Sunday 2 June 2013

ခေါင်းဆောင်ကောင်းတစ်ယောက်၏ တန်ဘိုး



မြနန္ဒါ အတွဲ(၂)၊ အမှတ်(၂၀)
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အခြေအနေက ပိုမိုသိမ်မွေ့ရှုပ်ထွေးပါသည်။ ဗိုလ်ချုပ်အောင်ဆန်းရင်ဆိုင်ရသူက နိုင်ငံခြားသား အင်္ဂလိပ်နှင့် ဂျပန်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည်က မရရသည့်နည်းဖြင့် အာဏာနှင့်လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားသည့် မိမိလူမျိုးသွေးရင်းသားရင်းများ၊

ပုဂံခေတ်အနော်ရထာဘုရင်လက်ထက်မှစ၍ ယနေ့ ၂၁ရာစု၊ သမ္မတဦးသိန်းစိန်အရပ်သားတစ်ပိုင်း အစိုးရလက်ထက်ထိ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့သူတို့ကို တစ်ဘက်တွင်သက္ကရာဇ်စဉ်၍ တခြားတစ်ဘက်တွင် ယင်းတို့လက်ထက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဆုတ်ယုတ်မှုဇယားကို ဂရပ်(ဖ်) ဆွဲကြည့်ပါက ယနေ့မြန်မာပြည်သူလူထုအတွက် လွန်စွာအထောက်အကူပြုပေမည်။

အဆိုပါ ဂရပ်(ဖ်) ဇယားက မြန်မာပြည်သူတို့သည် မြန်မာနိုင်ငံသမိုင်းတစ်လျှောက် အုပ်ချုပ်သူကောင်းမည်မျှနှင့် ကြုံဆုံခွင့်ရခဲ့ကြသည်။ မင်းဆိုးမင်းညစ် ၊ မင်းညံ့မင်းဖျင်း မည်မျှနှင့် ကံဆုံခဲ့ရသည်ကို ဖော်ပြပေမည်။ ထို့အပြင် အဆိုပါမင်းကောင်း မင်းဆိုး၊ မင်းညံ့တို့လက်ထက်တွင် ပေါ်ပေါက်ခဲ့ သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ စစ်ရေးအစရှိသော နိုင်ငံ့အရေး အတက်အကျများကိုလည်း ရှင်းလင်းပြတ်သားစွာ တွေ့မြင်ကြရပါမည်။

ဒီနေ့ကမ္ဘာတွင် ထိပ်တန်းရောက်နေသော နိုင်ငံကိုကြည့်ပါ။ ကမ္ဘာ့ထိပ်တန်းရောက် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံကို ဦးစီးဦးဆောင်ပြုသူ ခေါင်းဆောင်ကောင်းတို့၏ အရည်အသွေး၊ အရည်အချင်းနှင့် များစွာ ဆက်စပ်နေကြောင်း တွေ့ရှိနိုင်ပါသည်။

ကမ္ဘာတွင် ထိပ်တန်းရောက်နေသော နိုင်ငံများအနက် ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများ၏ နိုင်ငံရေးမူဝါဒများကို လေ့လာကြည့်ပါက သူတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေများက တရားမျှတမှုများသည်။ လူကို မူတည်ကန့်သတ်ပိတ်ပင်ခြင်းမရှိဘဲ နိုင်ငံနှင့် လူမျိုးအား ထိခိုက်စေမည့်အချက်များကိုသာ မူအရပိတ်ပင်ထားကြောင်း တွေ့ရှိနိုင်ပါသည်။

ထို့အပြင် အဆိုပါနိုင်ငံများတွင် ခေါင်းဆောင်ပိုင်းက မိမိအတ္တ၊ မိမိပါတီအတ္တထက် နို်င်ငံ့အကျိုး၊ လူမျိုးအကျိုးကို သဘောထားကြီးကြီးနှင့် ဦးစားပေးကြကြောင်းတွေ့ရှိရသည်။

အမေရိကန်သမ္မတ အိုဘားမား၏ ဒုတိယသက်တမ်း သမ္မတရွေးကောက်ပွဲပြိုင်ပွဲအပေါ် တစ်ကမ္ဘာလုံးက အတိုင်းထက်အလွန်စိတ်ဝင်စားခဲ့ကြသည်။ စကားပြောကောင်းသော အာဖရိကန်၊ အမေရိကန်ကပြား၊ သမ္မတအိုဘားမား ရာဇပလ္လင်ပေါ် ရောက်လာချိန်တွင် ၊ အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးကျဆင်းနေချိန်ဖြစ်သည်။ ပြည်တွင်းပြည်ပရေးရာများစွာကို ရင်ဆိုင်နေရချိန်ဖြစ်သည်။ ထို့ကြောင့် ပထမသမ္မတလေးနှစ်သက်တမ်းအတွင်း အိုဘားမားဖြေရှင်းနိုင်သည့်ကိစ္စများလည်း ရှိခဲ့သည်။ မဖြေရှင်းနိုင်သည့် အရေးအရာများလည်းရှိခဲ့သည်။

ပထမအကြိမ် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်စဉ်က အိုဘားမား အနိုင်ရနိုင်ကြောင်း စောင့်ကြည့်ပရိတ်သတ်များက အလွယ်တကူခန့်မှန်းနိုင်ခဲ့ကြသည်။ ဒုတိယအကြိမ် ယှဉ်ပြိုင်သည့်ပွဲတွင်မူ မည်သူမျှ အိုဘားမားနိုင်မည် တစ်ထစ်ချမခန့်မှန်းရဲကြ။ တစ်ဖက်ပြိုင်ဘက်မှ ယှဉ်ပြိုင်ဘက် ရွှန်းမစ်ကနေ သည် ပေါ့သေးသေးမဟုတ်ပါ။

သမ္မတ မဲဆွယ်ပွဲကာလတစ်လျှောက် ရုပ်မြင်သံကြားမှတစ်ဆင့် တစ်ယောက်ချင်းပြောဆိုမဲဆွယ်ရာမှ ၊ နှစ်ယောက်မျက်နှာချင်းဆိုင်၍ အပြန်အလှန်ပြောဆိုကာ မဲဆွယ်ရသည့်အစီအစဉ်များကိုလည်း ကျော်ဖြတ်ရသည်။ ကမ္ဘာက ရင်တမမစောင့်ကြည့်နေကြစဉ် ၊ အိုဘားမားက ထပ်မံအနိုင်ရသည်။ နိုင်သူပြုံသည်မှာ ဘာမှမဆန်း။ လောကဓမ္မတာဖြစ်ပါသည်။
ရှုံးသူ ရွှန်းမစ်ကနေက အပြုံးမပျက် အရှုံးကို လက်ခံပြီး၊ နို်င်သူကို ၀မ်းမြောက်ချီးကျူးစကားပြောနိုင်တာကမှ ပိုပြီးတန်ဖိုးရှိပေသည်။ အနိုင်အရှုံးကို ဆုံးဖြတ်ပေးသည့် ပြည်သူကို လေးစားမှုပြခြင်းလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ယနေ့အချိုးကျစနစ်တောင်းလာခြင်း၊ ဘာသာရေးကို အကြောင်းပြ၍ လူမှုရေးကိစ္စများပေါ်လာခြင်းသည် လာတော့မည့် ၂၀၁၅ ရွေးကောက်ပွဲကို မီးနီပြနေသော အချက်များဟု ယူဆသူအများအပြားရှိနေကြပါသည်။ လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထုက အဘယ်မျှ သမ္မတဖြစ်နိုင်ခွင့်မရှိ။

နိုင်ငံရေးပါတီအချို့ကအချိုးကျစနစ်အကြောင်း ပြန်စလာချိန်၌ပင်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်တစ်ယောက်က တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက သမ္မတလုပ်ပြီးအစိုးရဖွဲ့မည်ဆိုလျှင် ကြိုဆိုကြောင်းပြောကြားသည်။ (The First weekly-12-5-2013 )
အလားတူပင် (၂၇-၅-၂၀၁၃)ရက်နေ့ထုတ် Express Times တွင် ဗေဒင်ပညာသုတေသီကိုစိုးမိုးထွန်းက မဟာဗေဒင်ဘုတ်အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေလိုကြောင်းရေးသားပြန်ပါသည်။

တွေ့ဆုံမေးမြန်းခန်းများတွင် မြန်မာပြည်သူများအတွက် အလုပ်လုပ်ပေးနိုင်ရန် သမ္မတလုပ်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းပြောသည်။ မြန်မာပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေလိုကြသည်။

၁၉၃၀ ပြည့်နှစ်ဝန်းကျင်မှစ၍ယနေ့ထိ မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော နို်င်ငံရေးခေါင်းဆောင်များအနက် လူထုအများစု၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုရသူ နှစ်ဦးသာရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းရင်ဆိုင်ခဲ့ရသည့် အနေအထားနှင့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အနေအထားကမတူညီကြ။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အခြေအနေက ပိုမိုသိမ်မွေ့ရှုပ်ထွေးပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရင်ဆိုင်ရသူက နိုင်ငံခြားသား အင်္ဂလိပ်နှင့် ဂျပန်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည်က မရရသည့်နည်းဖြင့် အာဏာနှင့်လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားသည့် မိမိလူမျိုးသွေးရင်းသားရင်းများ၊ ဗိုလ်ချုပ်အောင်ဆန်းရင်ဆိုင်နေရသည့် အင်္ဂလိပ်က ကမ္ဘာတွင် လူမျိုးကြီးသား အပီသဆုံးလူမျိုးဟူသော ဘ၀င်ရှိသဖြင့် ဥပဒေကိုလေးစားလိုက်နာသည့် အပိုင်းရှိနေသေးသည်။

၁၉၂၀ပြည့်နှစ် ကျောင်းသားသပိတ်ကိုဖြိုခွဲရာ၌ပင် နံပါတ်တုတ်လောက်သာ အသုံးပြုခွင့်ပေးခဲ့သည့် အင်္ဂလိပ်အစိုးရဖြစ်သည်။ စစ်အစိုးရအဆက်ဆက်ကား ဆူပူအုံကြွမှုမှန်သမျှကို ပစ်ခတ်သတ်ဖြတ်ခြင်းနည်းသုံး၍ ဖြေရှင်းသည်။

ဗိုလ်ချုပ်အောင်ဆန်းရင်ဆိုင်ခဲ့ရသူများက တိုင်းတစ်ပါးသားများဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည်က ကိုယ့်သွေးကိုယ့်သား မြန်မာများဖြစ်ကြသည်။ ထိုမြန်မာများက မွေးထားကျွေးထား၍ ကြွယ်ဝချမ်းသာလာသူများ၊ သူတို့နှင့်ပတ်သက်ရာ ပတ်သက်ကြောင်းများကလည်း ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်ရသူများသာဖြစ်သည်။

ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရတက်လာခါစက၊ အစိုးရသစ်အပေါ် စိတ်ဝင်စားသူနည်းပါးလှသည်။ မျက်လှည့်ပြပွဲကြီးသဖွယ် စောင့်ကြည့်ရုံ ကြည့်နေခဲ့ကြသည်။

မကြာမီသမ္မတသစ် ဦးသိန်းစိန်က တီဗွီမှန်သားပြင်ပေါ်၌ ပေါ်လာသည်။ လေသံပျော့ပျော့လေးနှင့် “မိဘပြည်သူများခင်ဗျား ”ဟု စတင်နှုတ်ဆက်လိုက်သောအခါ ၊ မြန်မာပြည်သူများ “ဟင်ခနဲ”“ဟာခနဲ” ဖြစ်သွားကြသည်။ စစ်ဗိုလ်ချုပ်ကြီးများပြောနေကြစကား “တပ်မတော်သည်သာအမိ တပ်မတော်သည်သာ အဖ” မဲပြာပုဆိုးကို ချက်ခြင်းအမှိုက်ပုံးထဲ ထည့်ပစ်လိုက်ပြီး “ ပြည်သူသာအမိ ပြည်သူသာအဖ”ဟု နေ့ချင်းညချင်း လေသံပြောင်းပစ်လိုက်သည်။ စစ်ဘောင်းဘီပူပူနွေးနွေးချွတ် သမ္မတအသစ်ကျပ်ချွတ် ဦးသိန်းစိန်ကို လက်ခုပ်တီးကြိုဆိုကြတော့သည်။

ထိုကာလများက ကျက်သရေခဏရှိခဲ့သည်။ ခပ်ပြုံးပြုံး လေပျော့ပျော့ သမ္မတဦးသိန်းစိန်အား သမ္မတကြီးဟု ချီးမြှင့်သံများကား ဧရာဝတီမြစ်ဆုံကို ခေတ္တရပ်ကြောင်းကြေညာချိန်တွင် မိုးယံထက်ရောက်သွားတော့သည်။ မြန်မာနိုင်ငံတွင် ပြောင်းလဲပြုပြင်ရမည့် အရာများစွာရှိနေသည်။

သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြောင့် နေ့ချင်းညချင်း ပြောင်းလဲခြင်းအကျိုးကို ခံစားရတော့မည်ဟု ယုံမှတ်ကြပြန်သည်။ သို့သော ထိုစဉ်ကပင် အများပြည်သူလူထု၏ ထောက်ခံမှုက ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် အပြတ်အသတ်သာလွန်ခဲ့သည်။

ဦးသိန်းစိန်အစိုး၇သည် ဒီမိုကရေစီဟု ဟစ်ကြွေးထားသဖြင့် မီဒီယာကို ဖြေလျော့ပေးရပြီး ၊ မီဒီယာကိုရှောင်လေ့ရှိသော စစ်ဗိုလ်ဟောင်းတဖြစ်လဲ လွှတ်တော်အမတ်များ၊ ၀န်ကြီးများသည် မီဒီယာနှင့်ရင်ဆိုင်ရတော့သည်။ စစ်ဗိုလ်ဟောင်းကြီးများ စကားငှားသုံးရလျှင် မီဒီယာတိုက်ပွဲတွင် ကျဆုံးသူများပေါ်လာကြသည်။ ဦးစွာပထမ ဦးအောင်သိန်းလင်း၊ နောက် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်။ လွှတ်တော်အမတ် ဦးလှဆွေ အစရှိသဖြင့် ကျဆုံးခဲ့ကြသည်။

မီဒီယာတိုက်ပွဲတွင် မနေ့တနေ့က လက်ရှိအချိန်တွင် နောက်ဆုံးတိုက်ပွဲကျခဲ့သူကား သမ္မတဦးသိန်းစိန်ဖြစ်ပါသည်။ မေ၁၈ မှ ၂၂ ထိ သွားရောက်ခဲ့သည့် သမ္မတကြီး၏ အမေရိကန်ခရီးစဉ်တွင် ဦးသိန်းစိန်၏ ပကတိရုပ်ကို မြန်မာပြည်သူတို့ မြင်တွေ့ခဲ့ကြရသည်။

ခေတ်နှင့်မဆီလျော်တော့သော မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် အမြဲပါဝင်ပတ်သက်နေမည်ဟု ပြောကြားခြင်းသည် လက်ရှိဦးသိန်းစိန်အစိုးရ၏ ၀ှက်ဖဲတစ်ချပ်ပေါ်သွားခြင်း ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မြန်မာ့တပ်မတော်သည် နိုင်ငံရေးတွင် မလွှဲသာ၍ ပါဝင်ရသော်လည်း လွတ်လပ်ရေးရပြီးပါက မြန်မာစစ်တပ်သည် နိုင်ငံရေးတွင် မပါဝင်ရဟု ဗိုလ်ချုပ်အောင်ဆန်း အကြိမ်ကြိမ်မိန့်ကြားခဲ့သည်။

ဗိုလ်ချုပ်ကိုယ်တိုင်ပင် တပ်မှထွက်မည်။ နိုင်ငံရေးမှထွက်မည်။စာရေးခြင်းဖြင့် အသက်မွေးမည်ဟုပြောကြားခဲ့သည်။

ဦးသိန်းစိန်ကား ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်၍၊ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားခေါင်းဆောင်လည်းဖြစ်၍ ၊ မြန်မာ့တပ်မတော်၏ ဖခင်လည်းဖြစ်၍ဟု ပြောကြားသွား၏ ။

အမျိုးသားခေါင်းဆောင်၊တပ်မတော်ဖခင်၏ စကားကို ဆန့် ကျင်လျက် စီးပွားရေးဆက်လက်လုပ်စားသွားမည့် တပ်မတော်၊ ကိုယ်ကျိုးဘယ်တော့မှ မစွန့် မည့်တပ်မတော်ဟု ဆွဲယူလျင်ရသောစကားမျိုးကို အမေရိကန်ခရီးစဉ်တွင် ဖွင့်ပြောခြင်းကား လွန်စွာဆိုးရွားလှပါသည်။ဦးသိန်းစိန်၏ နောက်ထပ်မျက်နှာဖုံးကွာကျမှုကား ၊ လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို မသိကြောင်း ဖော်ပြသော စကားများဖြစ်သည်။

မြန်မာများ မကြာခဏ ဆန္ဒပြနေသည်မှာ အလုပ်အကိုင်မရှိ၍ “တစ်နေ့ငွေသုံးထောင်ယူပြီး ဆန္ဒပြနေကြခြင်းဖြစ်သည်”ဟုပြောလိုက်ခြင်းသည် ဦးသန်းစိန်၏ အရည်အသွေးညံ့ဖျင်းမှု၊ ပြည်သူနှင့်ကင်းကွာမှု။ ပြည်သူ့ဘ၀ကို မသိရှိမှုများအား ဖော်ပြလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ အမေ၇ိကန်တွင် တွေ့ဆုံခဲ့သည့် ၂၀၁၂ အမေရိကန်ခရီးစဉ်မှအပြန် ၊ ဦးသိန်းစိန်ကို ကြိုမည့်သူများကို ကြိုဆိုရေးတာဝန်ယူထားသည့် ခရိုနီများက ကုမ္ပဏီများမှ ၀န်ထမ်းများအား ကားခသုံးထောင်ပေးလျှက်ကြိုခိုင်းရသည်။ကြိုသည့်နေ့တစ်ရက်ကိုလည်း အလုပ်တက်ကြောင်းပြပေးသည်ဟု ခရိုနီကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောဖူးပါသည်။

အဘယ်သမ္မတ အကြံပေး၊ သို့မဟုတ် အဘယ်အနားပြာတစ်ယောက်ယောက်ကများ သမ္မတကြီးအား သတင်းပြောင်းပြန်တွေ ပေးပို့ထားပါလိမ့်။ ဦးနေ၀င်းကစ၍ ဦးသိန်းစိန်ထိ ၊ ထိပ်တန်းရာထူးနေရာရပြီးသူအားလုံး စနည်းနာခြင်း၊ ပြည်သူနှင့်ထိတွေ့ခြင်းမရှိတော့။ ထိုအခါ အခြေအနေမှန်များကို မသိတော့။

ဗိုလ်ချုပ်ကြီးနေ၀င်း သက်ရှိထင်ရှားစဉ်က ဆီ၊ ဆန်၊ ငရုတ်တို့၏ ပြင်ပပေါက်ဈေးအမှန်ကို သိရန်ကြိုးစားတိုင်း ရှေ့မှ ကာဆီးလိမ်ညာသူတို့သည် ထိုအခါက ဦးနေ၀င်း၏ အနီးကပ်စစ်ဗိုလ်ကြီးများဖြစ်ကြသည်။ လိမ်ညာမှု ရာဇ၀င်များကို ကိုယ်တိုင်ကြုံခဲ့သူများ ယနေ့ထိ တစည ပါတီတွင်သက်ရှိထင်ရှားရှိနေကြသေးသည်။

ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းတွင် တိုင်းပြည်နှင့် လူမျိုးအရေးကို ဦးထိပ်ထားသူဖြစ်ရန် ပါဝင်သည်။ ပြည်သူ့ဘ၀အခြေနေမှန်ကို သိနေသူဖြစ်ရန်လိုသည်။ ထိုအချက်နှစ်ချက်စလုံး ဦးသိန်းစိန်တွင် ကင်းမဲ့နေသည်။ ဦးသိန်းစိန်သည် သူ့သမ္မတ သက်တမ်းကို ဤသို့ပင်လိမ်ဖယ်ဖယ်တီးပါလို့ ဒိုးပတ်ဝိုင်းဖြင့် ဆက်ချီတက်သွားမည်ဖြစ်ပါသည်။

လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသော မြန်မာနိုင်ငံ၏ ။အခင်းအကျင်းများ၊ မြန်မာပြည်သူများ မျက်ခြေမပြတ်ရန်လိုပါသည်။ မိမိစိတ်ချယုံကြည်သော မိမိအားကိုးသောခေါင်းဆောင်ကို နိုင်ငံ့ခေါင်းဆောင်နေရာ ရစေရန် မြန်မာပြည်သူတိုင်းတွင် တာဝန်ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်း အလွန်ကာလ ယနေ့ထိ ကမ္ဘာက လက်ခံသည့် လူထုခေါင်းဆောင်မည်သူနည်း။ ထိုခေါင်းဆောင်၏အရည်အချင်းများက ဘယ်ပုံဘယ်နည်းရှိသနည်း။ ခေါင်းဆောင်မှန်ခေါင်းဆောင်ကောင်း ဦးဆောင်သောပါတီသည် အခြားပါတီများထက်တော့ နှာတစ်ဖျားသာပေလိမ့်မည်။

မြန်မာတို့ ဒုက္ခဘက်စုံ ရွှံနွံတွင်းမှလွတ်ရန် ခေါင်းဆောင်ကောင်းလိုသည်။ မြန်မာတို့ ဒုက္ခဘက်စုံ

ရွှံနွံတွင်းမှလွတ်ရန်ရုန်းထကြရတော့မည်။ ။

by Myat Thi Ha (Notes) on Sunday, June 2, 2013 at 11:51pm
 
photo  tun wai 

1 comment:

  1. ဒေါ် အောင် ဆန်း နာမည် နဲ့  လုပ် ရပ်နဲ့ လမိုင်းမကပ်ဘူး

    ReplyDelete