Wednesday 12 June 2013

သမ္မတဖြစ်ချင်သူ


(သီတဂူစတား စာတိုပေတို)

စာမိတ်ဆက်
သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အသံ အခုတလော မကြာခဏ၊ တစ်ယောက်မက ပြောနေကြသည်ကို ကြားနေရသည်၊ စိတ်မကောင်းစရာက ထိုအသံအောက်မှာ တုန့်ပြန်သံတွေက ဝေဖန်သံထက် နားမခံသာအောင် ပုတ်ခက်ပြောဆို၊ ဆဲရေးသည့် စကားတွေသံပဲဖြစ်သည်။ ဝေဖန်တာ ကောင်းပေမဲ့၊ ကိုယ့်အဖိုး၊ ကိုယ့်အဖွား၊ ကိုယ့်အဖေ၊ ကိုယ့်အမေ အရွယ်လောက်ရှိတဲ့သူကို ဆဲတာ၊ ပုပ်ခက်တာတော့ မြန်မာ့သားကောင်းသမီးကောင်း မပီသပါဘူး၊ ကာယကံ၊ ၀စီကံ၊ မနောကံ အပြစ်ကြီးလှသည်။



ထိုအဖြစ်တွေကို မဖြစ်စေလို၍လည်းကောင်း၊ အလားတူ သမ္မတဘာ့ကြောင့်ဖြစ်ချင်သလဲ၊ ဘယ်သူတွေ သမ္မတဖြစ်ချင်ကြသလဲ ဆိုတဲ့အတွေးကိုလည်းကောင်း မြတ်ဗုဒ္ဓဟောခဲ့သည့် သုတ္တန်တစ်ခုကို သတိရမိသဖြင့် ဤစာတိုပေတိုလေး ရေးဖြစ်သွားသည်။ နိုင်ငံရေးပညာတတ်၍လည်း မဟုတ်၊ နိုင်ငံရေးဝါသနာပါ၍လည်း မဟုတ်၊ သို့သော် သတင်းမှန်သမျှကိုတော့ အကုန်ဖတ်သည်။

မြတ်ဗုဒ္ဓက အာသံသသုတ်ကို ရဟန္တာ ဖြစ်ချင်သူ ဖြစ်ထိုက်သူနဲ့ ဆက်စပ်ပြီး သမ္မတဖြစ်ချင်သူ၊ဖြစ်ထိုက်သူများကို နိုင်းယှဉ်၍ဟောထားခြင်းဖြစ်သည်။ သို့သော် လူတွေက သမ္မတဖြစ်ချင်တယ်ဆိုတဲ့အသံကို တော်တော် စိတ်ဝင်တစား ဖတ်ကြသည်၊ နားထောင်ကြသည်၊ ဝေဖန်ကြသည်၊ အော်ကြသည်။ ထို့ကြောင့် သမ္မတဖြစ်ချင်သူဆိုတာလေးကိုပဲ ကွက်ပြီး ဖော်ပြလိုက်ပါသည်။

လူသုံးယောက်နှင့်သမ္မတ
သမ္မတဟူသည် သမုတိတို့မှ ဆင်းသက်သော ပါဠိစကားလုံးကိုသမ္မတဟု၍လဲ မြန်မာမှုပြုထားသည်၊ ပြည်သူများက ယုံကြည်အားကိုးထိုက်ပြီး တရားမျှတစွာ အခက်အခဲပြဿနာများကို ဖြေရှင်းပေးနိုင်သူကို ခေါင်းဆောင်အဖြစ် သမုတ် (သမုတိ-သမ္မတ) ထားသောကြောင့်သမ္မတဟု ခေါ်သည်။ ထိုအရည်အချင်းနှင့်ပြည့်စုံသူကို ပြည်သူတွေကပဲ ရှာဖွေကာ တိုင်းပြည်ရပ်ရွာများရဲ့ အခက်အခဲများကို မျှမျှတတဖြေရှင်းပေးရန် တောင်းပန်ကြသည်။ ဤသို့အား သမ္မတဆိုတာ ကမ္ဘာဦး လူသားတွေ စပေါ်လာကထဲက ပေါ်ပေါက်လာသည်။ စာရေးသူဆိုက် “လူသားအစ” ပို့စ်တွင်လူသားတွေ၊ သမ္မတ၊ ကျား+မ စသည်တို့ပေါ်ပေါက်လာပုံကို ဖော်ပြခဲ့သည်။ http://www.sitagustar2020.net/2011/09/blog-post_06.html

(က) သမ္မတ ဖြစ်ချင်တဲ့အာသာ ရှိတယ်ဆိုကထဲက သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စွမ်းရည် ရှိနေလို့ပဲဖြစ်ပါတယ်။ ကိုယ်ရည် ကိုယ်သွေး၊ အစွမ်းအစရှိပြီး သမ္မတဖြစ်ချင်သော အာသာရှိသူကို အာသံသ ပုဂ္ဂိုလ်ဟုခေါ်သည်။ ကိုယ်ကိုယ်တိုင်ကရော တခြားသူကပါ ယုံကြည်လောက်တဲ့ အရည်အချင်း ရှိသူတိုင်း၊ သို့မဟုတ်ခေါင်းဆောင်ဖြစ်ရန် ကြိုးစားသူတိုင်းက သမ္မတဖြစ်ချင်ကြသည်၊ တိုင်းပြည်ခေါင်းဆောင် ဖြစ်ချင်ကြသည်။(အာသံသ)

(ခ) ကိုယ့်ကိုယ်ကိုယုံကြည်နိုင်လောက်တဲ့ သတ္တိ ဗျတ္တိမှ မရှိတာ ဘယ်လိုလုပ်ပြီး သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အာသာ၊ ဆန္ဒရှိမလဲ။ မုဆိုးတံငါ၊ ပညာမဲ့ လူတန်းစား၊ ရုပ်ဆိုးအကျည်းတန်လွန်သူများ၊ နေ့မှန်အောင်တောင်မစားနိုင်တဲ့ ယာစက တွေကို သွားမေးကြည့်ပါ၊ ခင်များ သမ္မတဖြစ်ချင်တဲ့ အာသာရှိနေလားလို့၊ ကိုယ့်ကိုယ်ကို ယုံကြည်လောက်တဲ့ အရည်အချင်း သူ့မှာ မရှိလို့ သမ္မတဖြစ်ချင်တဲ့စိတ် အိပ်မက်ထဲတောင်မမက်ခဲ့ပါဘူးလို့ ဖြေပါလိမ့်မည်၊ သူ့ရဲ့အဖြေသည် အမှန်ကို ဖြေကြားသဖြင့် ရိုးသားသောအဖြေဖြစ်ပါသည်။ ကိုယ်ရည် ကိုယ်သွေး၊ အစွမ်းအစ မရှိ၍သမ္မတဖြစ်ချင်သော အာသာ မရှိသူကို နိရာသပုဂ္ဂိုလ်ဟုခေါ်သည်။ (နိရာသ)

(ဂ) ခင်များကောသမ္မတဖြစ်ချင်လားလို့ “သမ္မတ ဖြစ်နေဆဲသူကို သွားမေးကြည့်”၊ ဘယ်လိုဖြေမလဲ ထင်လဲ။ စာထဲမှာတော့ဘိသိတ်မြှောက်ပြီး ဘုရင်ဟာ သူများနိုင်ငံမှာ ဘယ်သူကတော့ ဘုရင် ဘိသိက်သွန်းပြီး မင်းမြှောက်နေလေရဲ့၊ ငါလဲပဲ ဘုရင်ဖြစ်ဖို့ ဘိသိက်မြှောက်ခံလိုတယ်ဆိုတဲ့ စိတ်၊ အာသာ၊ ဆန္ဒတွေ သူ့မှာ လုံးဝမရှိတော့ဘူး၊သူဟာ ဘိသိက်မြှောက်ခံပြီး ဘုရင်ဖြစ်နေပြီး ဖြစ်၍ အာသာဆန္ဒ ငြိမ်းနေပြီးဖြစ်သောကြောင့်တည်း။ လက်ရှိဘ၀မှာ သမ္မတဖြစ်နေဆဲမို့ သမ္မတဖြစ်ချင်တဲ့ အာသာ ငြိမ်းပြီး ဖြစ်သော သူကို ၀ိဂတာသပုဂ္ဂိုလ်ဟု ခေါ်သည်။ (၀ိဂတာသ)


(အဲဒီခေတ်ကဘုရင်စနစ်ဖြစ်နေတာကိုး။ ယခုလို ၄ နှစ်တစ်ကြိမ် ပြည်သူရဲ့ ဆန္ဒမဲဖြင့် ဘုရင် သို့မဟုတ်သမ္မတ ဖြစ်ရမည်ဆိုရင် အဲဒီခေတ်က နံပါတ် (ဂ) ၀ိဂတာသ ဆိုတာ ရှိမည် မထင်။ ဖြစ်နေခိုက်ကိုသာရည်ရွယ်ပြီးဆိုလိုသဖြင့် ဒီကနေ့ခေတ်လဲ ၀ိဂတာသပုဂ္ဂိုလ် ရှိပါသည်။ သို့သော်လည်း ဒီမိုကရေစီစနစ်အရနောက်တစ်ကြိမ် သမ္မတဖြစ်ဖို့ကိုတော့ အာသာရှိနေရကား နံပါတ် (က)အာသံသပုဂ္ဂိုလ် အမျိုးစားထဲလဲပါဝင်မည်။

လူတိုင်း သမ္မတဖြစ်ခွင့် ပြောဆိုနိုင်
စာပေမှာကိုက“လူ့လောကမှာ ဒီလိုပုဂ္ဂိုလ်သုံးယောက်ရှိတယ်လို့” ပြဆိုထားတာဆိုတော့ကား ပြောနိုင်တဲ့သူက သမ္မတဖြစ်ချင်တယ်လိုပဲ ပြောပြော၊ ပြောရဲတဲ့ သတ္တိမရှိလို့ မပြောရဲဘဲ နေနေ၊ ဘယ်သူ့ကိုမှဝေဖန် ပုတ်ခက်စရာမလိုပါဘူးလို့ ယူဆရပါသည်။ လူတိုင်းမှာ အခွင့်ရေးရှိသည်၊ ကိုယ်လဲ ပြောနိုင်တဲ့သတ္တိ ဗျတ္တိ၊ အစွမ်းအစရှိတယ်လို့ ယုံကြည်နေရင် ပြောနိုင်ပါသည်။ ဘယ်ပုဂ္ဂိုလ်ကမှ “ခင်များကဘယ်လို သူက ဘယ်ညာ” ဆိုပြီး သွားပုပ်လေလွင့်၊ အမနာပတွေနဲ့ ပြောစရာ မလိုပါ။

ဒီမိုကရေစီခေတ်လူတိုင်းမှာ အခွင့်ရေးရှိတယ်ဆိုပေမဲ့ နံပါတ် (ခ)လို လူမျိုးက ရူးတူးတူးပေါတောတောနဲ့ သမ္မတဖြစ်ချင်တယ်လို့ ပြောမယ်ဆိုရင်တော့ ဆွမ်းကြီး ၀ိုင်းလောင်းခံရမှာ အသေချာပင်ဖြစ်သည်၊(ဆဲသံ ဆိုသံတွေ ညံလို့နေမည်)။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ၊ အစွမ်းအစ၊ အရည်အချင်းရှိပါသလား၊ ကိုယ်ကိုယ်တိုင်က မရှိဘဲ သူများကို သွားဝေဖန်နေလျှင် အဝေဖန်ခံရသူမှာ လူမိုက်၊ သို့မဟုတ် စိတ်မနံ့သူရဲ့ ချီးမွမ်းခံရသလို အောင့်သက်သက်သာဖြစ်မည်၊ ကဲ့ရဲ့ခံ၊ ဆဲဆိုခံရပါကလည်း ရွှေခြင်္သေ့ ချီးလူးဝက် ၀င်တိုက်ခံရသလိုဖြစ်မည်။

ဝေဖန်ချင်သူများဆဲဆိုလိုသူများ သတိပြုရန်အတွက် “ကိုယ့်ကိုယ်ကို ချီးလူးဝက်လဲ မဖြစ်စေကြပါနဲ့၊ လူမိုက်လဲမဖြစ်ချင်ကြပါနဲ့၊ ရူးနေသူလည်း အဖြစ်မခံကြပါနဲ့လို့” ဤအာသံသ သုတ္တန်ရဲ့ အဓိပ္ပါယ်ကိုဤကဲ့သို့ ဖွင့်ဆိုလိုက်ပါသည်။

“တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။”   (မဃဒေ၀လင်္ကာ)

လောကဓံထဲက ကဲ့ရဲ့ရှုံ့ချခြင်း
လောကလူသားတွေက ခက်တော့ ခက်သားပဲ၊ လောကမှာ အကဲ့ရဲ့ မခံရတဲ့သူမရှိဟု ဆိုထားသည်၊ (နတ္ထိ လောကေ အနိန္ဒိတော)။ နေမင်းကြီး သူ့ဘာသာနေတာကိုနေပူလို့ဆိုပြီး ကဲ့ရဲ့ကြသည်၊ ညအခါ လမင်းကြီး သူဘာသာ လင်းထိန်နေသည်ကို အမှောင်လောကသားတွေက “ဒီနေ့ကျမှ ဒီလ သာနေလိုက်တာ”ဟု ကဲ့ရဲ့ပြန်သည်။ မပြောဘဲ ငြိမ်နေရင်လဲ မပြောလို့ဆိုပြီး ကဲ့ရဲ့ကြပြန်သည်၊ ပြောဆိုလို့ အမှန်ကို ပြောပြန်တော့လဲ ကဲ့ရဲ့ပြန်သည်။ ကိုယ့်အိမ်ထဲ အေးအေးလူလူ အနားယူနေသူကိုတောင် အလွတ်မပေး၊ ကုတ်ကမြင်းတဲ့။

 လောကဥသျှောင် မြတ်ဗုဒ္ဓသည်ပင် အကဲ့ရဲ့ခံမလွတ်၊ ထိုသို့သောချီးမွမ်းခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့ကို ကျော်လွှားနိုင်သောကြောင့်ပင် ပိုပြီးပေါ်လွင်ခဲ့သည်။ မြတ်ဗုဒ္ဓကို တိုက်ခိုက်ကြသော အတွင်းလူ အရှင်ဒေ၀ဒတ်၊ အပြင်လူ ၀ါဒကွဲဖြစ်သော တိတ္ထိဆရာကြီးများနှင့် သူတို့၏ တပည့်များစသော အတိုက်ခံတို့ကြောင့်လည်း မြတ်ဗုဒ္ဓဂုဏ်တော်၊ ကံတော်၊ ဥာဏ်တော်တို့သည် ပို၍ပို၍ပင် ထင်ပေါ်လာခဲ့သည်။ မြတ်ဗုဒ္ဓသည် တခါတရံ သူ့ကို သေကြောင်း ကြံစီတဲ့အထိ လုပ်ကြံသူများနှင့်ကြုံခဲ့ဖူးသည်။

ထို့ကြောင့် မြတ်ဗုဒ္ဓသော်မှ အကဲ့ရဲ့ခံမလွတ်သော လောကကြီးထဲမှာ ကဲ့ရဲ့ ရှုံ့ချတာကိုလဲ မမှုနဲ့၊ ချီးမွမ်းတာကိုလဲ မမြှောက်နဲ့။ နောက်ဆုံးတော့ ထိုအရာအားလုံးသည် ကိုယ့်ရဲ့ လုပ်ရည်၊ စွမ်းရည်၊ သတ္တိ၊ ဗျတ္တိ၊ သစ္စာ၊ မေတ္တာတရားတို့အောက်မှ ပြားပြားဝပ်ဆင်းသွားရတော့သည်သာ။

မှတ်ချက်။   ။ အင်္ဂုတ္တရနိကာယ်၊ အာသံသသုတ်အရ လောကမှာ နိရာသ၊ အာသံသ၊၀ိဂတာသ ဆိုတဲ့ ပုဂ္ဂိုလ် သုံးယောက်အကြောင်းကို ကိုးကားဖွင့်ဆိုသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၆-၂၀၁၃
မူရင်း http://www.sitagustar2020.net/2013/06/blog-post_12.html
ပြန်လည်မျှဝေပါတယ်။
12.6.2013

No comments:

Post a Comment