Monday 10 June 2013

ဒေါမပွဖို့ ပြောပြရင် ရင်ကွဲနာကျမဲ့ ဘ၀ဇာတ်မှာ.......( အောင်ခိုင်မြင့် )


အတွေးအခေါ်ဟောင်းများ ခေါင်းပေါင်း တလူလူ အထက်ကောင်းကင်မှာ
အရေးပေါ် ဆေးသောက်မှားတဲ့ အတ္တများ အခါခါ မြိုချ
ဘေးချော် မြစ်ကမ်းပါးများလို အတွေး ဖောက်ပြားတဲ့ ဒဿနများ မကြာကြာ ပြိုကျခဲ့တယ်..။

မငြိမ်မသက် အိမ်မက်တွေ အလည်လွန်တုန်းက
တပြားမတန်အောင် အသံပျော့နဲ့ အခွင့်အရေး မရှိတဲ့ အခြေအနေမှာ
အားမတန်လို့  မာန်လျော့တဲ့ အရိုးပေါ် အရေတင် တောင်တန်းများရှိခဲ့တယ်..။

အထူအပါး နားမလည်ခဲ့ ရက်စွဲများ
လှုပ်လို့ မြုပ်တာလား မလှုပ်လို့ မြုပ်တာလား
အဖြေမရှိတဲ့ ပု စ္ဆာများထဲ ဘ၀ပျက်ပုံက
သိမ်းဆည်းခံ အနာဂတ် လယ်မှာ အမှားကို နွားလိုထွန်ယက်ကြတယ်..။

နေလို လလို ကောင်းကင်မှာ ကျင့်ရင်
စိန်လို မြလို မြေပြင်မှာ အရောင်တောက်ပနိုင်ပေမဲ့
အမှားများ အထပ်ထပ်ကြုံဖြစ်လို့ 
အသားများ တဆတ်ဆတ် တုန်တဲ့ မြစ်များ
အကြောင်းကံမလှလို့ ဆန္ဒပြတာ အခကြေးငွေမရတာသိတဲ့ ကပ်ဖား
ကောင်းစားဖို့ ဆို ကမ္ဘာပတ် တောင်းစားရဲတဲ့ ဖြတ်စား
သမာသမတ်ရှိရှိ သမတ္တတစ်ယောက်တော့ ပြတ်ပြတ်သားသား အလိုရှိတယ်..။

တစ်နေကုန် မျက်လုံးထဲ ဖုန်မှုန့် ဝင်တဲ့အခါ
တော်ယုံတန်ယုံ မဟုတ် ဖုန်ကို သုတ်သင် ရှင်းလင်းရမဲ့အစား
အမှန်မြင်မဲ့ မျက်လုံးအစုံကို ဖောက်ထုတ်ခဲ့တယ်..
လူတွေ ပြေးပြေးနေတဲ့ ရွာထဲ သူပုန်ဝင်တဲ့ အခါ
လူစုံ သူပုန်နဲ့ ငြိမ်းချမ်းရေးစကား စေ့စပ် ညှိနှိုင်းရမဲ့ အစား
အပူသယ် အပြစ်မဲ့ ရွာကို မီးပုံရှို့ ခဲ့တယ်..။

အတွေးများ နောက်ကြောင်း ပြန်လှည့်တွေးရင်
စိတ်ဓာတ်နဲ့ စီးပွားရေး အပြိုင်ကျတဲ့ မြို့ ပြမှာ
တစ်ဖက်နဲ့ တစ်ဖက် စကားမပြောသော တိုက်ပွဲများရှိခဲ့တယ်....
ငှက်ဖျားနဲ့ ငတ်မွတ်ခေါင်းပါးခြင်းများ လက်နက်ကိုင်ပြီး
ဒေါသကို စွန်ကြိုးလို ရစ်ဘီးမှာ ပြန်ပြန်ရစ် ၊
ပြောပြရင် အလွန်ဆိုး ရင်ကွဲနာကျမဲ့ ဘ၀ဇာတ်မှာ
ငြိမ်းချမ်းရေးကို တောထဲတောင်ထဲ ဘယ်သူအသေသတ်ခဲ့လဲ..။

မယုံ သင်္ကာံစိတ်တွေကို အတိတ်မှာ ထည်လဲ ၀တ်ဆင်ရင်း
နာမည်ပျက်စာရင်းထဲက ထွက်လာတဲ့ မာန်နတ်များ ခြေစွမ်းပြတော့
အောင်ပွဲအတု တွေမှာ ၊ အလံများ လေထဲ ချော်လဲ ရောထိုင်ခဲ့တယ်..။

အောင်ခိုင်မြင့်
၁၀ ဇွန်လ ၂၀၁၃
 

No comments:

Post a Comment