိန်မှာပဲ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ကာလုံအစည်းအဝေးခေါ်ပေးဖို့  တောင်းဆိုခဲ့ပါတယ်။ အစကတည်းက ဆိတ် ဘယ်သူဆိုတဲ့ အရေးဟာတစ်ကယ်တော့ တိုင်းပြည်အတွက် အကျိုးအမြတ်မရှိသလို၊ ပြည်သူကလည်း သမ္မတနဲ့  လွှတ်တော်ရဲ ကြားက သူတို့ နှစ်ယောက်နဲ့ ပဲ ပတ်သက်တဲ့ ၊ အာဏာရေချိန်လုမှုတစ်ခုပဲ ဆိုတာကိုသိလို့ ၊ အရှုံးအနိုင်ပြိုင်ပွဲတစ်ခုကို စောင့်ကြည့်ချင်တဲ့ဆန္ဒထက် မပိုခဲ့ပါဘူး။

အစကတည်းက ဒီလောက် အရေးတကြီးလုပ်စရာတွေ အများကြီးရှိနေတဲ့နိုင်ငံမှာ တစ်နေ့ တစ်နေ့  လွှတ်တော်ထဲ အိပ်ငိုက်နေကြရင်းက မယောင်ရာထပြီးဆီလူးတဲ့ ဆိတ်ဖမ်းပွဲဟာ ၊ သူတို့ ချင်းသာသိတဲ့၊ နောက်ကွယ်က ပုတ်သင်ဥ အကြီးကြီးရှိလို့ဆိုတာကို ပြည်သူအားလုံးက ရိပ်မိပြီးသားပါ။ အဲဒီအချိန်ကတည်းက လွှတ်တော်ဥက္ကဌလက်ထဲမှာ အနိုင်ဖဲဂျိုကာ တစ်ကောင်ကို ကိုင်မိနိုင်ခဲ့တာပါ။ အဲဒီဆိတ်တစ်ကောင်က မြန်မာ့နိုင်ငံရေးအရွေ့  ကို နောက်ထပ် ၉၀ံ လောက်ထပ်မံချိုးကွေ့ စေခဲ့တာပါ။

အပိုင်း (၂)
အဲဒီအချိန်မှာပဲ အစကတည်းက အခြေခံဥပဒေနဲ့ မညီပါဘူးလို့  အများကန့် ကွက်နေတဲ့ကြားက ရယူထားတဲ့ ၊ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌနေရာကို သမ္မတဦးသိန်းစိန်က ဦးရွှေမန်းရဲ့  လက်ထဲကို ပြန်လည်လွှဲပြောင်း ပေးခဲ့ ပါတယ် ။ အတည်မပြုနိုင်သော သတင်းတွေအရ သမ္မတအဖြစ်နောက်ရွေးကောက်ပွဲကို မ၀င်ပါဘူးလို့  ပါတီတွင်းမှာ ကတိပေးခဲ့ ရတယ် ဆိုတာတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ သေချာတာကတော့ မြန်မာ့နိုင်ငံရေးရေစီးကြောင်းထဲကနေ သမ္မတဦးသိန်းစိန် ရဲ့  စတင်ဖယ်ခွာပေးလိုက်ရတဲ့အရွေ့ ပါ။ အဲဒီနောက်မှာတော့ Google ကပူးပေါင်းကူညီပေးမှု မရှိလို့ ပါဆိုတဲ့ ပျက်လုံးနဲ့ ဆိတ်ကလေးလွတ်မြောက်သွားခဲ့ရပါတယ်။


အဲဒီအချိန်မှာပဲ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီးက နိုင်ငံခြားခရီးသွားပါတယ်။ နိုင်ငံတော်အတွက်သာ တာဝန်ထမ်းဆောင်ရမယ်ဆိုရင်သူလည်းပဲ သမ္မတဖြစ်လိုပါတယ်လို့  သမ္မတလောင်းစာရင်း တင်သွင်းလာခဲ့ပါတယ်။ ပြည်တွင်းကို ပြန်လာပါတယ်။ ကာလုံအစည်းအဝေးခေါ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်နေတဲ့ ကော်မတီစာရင်း အပြောင်းအလဲတစ်ချို့ ဖြစ်ပါတယ်။ အများပြည်သူသိခွင့်မရတဲ့ MPC ရဲ့  အတွင်းအစည်းအဝေးတွေ ကျင်းပခဲ့ကြရပါတယ်။ MPC ဟာ အစိုးရအဖွဲ့ရဲ့  အုပ်ချုပ်မှုအောက်မှာ မရှိဘူး ၊ ဒါကြောင့် ဘဏ္ဍာရေးကိစ္စအ၀၀ကို စာရင်းစစ်ချုပ်ဆီမှာ အစစ်ဆေးခံစရာ မလိုပါဘူးလို့ ၊ ၀န်ကြီးဦးအောင်မင်းက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။


အဲဒီအချိန်မှာပဲ သမ္မတကြီး နိုင်ငံခြားခရီးထပ်ထွက်ပါတယ်။ ကျန်းမာရေးအရ ၂၀၁၅ သမ္မတမလုပ်နိုင်တော့ပါဘူးလို့ ၊တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ လွှတ်တော်ထဲမှာ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီးနဲ့ ၊ အတိုက်အခံခေါင်းဆောင် လွှတ်တော်ကိုယ်စားလည် ဒေါ်အောင်ဆန်းစုကြည်တို့  အတူယှဉ်တွဲထိုင်ကြရင်းက ၊ သတင်းထောက်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ ကြဆုံကြ ၊ မေးကြဖြေကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို သမ္မတအဖြစ်ရွေးကောက်ပွဲဝင်မယ့်ဦးရွှေမန်းကိုကြိုဆိုကြောင်းနဲ့  အဲဒီရွေးကောက်ပွဲတရားမျှတမှန်ကန်မှုရှိအောင် လုပ်ပေးမယ်လို့ ၊ ယုံကြည်ကြောင်းဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးရွှေမန်းတို့  ရယ်ရယ်မောမော ပြောလာခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ အာဇာနည်နေ့ ကြရောက်ပါတယ်။ အဲဒီအချိန်မှာပဲ အာဇာနည်ခေါင်းဆောင်ကြီးရဲ့  သမီးဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာကျင်းပတဲ့ ဆွမ်းကပ်လှုဒါန်းပွဲကို မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်လောက်အောင် ၊ အရင် အာဏာရှင်အစိုးရရဲ့  နံပါတ်၃ နေရာမှာရှိခဲ့တဲ့ ဦးရွှေမန်း တက်ရောက်ခဲ့ပါတယ်။ သီတဂူဆရာတော်ဘုရားနဲ့ ၊ ဆရာတော်ဆန္ဒာဓိကတို့ ကိုလည်း ငြိမ်းချမ်းရေး အကျိုးဆောင်တွေလိုမျိုး နဲ့  အားလုံးရဲ့  အပြုံးတွေလျှံနေကြတာကိုလည်း ပြည်သူကမြင်တွေ့ ခွင့် ရခဲ့ပါတယ်။

နောက်မကြာခင်မှာပဲ MPC ကိုသွားရောက်လေ့လာခဲ့တယ်ဆိုတဲ့ အပြုံးဓာတ်ပုံတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး တော့ အကောင်းဖက်ဆီသို့  ဦးတည်ရွေ့ လာခဲ့ပြီ။ အာဇာနည်နေ့ က ပုံရိပ်ကလည်း ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်း ရတော့ မယ်လို့  ၊ အကောင်းဖက်ဆီကို ကြိုတင်ရှုမျှော်ရင်း ပြည်သူတွေ စိတ်ချမ်းသာနေခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ...

"၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်လို့ရှိရင် NLD ကဘာလုပ်မလဲ ဆိုတဲ့ ကိစ္စပါ။ အမြဲတမ်း ပြောဖူးပါတယ်။ ကျွန်မက တံခါးပိတ်ထားတဲ့ နိုင်ငံတွေကို အယုံအကြည် မရှိဘူး။ တံခါးဖွင့်ထားတဲ့ နိုင်ငံတွေကိုပဲ အယုံအကြည် ရှိတယ်။ ဒါကြောင့်မို့လို့ အခုကနေ စပြီးတော့ ဟိုဟာဆို မလုပ်ဘူး၊ ဒီဟာဆို မလုပ်ဘူး ဆိုတဲ့ဟာမျိုး ကျွန်မတို့ မပြောပါဘူး။ ကျွန်မတို့က တံခါးတွေ အားလုံး ဖွင့်ထားပါတယ်။ ဘာပဲပြောပြော ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပိတ်ထားတဲ့ အလုပ်တွေ မလုပ်ဘူး။ နောက်ဆုံးတိုင် တံခါးတွေ အားလုံးဖွင့်ထားတယ်။ အကောင်းဆုံးလမ်း ကိုပဲ နိုင်ငံရဲ့အကျိုးကို ရှေးရှုပြီးတော့ လျှောက်လှမ်းသွားမယ် လို့ ပြောချင် ပါတယ်" ဆိုတဲ့စကားသံက ထွက်ပေါ်လာပါတယ်။

အဲဒီစကားအရ ဖြစ်နိုင်တာကတော့ ၂၀၁၅ အတွက် ကစားဖော်ကို ဒေါ်စုပြောင်းလဲလက်တွဲခဲ့ပြီး၊ အဲဒီအတွက်လည်း သူတို့ ကြားက အာဏာခွဲဝေမှုကို ညှိုနှိုင်းသဘောတူမှုအချို့  ရယူထားပြီးဖြစ်ပါလိမ့်မယ်။ အဲဒါကတော့ ကျွန်တော့်အမြင်အရ ဒေါ်စုဟာ ပြည်သူကို ညှာတာလိုက်တာလို့  မြင်ပါတယ်။ သူမညှာရင် ပြည်သူဘယ်လောက်နာလိမ့်မလဲ ဆိုတာကို ဒေါ်စုလိုလူက မရိပ်မိ၊ မတွက်မိပဲမနေပါဘူး။ အဲဒီအတွက် ဒေါ်စု နောက်တစ်လှမ်းဆုတ်ရင်းအပေးအယူအလျှော့အတင်း တစ်ချို့  လုပ်ခဲ့ဟန်ရှိပါတယ်။

သမ္မတဦးသိန်းစိန်ပြောပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးကောက်ပွဲ ၀င်နိုင်ဖို့ ၊ ၂၀၀၈ ဥပဒေပြင်ပေးမယ်လို့ ပြောခဲ့တဲ့ပုံပြင်ကို ၊ အစကတည်းက ကျွန်တော် မယုံခဲ့ပါဘူး။ ဖြစ်နိုင်ခြေရာနှုန်းနည်းလွန်းလို့ ၊ ထည့်သွင်း မတွက်သင့် တဲ့ ပေးထားချက်အဖြစ်ပဲ ၊ ရှုမြင်ခဲ့တာပါ။ အဲဒီမဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကြီး ရင်မှာပိုက်ပြီး ၊ တိုင်းပြည်အနှံ့  မီးတဟုန်းဟုန်း တောက်နေတာ၊ ပြသနာပေါင်းစုံ ဖန်တီးရင်းက ပြည်နာသထက်နာနေတာကို ထိုင်ကြည့်နေရတာထက်၊ လုပ်သင့်လုပ်ထိုက် တယ်လို့ ထင်တဲ့ အချိုးကို ဒေါ်စုရဲရဲရင့်ရင့် ကွေ့ ခဲ့တယ်လို့  ယူဆပါတယ်။ လက်တွေ့ ဖြစ်နိုင်တဲ့ ၊ ဘေးထွက်အကင်းဆုံးလမ်းကို ဒေါ်အောင်ဆန်းစုကြည်သတ္တိရှိရှိ ရွေးချယ်ချဉ်းကပ်ခဲ့တယ် လို့  မြင်ပါတယ်။

၂၀၀၈ ကို အနာဂတ်အတွက် ပြင်မပေးချင်ဘူး ဆိုတာကို လက်ခံပေးခဲ့ပြီး၊ သမ္မတကို ထိန်းကျောင်းပေးနိုင်တဲ့ လွှတ်တော် ဥက္ကဌနေရာကိုတော့ ယူထားဖို့ ၊ ညှိနှိုင်းလို့  အဆင်ပြေခဲ့ကြဟန်ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ကောင်းစွာယုံကြည်မှု တည်ဆောက်ထားကြတယ် ဆိုရင်မမှားပါဘူး။

ဒီနေရာမှာ ဒေါ်စုရဲ့  ကြိုတင်တွက်ဆနိုင်မှုအမျှော်အမြင်၊ နိုင်ငံရေးအသိအမြင်များစွာကို သံသယ ရှိစရာမလိုပါပဲနဲ့ ကျွန်တော်တို့  မဖြစ်မနေထည့်သွင်းတွက်ချက်ကြရမယ့် ပေးထားချက်တစ်ချို့  ရှိနေကြပါသေးတယ်။ ပြသနာကဒီအခင်းအကျင်းကို ရန်သူ ပြိုင်ဘက်က အမှန်တကယ် လက်ခံကျေနပ်မှာလား ဆိုတဲ့ အာမခံချက်ပါ။ ဒီနေရာမှာရန်သူလို့  ကျွန်တော်အမြဲသုံးပါတယ်။ ပေါ့ပေါ့ဆဆ မတွက်အပ်၊ မယုံကြည်အပ်တဲ့အကြောင်းကို အလေးအနက်ပြုစေချင်လို့ ပါ။ အာဏာလက်မလွှတ်ဖို့ နဲ့ ၊ အာဏာရှင် ဟောင်းတွေရဲ့  စုပေါင်းအကျိုးစီးပွားကို ကာကွယ်ဖို့ အတွက်ဆိုရင် သူတို့ ဘာကိုမဆိုလုပ်မယ့်အကြောင်း ကျွန်တော်တို့ ဟာ မကြာခဏ သတိပေးခံခဲ့ကြရပြီးသားပါ။

စစ်အစိုးရလက်အောက်မှာ၊ ပြင်းထန်တဲ့ဖိနှိပ်မှုမျိုးစုံကို ကြုံတွေ့ လာခဲ့ရပြီး၊ လိုသလိုပြောင်းလည်းတတ်တဲ့ စကားများစွာ ၊အကျင့်ဆိုးများစွာနဲ့ နေခဲ့ရတာမို့ ၊ ဒီနေ့ အထိ အစိုးရဆိုတာရဲ့  ကတိတည်မှု၊ တာဝန်ယူမှု ဆိုတာတွေကို တစ်ခါမှ မကြုံဖူးပဲ နေလာခဲ့ကြရတာမို့ ကျွန်တော့်မှာ သံသယများတဲ့ အဆိုးမြင်စိတ်ရှိနေတယ်ဆိုရင်လည်း ကျွန်တော်ကတော့ လက်ခံပါ့မယ်။ ဒါပေမယ့် သူတို့ ကိုတော့ ဘယ်လိုနည်းနဲ့ မှ လွယ်လွယ်ယုံမပေးနိုင်တာပါ။

အခုလောလောဆယ်မှာကိုပဲ ၊ မတရားသိမ်းဆည်းထားတဲ့ လယ်မြေဧကပေါင်းများစွာအတွက် ၊ သူ့ ကို အကာအကွယ်မပေးပဲ ပြည်သူ့ ဆန္ဒကိုသာ အကောင်အထည်ဖော်မယ်ဆိုရင် ၊ သမ္မတကို တရားစွဲမယ် ၊ အယုံအကြည်မရှိအဆိုတင်သွင်းပြစ်လိုက်မယ် ဆိုတဲ့အသံတွေက ဘယ်လိုအားကိုးနဲ့ ၊ ဘယ်သူ့ အားကိုးနဲ့  သာမန် လွှတ်တော်ကိုယ်စားလည် တစ်ယောက်သာ ဖြစ်နေတဲ့ ခရိုနီကြီး ဦးခင်ရွှေရဲ့ ပြောင်မြောက်တဲ့ စိန်ခေါ်ချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားကြည့်ကြရမှာပါ။

ဒီဖြစ်ရပ်တွေ၊ ဒီကစားကွက်တွေ ထွက်ပေါ်မလာခင်အချိန်ကထွက်ပေါ်လာခဲ့တဲ့ ဦးခင်ညွန့် ရဲ့  အမျိုးသားနိုင်ငံရေးပဲ လုပ်တော့မယ် ဆိုတဲ့ သတင်းစကားတွေ၊ အများမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့သော ဦးရွှေမန်းနဲ့  ဦးခင်ညွန့် ရဲ အတူလက်တွဲ ပူးပေါင်းမှု တွေ၊ ဦးခင်ညွန့် ၊ ဦးခင်ရွှေ၊ ဦးခင်ရီ ဆိုတဲ့ ဦးနေ၀င်းရဲ့  တာဝန်ပေးမှုအရတည်ဆောက်ခဲ့ရတဲ့မဆလ ဗိုလ်မှုးချုပ်တင့်ဆွေရဲ့  စံနစ်တကျ ပုံစံသွင်းတည်ဆောက်ခဲ့တဲ့ ၊ မွေးစားသားဆိုတဲ့၊ခင်မျိုးဆက်တြိဂံယန္တရား ရဲ့ လည်ပတ် အသက်ဝင်လာမှုတွေ၊ တောင်သာတပ်မတော်ဆိုတဲ့ ကောလဟာလကြီးရဲ့  ရုတ်တရက် အသက်ဝင်လာတတ်တဲ့ ဘယ်တော့မှ မဖော်ထုတ်နိုင်တဲ့ ၊ နောက်ကွယ်က ကြိုးကိုင်နေသော လူတစ်စု ဆိုတာတွေ အားလုံးကို ခြုံငုံသုံးသပ် တွက်ဆကြည့်ဖို့ တော့ လိုမှာ အမှန်ဖြစ်ပါလိမ့်မယ်။

အဲဒါတွေအားလုံးက ကျွန်တော့်ရဲ့  သံသယအစွဲလွန်နေမှုတွေပဲ ဖြစ်နေပါကြပါစေဦးတော့၊ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြတာ အမှန်ပဲ ဆိုဦးတော့ ၂၀၁၅ ရောက်ဖို့ က ၊ အတော်ကလေးလိုသေးပါတယ်လို့  ပြောလို့ ရတဲ့အနေအထားပါ။ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကို ၊ မမေ့မလျော့တဲ့သတိနဲ့  အပြောင်းအလဲထူးခြားမှု အားလုံးကို ၊ ပြည်သူအားလုံးအယုံအကြည်မလွယ်ပဲ အတူပူးပေါင်း စောင့်ကြည့် သတိရှိကြဖို့  လိုပါလိမ့်မယ်။

ဒီလောက်အုတ်အော်သောင်းနင်း ဂယက်ထစေခဲ့တဲ့ အမျိုးစောင့်ဥပဒေ ဆိုတာကြီးကို၊ အကြမ်းဖက်မှုတွေအားလုံးရဲ့ နောက်ကွယ် က အကြောင်းတရားဆိုတာကြီးကို သိသိရက်နဲ့ တောင်မှ လွှတ်တော်တင်ဖို့  လုပ်နေတာ၊ အားလုံးကန့် ကွက်နေတဲ့ကြားက ပုံနှိပ်ဥပဒေကို ဇွတ်ပြဌန်းဖို့ လုပ်နေတာတွေဟာ ၊ ကျွန်တော်တို့  ပေါ့ပေါ့ပါးပါးတော့ပျော်မနေအပ်တဲ့အကြောင်းတရားတွေပါ။

အခုအချိန်ထိ ငြိမ်နေခဲ့တဲ့ တပ်ချုပ်ဟာ အမှန်တစ်ကယ်ပဲ နိုင်ငံရေးကနေပြီးတော့ စစ်တပ်ကို နားစေခဲ့တာလား။အပြောင်းအလဲမှာ ဒီထက်ပို လောဘမကြီးတော့ပဲနဲ့  ကာချုပ်ရာထူး ဆိုတာနဲ့ ပဲ အမှန်တစ်ကယ် ကျေနပ်နေနိုင်နေတာလား။ ဘာသာရေး အစွန်း ရောက် စေတဲ့၊ ပြသနာတက်စေခဲ့တဲ့ ၊ စစ်တပ်အကောင့်ပါလို့  ယူဆကြရတဲ့သူတွေ တင်နေကြရတာကိုကြည့်ရင် ၊ လွှတ်တော်ကို ၊ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်လာနိုင်တဲ့အထိ ၊ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ ဘာသာရေးအစွန်းရောက် တွေ အားကောင်းလာတာဟာ Middle Age ကိုပြန်သွားနေတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် စစ်အာဏာရှင် လမ်းကြောင်းကို ဦးတည်နေတာပါ။ အီဂျစ်ဖြစ်စဉ်ကို ကျွန်တော်တို့  အတူမယူချင်ရင်၊ အတုတော့ယူကြရပါလိမ့်မယ်။

ကျွန်တော့်ကို သံသယများတဲ့၊ အဆိုးမြင်ပဲလို့  ကြိုက်သလို စွပ်စွဲပါ။ ကျွန်တော်ကတော့ ဘယ်နည်းနဲ့ မှ သူတိုကို ယုံကြည်မပေးနိုင်လို့ ပါ။ ။
-


ပြန်လည်မျှဝေပါတယ်
မူရင်း ဒေါင်းမာန်ဟုန်
22.7.2013

No comments:

Post a Comment