Thursday 27 June 2013

ဆရာတော်ဘုရားကြီးများ၏ ဆိုဆုံးမခဲ့သော တရားစကားများ..





နေ့စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်း သဘော ရှိသည်ဖြစ်၏။ အိုခြင်း သဘော တရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်း သဘော ရှိသည်ဖြစ်၏။ နာခြင်း သဘော တရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်း သဘော ရှိသည်ဖြစ်၏။ သေခြင်း သဘော တရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုး ရှိသည်၊ ကံသာလျင် ကိုးကွယ် လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်း ဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
စွန်းလွန်း ဆရာတော်ဘုရားကြီး
“ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။ ထိမှု၊ သိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊ မသိတာထက် မသိချင်တာ ပိုခက်တယ်၊ မသိလျှင် သိအောင်လုပ်ပါ။ မသိဘဲနဲ့ လက်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ စိတ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။ အရိယာတွေဖြစ်ဖို့ အများကြီး ကျန်သေးတယ်။”


ကျေးဇူးတော်အရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး
အရှိနှင့်အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ၊ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ၊ ရှေ့နာမ်ကို နောက်ဉာဏ်နဲ့ ရှုတာ ၀ိပဿနာ၊ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ၊ ရှေ့ကဖြစ်ပျက်ကို နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ၊ အသေကို အရှင်ကကြည့်တာ ၀ိပဿနာ။




ရွှေဥမင်ဆရာတော် ဘုရားကြီး


၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့ စိုက်မရှုနဲ့၊ ထိန်းမရှုနဲ့၊ လုပ်မရှုနဲ့၊ ချုပ်မရှုနဲ့၊ ၂။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း မလုပ်နဲ့၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ်။ ၃။ ဖြစ်အောင်လုပ်ရင် လောဘ၊ ပျက်အောင်လုပ်ရင် ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။

အရှင်သီလာနန္ဒာဘိဝံသ
*****************************************

သီတဂူဆရာတော် ဘုရားကြီး




ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊ ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊ ဒို့ ပြည့်ရွာကို၊ သာယာစေမှု၊ လုလ္လပြုအံ့။


*****************************************

ဖားအောက်တောရ ဆရာတော် ဘုရားကြီး


အရှင်ဝီရိယ (ဓမ္မဘေရီ-တောင်စွန်း)

အသိနဲ့ ကိုယ်ကျင့်တရား ပြည့်စုံပြီး ကျေနပ်နေကြတာက “ဓမ္မပီတိ”၊ အသိနဲ့ ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ကျေနပ်နေကြတာက “အဓမ္မပီတိ”။


ရွှေမင်းဝံဆရာတော်


အရှင်ဝါသေဋ္ဌာ ဘိဝံသ (ကျောက်တလုံး ဆရာတော်)

ရွှေစစ်, မစစ်ကို ငရဲမီးနှင့် မှတ်ကျောက် တင်ရသည်၊ သူတော်ကောင်း ဟုတ်, မဟုတ်ကို လောကဓံနှင့် မှတ်ကျောက် တင်ရသည်။

အရှင်ကောဝိဒ(မြိတ်)


"ဘဝတစ်ခုရဲ့ အရေးကြီးဆုံး အချိန်ဟာ ဘဝနေဝင်ချိန် (သေဆုံးခါနီး)ပဲလို့ လူတိုင်း သိနေပေမယ့် အမှန်တကယ်တော့ ယခု သင်စာဖတ်နေတဲ့ ဖြစ်ဆဲခဏ အချိန်လေးသာ သင့်ဘဝရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်..."

ဆရာတော် ဦးဇောတိက


သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။


ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။


ဓမ္မစေတီဆရာတော် ဘုန်းဘုန်းဦးကောသလ္လ

ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို ပြောပြခြင်း၊ ကိုယ်တိုင်ရွတ်ဖတ်ခြင်း၊ စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊ တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊ ပညာရှိတို့ထံ မေးမြန်းခြင်းဖြင့် ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။


အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)

ကုသိုလ်ကောင်းမှုဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်၊ ကုသိုလ်မှန်သမျှကို သတိက ပိုင်တယ်၊ သတိကို သူတော်ကောင်းက ပိုင်တယ်။

အရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်)
လွတ်ရာလမ်းကိုရှာနေ၊ လည်ရာလမ်းကို မလျှောက်နဲ့ သံသရာမှာ ဆင်းရဲရှည်ရှည်နဲ့ တွေ့မယ်။ လမ်းမှန်ညွှန်ပြသည့် တရားတွေ၊ ဓမ္မစာပေတွေ များများနာယူ၊ များများဖတ်ပါ။ ဒါမှ အသိဥာဏ်တွေ ရင့်လာ ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဧကန်မုချ ရကြမည်။



ဓမ္မဒူတ အရှင်ပညိဿရ


အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ)
ပညာမဲ့သည် မိမိခန္ဓာကိုယ်ကို ကာမဂုဏ်အတွက် အသုံးချ၍ အပယ်သို့ သွားသည်၊ ပညာရှိသည် မိမိခန္ဓာကိုယ်ကို တရားရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။



အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

သူရဲကောင်းဆိုတာ ကိလေသာဖြစ်မယ့် ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။


အရှင်သာဓိန

ဟောဒီ ခုရောက်ရှိနေတဲ့ဘ၀လေးဟာ တကယ်ဆိုတော့ လမ်းဆုံလေး တစ်ခုပဲ၊ လမ်းဆုံဆိုတာ ဘယ်အရပ်ကိုပဲသွားချင်သွားချင် သွားလို့ရတဲ့နေရာပဲ၊ ဒါပေမယ့် အဲဒီလမ်းဆုံမှာ လမ်းမှားတွေလည်း ရှိနေတယ်၊ လမ်းမှန်ကလည်း အတိအကျရှိနေပြန်ရော၊ ဒီတော့ လမ်းမှန်ကိုသာ တည့်တည့်လျှောက်ပါ၊ လမ်းမသိရင် လမ်းဆုံမှာ မေးစရာလူတွေရှိတယ်၊ ဗုဒ္ဓစာပေတွေရှိတယ်၊ သိကြားတတ်မြောက် လိမ်မာသူတွေရှိတယ်၊ ဖတ်ပါ၊ မေးပါ၊ လိုရာခရီးကို လွယ်ကူစွာ ရောက်ပါလိမ့်မည်... ဘုန်းဘုန်းဦးသာဓိန (ခေတ္တ-ဘုံဘေတက္ကသိုလ်)

အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။







အရှင်ရေ၀တ(ဖားအောက်တောရ)

အမြဲမပြတ် ကိလေသာမီး တညီးညီး တောက်လောင်နေပါလျက် အဘယ်ကြောင့် သင်တို့ ပျော်မြူးရယ်ရွှင် နေဘိသနည်း၊ အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း။

အရှင်ဝိစိတ္တ

လောကသားတိုင်း လိုက်နာ ကျင့်ဆောင်သင့်တဲ့ ၀တ်နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက ဓမ္မ၀တ်ပါ။ လောက၀တ်ဆိုတာ လောကကြောင်းအရ သတ်မှတ်ထားတဲ့ မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို ဆိုပါတယ်။ ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလ သမာဓိ ပညာ ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။ ဒီတော့ကာ လောက၀တ်ကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ ဒါကြောင့် အတိုချုပ် ပြောရရင် …လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့… ဆိုတာပါပဲကွယ်…။



အရှင်နာယကာ လင်္ကာရ

ကိုယ်ဖြစ်ကိုယ်ခံလောကကြီးထဲမှာ ဘယ်သူမှ မကယ်နိုင်ဘူး။ မသေခင်မှာ ကောင်းကောင်းနေကြ။



အရှင်ဥတ္တမသာရ

ကိုယ်လုပ်စရာရှိတာ အစွမ်းကုန်လုပ်၊ မမျှော်နဲ့၊ မပူနဲ့။ မျှော်ရင်၊ ပူရင် ဒုက္ခရောက်မယ်။

********************************

အရှင်ဝိဇ္ဇောတ

နေပူထဲကလေဟာ အေးမြတယ်လို့ ထင်ရပေမယ့် အပူငွေ့တွေ ပါနေတယ်...

***********************************
ဆရာသခင် ကျေးဇူးရှင်အား ကြည်လင်မြတ်နိုး ရှိခိုးပါ၏

ခန္ဓာကို ကြည့်ကြတဲ့အခါ....ဖောက်ပြန်အရှိနှင့် အရူးသိ၊ တကယ့်အရှိနှင့် အမှန်သိဟု နှစ်မျိုးရှိ။ အထည်မပါ သဘော သာ တွေ့က ဒါသည် တကယ့်အရှိနှင့် အမှန်သိ။ သဘောမပါ ကျန်တာတွေ့က ဒါသည် ဖောက်ပြန်အရှိနှင့် အရူးသိ။ ဒီအသိနှစ်မျိုးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းသိအောင်၊ ပိုင်းခြားသိအောင် ဝိပဿနာအားထုတ်ခြင်းဖြစ်၏။

ကိုထွန်းဝေ
စုဆောင်းဖော်ပြလိုက်ပါတယ်
လေးစားစွာ ပြန်လည်မျှဝေပါတယ်။
27.6.2013

No comments:

Post a Comment