Sunday, 21 July 2013

အမှောင်ထဲမှအလင်းတန်းများနှင့် တွေ့ဆုံခြင်း -ကျော်သူ


အမှောင်ထဲမှ အလင်းတန်းများနှင့် တွေ့ဆုံခြင်း
မှုံပျပျ ခန်းမထဲသို့ ကျွန်တော်တို့ ရောက်ရှိသွားသောအခါ ခန်းမတစ်ခုလုံး ငြိမ်သက်နေသည်။ ခန်းမ ထဲရှိ အစီအရီချထားသော ထိုင်ခုံများပေါ်တွင် ထိုင်နေသောသူအားလုံးသည် တုတ်တုတ်မှမလှုပ်၊ အာရုံ တစ်ခုကို စူးစိုက်လျှက်ရှိနေသည်။ ထိုခန်းမသည်ကား ဝိပဿနာကျင့်ကြံရာ တရားဓမ္မအားထုတ်ရာ ခန်းမ တစ်ခုတော့ မဟုတ်ချေ။ ငြိမ်သက်တိတ်ဆိတ်နေသော ခန်းမအတွင်းသို့ ကျွန်တော်တို့ရောက်ရှိ နေရာယူ ပြီးသောအခါ ရှေ့ဆုံးစာပွဲထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးငယ်တစ်ဦးသည် နှုတ်ခွန်းဆက်စကားပြော ကာ ကျွန်တော်၏ အထ္ထုပတ္တိအကျဉ်းချုပ်အား ခန်းမတွင်းရှိ လူအများထံ ဖတ်ကြားတော့သည်။ ထို့နောက် ကျွန်တော့်အား စကားပြောပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ တချိန်တည်း ကျွန်တော်ခန်းမရှေ့ရှိ စကားပြော စင်ထပ်သို့ သွားရောက်ကာ “ကျွန်တော်သည် ယခင်က သရုပ်ဆောင် ဒါရိုက်တာ “မင်းသားကျော်သူ” ဖြစ် ကြောင်း၊ သို့ပေမယ့် ယခုအချိန်မှာတော့ “မသာမင်းသား” ဖြစ်နေပြီဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်အနှံ့ လှည့်လည်ပြီးတော့ ကျေးရွာ၊ မြို့များသို့ သွားရောက်ပြီး နာရေးကူညီမှု အယူသီးမှု အကြောင်းတွေသာ ပြောဆိုလုပ်ကိုင် နေရသည့်အတွက်ဖြစ်ကြောင်း” ပြောကြားလိုက်သည်နှင့် တပြိုင် နက်တည်း လက်ခုပ်သြဘာသံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကျွန်တော်တို့ လုပ်ကိုင်ပေးဆပ်လျှက် ရှိသော လူမှုရေးလုပ်ငန်းများဖြစ်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) စတင်ဖြစ်ပေါ်လာပုံ၊ ကျေးဇူးရှင် စာရေးဆရာ ဒါရိုက်တာကြီး ဘဘဦးသုခအကြောင်းများနှင့် ကျွန်တော်တို့ လူမှုရေးသမားများ ပေးဆပ် လျှက်ရှိသော လူမှုရေးလုပ်ငန်းရပ်အားလုံးအား Slide Show ရုပ်ပုံလွှာများအား Projecter ဖြင့် ပိတ်ကား ပြင်ထက်တွင် ပြသရင်း မိုက်ခရိုဖုန်းဖြင့် ဟောပြောခဲ့သည်။ ခန်းမတွင်းရှိ လူကြီးလူငယ် ကလေးများမကျန် စိတ်ဝင်တစား ငြိမ်သက်စွာ နားထောင်ရင်း အားပေးချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ယင်းနောက် ခန်းမတွင်းရှိ သူများ၏ သိချင်သောအကြောင်းအရာ အချက်အလက်များအား တစ်ဦးချင်း မေးမြန်းမှုတို့အား ကျွန်တော် ပြန်လည်ဖြေကြားပေးခဲ့ရသည်။ ထိုသူတို့၏ မေးမြန်းသော အချက်အလက်များမှာ အခြားသော ပြည်တွင်း/ ပနိုင်ငံများရှိ ဟောပြောပွဲများတွင် သာမာန်လူတို့၏ မေးမြန်းချက်များနှင့်မတူ ထူးခြားနက်ရှိုင်းမှုတို့ကို တွေ့မြင်ခဲ့ရသည်။

အချို့သော ပြည်ပနိုင်ငံများ၌ မေးမြန်းခဲ့သော “ဦးကျော်သူ ဘာဖြစ်လို့ ဆံပင်ရှည်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးထားရတာလဲ” ဟူသော မေးခွန်းမျိုးနှင့်မတူ သူတို့၏ မေးမြန်းချက်များသည် “အခု လို မွန်မြတ်လှသည့် ဦးကျော်သူတို့ရဲ့အသင်းအဖွဲ့ဖြစ်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)က မြန်မာနိုင်ငံ မှာ အသင်းခွဲပေါင်းမည်မျှရှိပြီးတော့ ပြည်သူလူထုတွေကို ကူညီဖေးမပေးနေပါသလဲ”၊ “အခုလို ဦးကျော်သူ တို့ နာရေးတွေလုပ်ကိုင်ကြတော့ အချို့ရောဂါဝေဒနာမျိုးစုံနဲ့ သေသွားကြတဲ့ အလောင်းတွေကို သွားသယ် ကြတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကာကွယ်တဲ့အနေနဲ့ ဘယ်လိုနည်းစနစ်၊ နည်းပညာ တွေနဲ့ လုပ်ပေးပါသလဲ”၊ “ဦးကျော်သူတို့ နာရေးတွေသွားသယ်ကြပြီးတော့ ထမင်းစားတာ၊ စားစရာတွေ ကိုရော ဘယ်လိုပုံစံနဲ့ စားသောက်ကြပါသလဲ၊ ဒီလိုအလောင်းတွေကိုင်ပြီး အသုဘချပြီးတော့ စားလို့ သောက်လို့ရော ဝင်ရဲ့လား” အစရှိသည့် မေးခွန်းများပင်ဖြစ်သည်။ ထို့ကြောင့် ယခင့် ယခင်ဟောပြောပွဲ များနှင့်မတူ ထူးခြားစွာ ကျွန်တော်ဝမ်းမြောက်၊ ကြည်နူး၊ အံ့သြမိပေသည်။ အဘယ်ကြောင့်ဆိုရသော် ယခုသွားရောက် ဟောပြောရသောခန်းမသည် မြန်မာနိုင်ငံ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)ဖြစ်ပြီး ဟောပြောချက်များအား နားထောင်အားပေး မေးမြန်းကြသူများမှာလည်း လူမျိုးဘာသာ ပေါင်းစုံဖြစ်ကြ သော အမြင်အာရုံ ချို့တဲ့နေကြသော (မျက်မမြင်) များပင်ဖြစ်တော့သည်။

လူတို့တွင် မြင်မှု၊ ကြားမှု၊ အနံ့အာရုံခံစားမှု၊ အရသာအာရုံခံစားမှု၊ ထိတွေ့မှုတည်းဟူသော အာရုံ ငါးပါးရှိမှ ပြီးပြည့်စုံသည့် လူသားတစ်ဦးဖြစ်သည်ဟု အဆိုရှိခဲ့သော်လည်း ယခုဆိုလျှင် ထိုအဆိုပြုချက် အား တွန်းလှန်တိုက်ဖျက်နေကြပြီ ဖြစ်တော့သည်။ မျက်မမြင်များသည် အမြင်အာရုံကို အသုံးမပြုနိုင်ကြ သော်လည်း ကြားမှု၊ အနံ့အာရုံခံစားမှု၊ အရသာအာရုံခံစားမှု၊ ထိတွေ့မှုများအား ထိရောက်ထက်မြက်စွာ အသုံးချနိုင်ကြပြီဖြစ်သည်။

တစ်ချိန်က ရုပ်ရှင်လောကတွင် သရုပ်ဆောင်ဘဝ ကျင်လည်စဉ်က ကျေးဇူးရှင် ဒါရိုက်တာကြီး ဘဘဦးသုခနှင့် “အဖေနှင့်သား” ဟူသော ဇာတ်လမ်းရိုက်ကူးစဉ် အချိန်ကာလကလည်း တွေ့ကြုံခဲ့ရဖူး သည်။ ဘဘဦးသုခသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ မျက်စိအမြင်အာရုံ အားနည်းလာခဲ့သူ တစ်ဦးဖြစ်သည်။ ဒါရိုက်တာအဖြစ် ဘဘဦးသုခမှ စီစဉ်ညွှန်ကြားရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်းတစ်ခုတွင် ကွယ်လွန်သူ အစ်ကိုကြီး ဦးဇော်လင်းနှင့် ကျွန်တော်တို့အား သားအဖချင်း စကားများသော ဇာတ်ဝင်ခန်း ရိုက်ကွက်တစ်ခုအား ရိုက်ကူးနေစဉ် ဘဘဦးသုခသည် ရိုက်ကွင်းပြင်ပဘက်သို့ မျက်နှာလွှဲပြီးနေသည်ကို သတိထားမိသည်။ ထိုဇာတ်ဝင်ခန်း ရိုက်ကူးပြီးချိန်တွင် ဘဘဦးသုခမှ ကျွန်တော့်အား “မောင်ကျော်သူရေ နောက်တစ်ခေါက်လောက် ပြန်ရိုက်ပေးပါကွာ … မင်းရဲ့သရုပ်ဆောင်အိုက်တင် နည်းနည်းလျော့နေတယ်” ဟုပြောလိုက်သဖြင့် ကျွန်တော်အလွန်အံ့သြမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ သရုပ် ဆောင်နေသောဘက်သို့ ဘဘဦးသုခ ကြည့်ရှုနေခြင်းမဟုတ်ဘဲ ဘာကြောင့်များ ကျွန်တော့်၏ သရုပ် ဆောင်မှု (အိုက်တင်)ကို လျော့နေတယ်ဟု တွေးမိခြင်းကြောင့်ပင်ဖြစ်သည်။ ထိုအခါ ဘဘဦးသုခ၏ သား တပည့်တစ်ဦးဖြစ်သူ ဦးနှင်းမိုးနှင့် ဝါရင့်ကင်မရာမန်းကြီးဖြစ်သူ ဦးဖိုးထောင်တို့မှ ကျွန်တော့်အား “ကျော်သူ ရေ … ဘဘက အမြင်အာရုံနည်းပေမဲ့ အကြားအာရုံ အစွမ်းထက်တယ်ကွ၊ မင်းပြောတဲ့ စကားသံရဲ့ အတိမ်အနက်ကို နားထောင်ပြီး မင်းရဲ့သရုပ်ဆောင်အိုက်တင်ကို အတိအကျသိနိုင်တယ်ကွ” ဟူ၍ တိုးတိုး ကလေး ပြောပြခဲ့သည်။ ထို့ကြောင့် ကျွန်တော့်အတွက် အနုပညာနဲ့ပတ်သက်သော သင်ခန်းစာပညာရပ် တစ်ခုအား ရရှိခဲ့ကာ ကျွန်တော်ထပ်မံ၍ ကြိုးစားပြောဆိုသရုပ်ဆောင် ရိုက်ကူးခဲ့သောကြောင့် ဘဘဦးသုခ ကျေနပ်ပီတိဖြစ်သွားခဲ့တော့သည်။

ဤကဲ့သို့ပင် ထူးခြားအံ့ဖွယ် ဖြစ်ရပ်တစ်ခုရှိခဲ့ပေသည်။ ထိုအကြောင်းအရာမှာ ယမုံနာရုပ်ရှင် ထုတ် လုပ်ရေးပိုင်ရှင် ဒါရိုက်တာကြီး ဦးကြီးမြင့်၏ သမီးဖြစ်သူ ဒါရိုက်တာ အိအိခိုင်ရိုက်ကူးခဲ့သော ကျွန်တော်၊ မခိုင်(ထွန်းအိန္ဒြာဗိုလ်)၊ ဖိုးသောကြာ၊ ပုလဲဝင်းတို့ပါဝင်သော “ရတနာ” ရုပ်ရှင်ဇာတ်ကားကြီး ပြသစဉ် အချိန်ကာလကဖြစ်သည်။ ထိုအချိန်က ဒါရိုက်တာအိအိခိုင်မှ ရုပ်ရှင်အထူးပွဲစဉ် ပြသပွဲတစ်ပွဲအား ထူးခြား စွာ စီစဉ်ခဲ့သည်။ ထိုပွဲစဉ်သည်ကား မျက်မမြင်ကျောင်းမှ အမြင်အာရုံ ချို့တဲ့သူများတို့အား “ရတနာ” ဇာတ်ကားကြီးအား ပြသပေးခဲ့ခြင်းဖြစ်သည်။ ထိုရုပ်ရှင်ပွဲ ပြသပြီးခဲ့စဉ် မီဒီယာများမှ မေးမြန်းချက်များအား မျက်မမြင်များမှ ပြန်လည်ဖြေကြားရာတွင် “ဘယ်အခန်းမှာ ဦးကျော်သူ အရမ်း ကောင်းတယ်၊ ဟိုအခန်းမှာ ထွန်းအိန္ဒြာဗိုလ်ကိုကြိုက်တယ်” စသဖြင့် ပြန်လည်ဖြေကြားသောအခါ မီဒီယာများမှ ဦးကျော်သူ ကောင်း တယ်လို့ မည်ကဲ့သို့သိသနည်းဟု ပြန်လည်မေးမြန်းရာတွင် သူတို့သည် မျက်မမြင်များဖြစ်သော်လည်း အကြားအာရုံ ခံစားမှုများရှိကြောင်း၊ ပိတ်ကားထက်တွင် ပြောကြားနေသော စကားလုံးများ၊ စကားသံများ မှ တဆင့် မိမိတို့၏ ဦးနှောက်ရှိ အမြင်အာရုံ ခံစားမှုများမှ သရုပ်ဆောင်များ၏ လှုပ်ရှားပြောဆိုနေမှုများကို သိရှိနိုင်သည်ဟု ပြန်လည်၍ ဖြေကြားခဲ့ကြသည်။

ထို့ကြောင့် မျက်မမြင်များ မလုပ်နိုင်သော အလုပ်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ပန်းကလေး တပွင့်ကို လက်တွင်စမ်းသပ်၍ အနံ့ခံကြည့်ရုံမျှဖြင့် မည်သည့်ပန်းဖြစ်ကြောင်း ပြောကြားနိုင်သည်။ ကွန်ပြူ တာ၊ အင်တာနက်၊ IT ပညာရပ်များကိုလည်း တက်ကျွမ်းသော ပညာရှင်များလည်း ပေါ်ပေါက်လာခဲ့သည်။ လက်မှုပညာရှင်များစွာလည်း ထွန်းကားလာခဲ့သည်။ ဂီတပညာရှင်များလည်း ပေါ်ပေါက်လာခဲ့သည်။ တတ်သိပညာရှင်များစွာလည်း ပေါ်ပေါက်လာခဲ့သည်။ သူတို့တွင် အများသူငါထက် အစွမ်းသတ္တိရှိသော ကြားမှု၊ အနံ့အာရုံခံစားမှု၊ အရသာအာရုံခံစားမှု၊ ထိတွေ့မှုတို့အပြင် ထူးခြားထက်မြက်စွာ တွေးခေါ်နိုင် သော ဦးနှောက်အသိဉာဏ်များလည်း ပေါင်းစပ်ထားကြသည်။

ထို့ကြောင့် သူတို့အား မျက်စိအမြင်အာရုံချို့တဲ့နေသော အမှောင်လောကကြီးအတွင်းမှ ထူးခြား ထက်မြက်သော အမြင်အာရုံ၊ တန်ဖိုးမဖြတ်နိုင်သော အလင်းတန်းများကို ပိုင်ဆိုင်ထားသော ကမ္ဘာမြေပြင် ကြီးအား တန်ဖိုးရှိစွာ ဖန်တီးတည်ထောင်ပေးနိုင်သော အဖိုးတန်လူသားများဟု တင်စား၍ ဂုဏ်ပြုလိုက်ရပါ တော့သည်။

ကျော်သူ

No comments:

Post a Comment