Wednesday 26 June 2013

နိုဘယ်ဆုသမိုင်း



သန်းဝင်းလှိုင်
ဇွန် ၂၆၊ ၂၀၁၃



ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ စာပေပညာရှင်များ နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သော ဆုများတွင် `နိုဘယ်ဆု´ မှာ အထင်ရှားဆုံးနှင့် သြဇာတိက္ကမ အကြီးဆုံးဖြစ်သည်။ နိုဘယ်ဆု ကျော်ကြားရခြင်းမှာ မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးအတွက် ကွက်ကွက်လေးသာမက ကမ္ဘာ့နိုင်ငံအသီးသီး၏ လူ့လောကကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ချီးမြှင့်ခြင်း၊ ငွေကြေးပမာဏအားဖြင့် များပြားလှခြင်း၊ ဂုဏ်သိက္ခာနှင့် သြဇာကြီးမားခြင်း၊ နေ့ချင်းညချင်းကမ္ဘာသိ ပုဂ္ဂိုလ်ဖြစ်ခဲ့ရခြင်း၊ နိုင်ငံရေးသဘောမဆောင်ခြင်းနှင့် မည်သည့်အာဏာပိုင်အစိုးရအဖွဲ့၏ ဝေဖန်စောကြောပံ့ပိုးခြင်းများကိုမျှ မလိုက်လျောခြင်းတို့ကြောင့်ပင် ဖြစ်သည်။


● နိုဘယ်ဆုဆိုသည်မှာ
နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ အဲဖရက်ဘန်းဟပ်နိုဘယ် (Alfred Bernhard Nobel) (၁၈၃၃-၁၈၉၆) ဆုသူက စီစဉ်ထားရစ်ခဲ့သော ရန်ပုံငွေကို အခြေခံ၍ ပေးသောဆုဖြစ်သည်။ နိုဘယ်ဆုကို ဘာသာရပ်အမျိုးအစားအားဖြင့် ရူပဗေဒဆိုင်ရာဆု၊ ဓာတုဗေဒဆိုင်ရာဆု၊ ဆေးသိပ္ပံဆိုင်ရာဆု၊ စာပေဆိုင်ရာဆုနှင့် ငြိမ်းချမ်းရေးဆိုင်ရာဆုဟူ၍ မူလက ငါးမျိုးခွဲခြားထားသည်။ ထို့နောက် သက်ဆိုင်ရာတို့၏ တာဝန်ပေးချက်အရ ဆွီဒင်ဘဏ်က တာဝန်ယူ၍ စီးပွားရေးဆိုင်ရာဆုကို ၁၉၆၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ချီးမြှင့်ခဲ့လေသည်။

● နိုဘယ်ဆုကိုတီထွင်ခဲ့သူ
နိုဘယ်ဆုကို တီထွင်ပြဋ္ဌာန်းခဲ့သော အဲဖရက်ဘန်းဟပ်နိုဘယ်ကို ၁၈၃၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အဖ အင်မင်နယူရယ်နိုဘယ် (Immanuel Nobel) နှင့် မိခင် အင်ဒရစ်ကာနိုဘယ် (Andrielta Nobel) တို့မှ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူသည် သိပ္ပံသုတေသီတစ်ဦးဖြစ်ပြီး မိခင်သည် စာပေ၀ါသနာရှင်ဖြစ်သည်။



နိုဘယ်သည် ငယ်စဉ်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ပညာသင်ကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ သွားရောက်၍ နာမည်ကျော် အင်ဂျင်နီယာကြီး `ဂျွန်အီရက်စ်ဆန်´ (John Ericsson) ထံ၌ အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားခဲ့သည်။

ထို့နောက် စိန့်ပီတာစဘတ်မြို့သို့ ပြန်လာကာ မိမိဖခင်၏ လုပ်ငန်းများကို ကူညီရင်း နိုက်ထရိုဂလစ်ဆရင်း (Nitroglycerine) ခေါ် နိုက်ထရိုအက်ဆစ်နှင့် ဆာလဖျူရစ်အက်ဆစ်ပါဝင်သော ပေါက်ကွဲမှုပြင်းထန်စေတတ်သည့် ဓာတုဗေဒပစ္စည်းကို စမ်းသပ်လုပ်ကိုင်ကြည့်ရာ အောင်မြင်ခဲ့သဖြင့် ပထမဆုံး နိုက်ထရိုဂလစ်ဆရင်းထုတ်လုပ်သော စက်ရုံတစ်ခုကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့နားရှိ ဟဲလင်းဘော့ခ်ျ (Heleneborg) ဒေသ၌ တည်ထောင်ခဲ့သည်။

သို့သော်လည်း မျှော်လင့်သည့်အတိုင်း ဘေးကင်းစွာအသုံးမပြုနိုင်ဘဲ ပေါက်ကွဲမှုများမကြာခဏ ဖြစ်ပွားခဲ့သည်။ တခါ၌ အလုပ်ရုံအတွင်းပေါက်ကွဲမှုကြောင့် ညီဖြစ်သူမှာ သေဆုံးသွား၍ ဖခင်ကြီးမှာလည်း မသန်မစွမ်းဒုက္ခိတဖြစ်ခဲ့ရလေသည်။ နောက်ဆုံးတွင် ၁၈၆၇ ခုနှစ်၌ သူသည် နိုက်ထရိုဂလစ်ဆရင်းကို အခြားပစ္စည်းတစ်ခုနှင့် ပေါင်းစပ်ကြည့်ရာ ဘေးကင်းစွာ ကိုင်တွယ်အသုံးပြုနိုင်ပြီးလျှင် `ဒိုင်းနမိုက်´ (Dynamite) ဟု အမည်ပေးခဲ့သည်။နိုဘယ်သည်၁၈၈၄ တွင် တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီ ၏ဂုဏ်ထူးဆောင်အဖွဲ့ ဝင်အဖြစ်ရွေးချယ်ခံခဲ့ရသည်။

သူတီထွင်ခဲ့သော ဒိုင်းနမိုက် ခေါ် ယမ်းဘီလူးသည် တူးမြောင်းများတူးဖော်ရေးအတွက် လည်းကောင်း၊ သတ္တုတူးဖော်ရေးအတွက် လည်းကောင်း၊ မီးရထားဥမင်လိုဏ်ခေါင်းဖောက်လုပ်ရေးအတွက် လည်းကောင်း၊ ကျောက်တောင်တို့ကို ဖောက်ခွဲရန်အတွက်လည်းကောင်း များစွာအသုံးဝင်ပေသည်။

တဖန် ၁၈၈၇ ခုနှစ်တွင် `ဘောလစ်တိုက်´ (Ballistite) ခေါ် မီးခိုးမထွက်သည့် ဓာတုအမှုန့်တစ်မျိုးကို တီထွင်နိုင်ခဲ့ပြန်သည်။

ထို့အပြင် အခြားသော တီထွင်မှုများကိုပါ ပြုလုပ်ခဲ့သေးရာ အမျိုးအစားပေါင်း ၃၅၅ ခုကို မူပိုင်မှတ်ပုံတင်နိုင်ခဲ့သည်။

ဤသို့ဖြင့် နှစ်အနည်းငယ်အတွင်း သူသည် ဒိုင်းနမိုက်လုပ်ငန်းနှင့် ကြီးပွားလာခဲ့ရာ၊ ကမ္ဘာတွင် အကြွယ်ဝဆုံး သန်းကြွယ်ပုဂ္ဂိုလ်များ အနက် တစ်ဦးအပါအ၀င် ဖြစ်လာခဲ့သည်။ နိုဘယ်သည် ဆွီဒင်၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ရုရှားဘာသာစကားများကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်သည်။ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးသိပ္ပံပညာနှင့် စာပေတို့တွင် အထူးနှံ့စပ်တတ်ကျွမ်းသည်။
သို့သော် သူတီထွင်ခဲ့သော ဒိုင်းနမိုက်များကို အသုံးပြု၍ ကမ္ဘာအနှံ့အပြားတွင် စစ်ပွဲများကို ဆင်နွှဲနေကြောင်း ကြားသိရသောအခါ ပင်ကိုယ်က ကျန်းမာရေးမကောင်းသည့်အထဲ စိတ်မချမ်းမသာဖြစ်ခဲ့ရတော့သည်။ သူသည် လူ့အကျိုးပြုရန် ရည်ရွယ်၍ တီထွင်ခဲ့သည့် `ဒိုင်းနမိုက်´ များကို လူသတ်လက်နက်များအဖြစ် အသုံးပြုနေကြ၍ သူသည် ယူကျုံးမရဖြစ်ခဲ့ရသလို တီထွင်ခဲ့သည်မှာ မှားလေစွဟု နောင်တရမိတော့သည်။

ထို့ကြောင့် လူ့လောကကောင်းကျိုးအတွက် လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရန် မေတ္တာစိတ်၊ ကရုဏာစိတ်ဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့သောသူတို့အား မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုမဆို ထိုက်တန်သည့်သူကို ပေးရန်အတွက် သူပိုင်ဆိုင်ခဲ့သမျှကို လှူဒါန်းပေးရန် သေတမ်းစာရေးထားခဲ့သည်။ ယခုအခါ နိုဘယ်ဖောင်ဒေးရှင်းအဖွဲ့၏ ကြွယ်ဝချမ်းသာမှုမှာ ဆွီဒင် ခရိုနီငွေ ၃ ဒဿမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၂ သန်း) ရှိသည်။

● နိုဘယ်၏ သေတမ်းစာ
နိုဘယ်သည် မကွယ်လွန်မီ တစ်နှစ်အလိုဖြစ်သော ၁၈၉၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ရက်စွဲဖြင့် ကမ္ဘာလုံးအံ့အားသင့်ခဲ့သော `သေတမ်းစာ´ ကို ရေးသားခဲ့သည်။


ယင်းသေတမ်းစာနှင့်အတူ သူပိုင်ဆိုင်သော ဆွီဒင်ခရိုနီငွေ ၃၁ သန်း (အမေရိကန်ဒေါ်လာ ၉,၂ဝဝ,ဝဝဝ) ကို ထားရစ်ခဲ့သည်။ နိုဘယ်သည် လူပျိုကြီးဘ၀ဖြင့်ပင် ၁၈၉၆ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အီတလီနိုင်ငံ ဆန်ရီမိုမြို့ရှိ နေအိမ်၌ပင် ကွယ်လွန်ခဲ့လေသည်။ ကွယ်လွန်ချိန်၌ သူ့အသက်သည် ၆၃ နှစ်ရှိပြီဖြစ်သည်။

● နိုဘယ်ဖောင်ဒေးရှင်း
နိုဘယ်ဖောင်ဒေးရှင်းကို နိုဘယ်ကွယ်လွန်ပြီး (၄) နှစ်အကြာ ၁၉ဝဝ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်၍ ပုဂ္ဂိုလ်ငါးဦးအနက် တစ်ဦးကို ဆွီဒင်ဘု၇င်က ရွေးချယ်ခန့်ထားပြီး ကျန်လေးဦးကိုမူ ဆုများရွေးချယ်ရသောအဖွဲ့အသီးသီးမှ ရွေးချယ်ပေးခဲ့ရသည်။

စာပေဆိုင်ရာဆု၊ ရူပဗေဒဆိုင်ရာဆု၊ ဓာတုဗေဒဆိုင်ရာဆု၊ စီးပွားရေးဆိုင်ရာဆုနှင့် ဆေးသိပ္ပံဆိုင်ရာဆုတို့ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင်လည်းကောင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုကို နော်ဝေးနိုင်ငံ အော်စလိုမြို့တွင်လည်းကောင်း၊ နှစ်စဉ် နိုဘယ်ကွယ်လွန်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တိုင်း တပြိုင်နက် အခမ်းအနားဖြင့် ချီးမြှင့်ပေးသည်။ ဆုပေးပွဲအခမ်းအနားသို့ ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်၍ ပေးအပ်လေ့ရှိသည်။ ပထမဆုံး စတင်ချီးမြှင့်သည့်ဆုအမျိုးအစားမှာ စာပေဆိုင်ရာ နိုဘယ်ဆုဖြစ်ပြီး၊ နောက်ဆုံး ချီးမြှင့်ပေးသောဆုမှာ ဆေးသိပ္ပံဆိုင်ရာဆု ဖြစ်သည်။ ရူပဗေဒ၊ ဓာတုဗေဒ၊ စီးပွားရေး၊ ဆေးသိပ္ပံ နှင့် ငြိမ်းချမ်းရေးဆိုင်ရာဆုများကို တဦးသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ချီးမြှင့်လေ့ရှိသည်။ ငြိမ်းချမ်းရေးဆိုင်ရာဆုကို အဖွဲ့အစည်းများကိုလည်း ချီးမြှင့်လေ့ရှိသည်။ ယခုအခါ နိုဘယ်ဆု ချီးမြှင့်ခဲ့သည့်သက်တမ်းမှာ နှစ်ပေါင်း ၁၁၃ နှစ် ရှိပြီဖြစ်သည်။

● နိုဘယ်ဆု၏ တန်ဖိုးငွေကြေးပမာဏ
နိုဘယ်ဆုတန်ဖိုးငွေကြေးမှာ တစ်နှစ် နှင့် တစ်နှစ် မတူပေ။ ဆု စတင်ချီးမြှင့်စဉ်က ဒေါ်လာ ၆၅ဝဝ ဖြစ်သည်။ သို့သော်လည်း ဆုငွေကို ငြင်းဆိုသူများ၊ ဖောင်ဒေးရှင်းအဖွဲ့၏ ဘဏ်တိုးငွေများမှာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသဖြင့် ၂၀၁၂ ခုနှစ်တွင် ဆုတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းခန့် ချီးမြှင့်သည်။ ထိုဆုငွေသည် အမြတ်တော်ကြေးကင်းလွတ်ခွင့်ရှိသည်။ တခါတရံတွင် ဆုတစ်ဆုကို နှစ်ဦး၊ သုံးဦး ခွဲယူရသည်လည်း ရှိသည်။ အဖွဲ့အစည်းတစ်ခုခုက ရရှိပါက ယင်းအဖွဲ့အစည်းကိုယ်စား အကြီးအကဲတစ်ဦးဦး ဆုလက်ခံရယူ ပေးရသည်။

● နိုဘယ်ဆုရရှိသူများအား ချီးမြှင့်သည့် ရွှေတံဆိပ်
နိုဘယ်ဆုရရှိသူများအား ချီးမြှင့်သည့် ရွှေတံဆိပ်များကို ၁၉ဝ၂ ခုနှစ်တွင်မှ သွန်းလုပ်ခဲ့သည်။ ထို့ကြောင့် ၁၉ဝ၁ ခုနှစ်တွင် ရရှိခဲ့သော နိုဘယ်ဆုရှင်များမှာ နောက်တစ်နှစ်အကြာ ၁၉ဝ၂ ခုနှစ်ကျမှ ရွှေတံဆိပ်များကို ရရှိသည်။ ယင်းရွှေတံဆိပ်မှာ ၂၃ ကာရက် (၁၆ ပဲရည်) ရွှေဖြစ်ပြီး၊ ပုံသဏ္ဌာန်မှာ စက်ဝိုင်းပုံဖြစ်သည်။ ရွှေတံဆိပ်၏ အချင်းမှာ ၂ လက်မခွဲခန့်ရှိ၍ ပေါင်ဝက် (၁၃ ဒဿမ ၈၈ ကျပ်သား) နီးပါးခန့် အချိန်စီးသည်။ ဆုတံဆိပ်ပေါ်မှ ဒီဇိုင်းပုံစံများကို ဆွီဒင်ပန်းပုဆရာ အဲရစ်ဘတ်ဆိုသူက ထုလုပ်ပေးခဲ့သည်။ ဆု၏ အရှေ့ဘက် မျက်နှာစာတွင် နိုဘယ်၏ အမည်နှင့် ရုပ်ကြွပုံတူ ကိုယ်တစ်ပိုင်းပုံကို သွန်းလုပ်ထားသည်။ ရုပ်ကြွပုံရှေ့ဘက်၌ နိုဘယ်၏ အမည်နှင့် အနောက်ဖက်၌ နိုဘယ်၏မွေးနေ့နှင့် ကွယ်လွန်ရက်စွဲကို ရောမအက္ခရာဖြင့် ကမ္ဗည်းရေးထိုးထားသည်။ ကျန်တဖက်ခြမ်းတွင်မူ ဆုရသူ၏ အမည်၊ ရရှိသည့် ခုနှစ် နှင့် ဆုအမျိုးအစားကို လက်တင်အက္ခရာဖြင့် ကမ္ဗည်းတင်ထားပြီး ရောမကဗျာစာဆိုကြီး ဗားဂါး (၇ဝ-၁၉ ဘီစီ) ၏ လက်တင်ကဗျာရှည်ထဲမှ `အကြင်သူအား မိမိတီထွင်ခဲ့သော အတတ်ပညာဖြင့် လူ့လောကကြီးကို  ကုံလုံကြွယ်ဝစေခြင်းကား မွန်မြတ်လှပေစွ´ ဟူသော စာသားကို ရေးထိုးထားလေသည်။

နိုဘယ်ဆု ဂုဏ်ပြုလက်မှတ်



နိုဘယ်ဆု ဂုဏ်ပြုလက်မှတ်များကို ခရစ်နှစ် ၁၁၁၁ ခုနှစ် မှ ၁၄၀၀ ပြည့်နှစ် အတွင်း အသုံးပြုခဲ့သော လက်ရေးပုံစံဖြင့် ရေးသားပုံနှိပ်ထားသည်။ ထို့အပြင် နိုဘယ်ဆုရှင်၏ ဆောင်ရွက်ချက်နှင့် ဆောင်ရွက်နေသော ပုံများကို ဂရိဘုရားကျောင်းများ၌ တွေ့ရသော အမှတ်လက္ခဏာများဖြင့် ရေးဆွဲထားလေသည်။

● နိုဘယ်ဆုချီးမြှင့်ခဲ့သမျှ
၁၉၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ချီးမြှင့်ခဲ့သော နိုဘယ်ဆုများမှာ ရူပဗေဒဆိုင်ရာဆု ၁၉၃၊ ဓာတုဗေဒဆိုင်ရာဆု ၁၆၂ ဆု၊ ဆေးသိပ္ပံ ဆိုင်ရာဆု ၂၀၁ ဆု၊ စီးပွားရေးဆိုင်ရာဆု (၁၉၆၉ မှ ၂ဝ၁၂ အထိ) ၇၁ ဆု၊ စာပေဆိုင်ရာဆု ၁ဝ၉ ဆု နှင့် ငြိမ်းချမ်းရေးဆိုင်ရာဆု လူပုဂ္ဂိုလ် ၁ဝဝ နှင့် အဖွဲ့အစည်း ၂၄ ခု အပါအ၀င် ၁၂၄ ဆု ရှိသည်။



နိုဘယ်ဆုကို နှစ်ထပ်ကွမ်းရရှိသူများနှင့် သုံးထပ်ကွမ်းရရှိသော အဖွဲ့အစည်းများလည်း ရှိသည်။ နိုဘယ်ဆုကို နှစ်ကြိမ်မြောက် ရရှိသူများမှာ မဒမ်ကျူရီသည် ၁၉ဝ၃ ခုနှစ်တွင် ရူပဗေဒဆိုင်ရာဆုနှင့် ၁၉၁၁ ခုနှစ် တွင် ဓာတုဗေဒဆိုင်ရာဆုကို ဆွတ်ခူးရရှိခဲ့သည်။ ထို့အတူ လင်းနပ်ပေါလ်လင်း (Linus Pauling) ဆိုသူသည် ၁၉၅၄ ခုနှစ်တွင် ဓာတုဗေဒဆိုင်ရာဆုကိုလည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ငြိမ်းချမ်းရေးဆိုင်ရာဆုကိုလည်းကောင်း ရရှိခဲ့သည်။ တဖန် ဂျွန်ဘာဒင်း (John Bardeen) ဆိုသူသည် ၁၉၅၆ နှင့် ၁၉၇၂ ခုနှစ်တွင် ရူပဗေဒ ဆိုင်ရာဆုကို ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးထားသည်။ ထို့အပြင် ဖရက်ဒရစ်ဆင်ဂျာ (Frederick Sanger) ဆိုသူကလည်း ၁၉၅၈ ခုနှစ် နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ဓာတုဗေဒဆိုင်ရာဆုများကို ၂ ကြိမ်တိုင်တိုင် ရရှိခဲ့လေသည်။

နိုဘယ်ဆုရရှိသောအဖွဲ့ အစည်းများမှာ-

၁၉၀၄တွင်အပြည်ပြည်ဆိုင်ရာဥပဒေအင်စတီကျူ၊၁၉၁၀တွင်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအမြဲတမ်းဗျူရို၊ ၁၉၁၇တွင်အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီအဖွဲ့ ၊၁၉၃၈တွင်ဒုက္ခသည်များဆိုင်ာနန်ဆန်အပြည်ပြည်ဆိုင်ရာရုံး၊၁၉၄၄ တွင်အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ၊၁၉၄၇ တွင် Friends service Council(The Quakers),American Friends service Committee(The Quakers)၊၁၉၅၄ တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊၁၉၆၃တွင်အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့    ၁၉၆၅တွင်ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ၊၁၉၆၉ တွင်ကမ္ဘာ့အလုပ်သမားအဖွဲ့ ချုပ်၊၁၉၇၇ တွင်အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊၁၉၈၁ တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊၁၉၈၅တွင်နျူကလီယားစစ်ပွဲကာကွယ်ရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာရူပဗေဒပညာရှင်များအဖွဲ့ ၊၁၉၈၈ တွင်ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ ၊၁၉၉၅ Pugwash လှုပ်ရှားမှု၊၁၉၉၇ တွင်မြေမြှပ်မိုင်းများပိတ်ပင်ရေးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု၊၁၉၉၉ တွင်နယ်စည်းမခြားဆရာဝန်များအဖွဲ့ ၊တို့ ဖြစ်ကြသည်။



သုံးထပ်ကွမ်းရရှိသော အဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (I.C.R.C) ဖြစ်ပြီး ၁၉၁၇၊ ၁၉၄၄၊ ၁၉၆၃ ခုနှစ်များ၌ ငြိမ်းချမ်းရေးဆိုင်ရာဆုများကို ရရှိထားသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (U.N.H.C.R) ကလည်း ၁၉၅၄ နှင့် ၁၉၈၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (I.L.O) က ရရှိခဲ့သည်။

ယနေ့အထိ နိုဘယ်ဆု အများဆုံးရရှိသော နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး၊ စာပေဆိုင်ရာ နိုဘယ်ဆုအများဆုံး ရရှိသော နိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်သည်။ အာရှတိုက်မှလည်း ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုနှင့် စာပေဆိုင်ရာ နိုဘယ်ဆု ရရှိသူပေါင်း ၁၆ ဦးခန့် ရှိသည်။

သို့သော် နိုဘယ်ဆုကို ငြင်းပယ်သူများလည်း ရှိသည်။ ၄င်းတို့မှာ စာပေဆိုင်ရာနိုဘယ်ဆု ရရှိသူ ဆိုဗီယက်ပြည်ထောင်စုမှ စာရေးဆရာကြီး ဘောရစ္စအဲလ်ပါစတာနက် (၁၉၅၈) ပြင်သစ်နိုင်ငံမှ စာရေးဆရာ ဂျင်းပေါလ်ဆတ် (၁၉၆၄)၊ ဆိုဗီယက်ပြည်ထောင်စုမှ စာရေးဆရာ အလက်ဇန္ဒြားဆိုဇင်နီဆင် (၁၉၇၀) (၁၉၇၄ ခုနှစ်တွင် ပြည်နှင်ဒဏ်ခံရပြီးနောက် ထိုနှစ်ကျမှ နိုဘယ်ဆုကို လက်ခံရယူသည်) နှင့် ဗီယက်နမ်မှ လီဒွတ်သို့ (၁၉၇၃) တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံရရှိသော်လည်း နေအိမ်အကျယ်ချုပ်ကျခံနေရသည့်အတွက် ၄င်း၏ ကိုယ်စားခင်ပွန်းသည်နှင့် သားနှစ်ယောက်က တက်ရောက်ယူခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ၂၀၁၂ ခုနှစ်ဇူလိုင်လတွင် နော်ဝေးနိုင်ငံသို့ ကိုယ်တိုင်သွားရောက်၍ တရားဝင်လက်ခံရယူကာ အမှတ်တရ အမှာစကားပြောကြားနိုင်ခဲ့သည်။
နိုဘယ်ဆုကို ၁၉၀၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယခု (၂၀၁၂) တွင် နှစ်ပေါင်း ၁၁၂ နှစ်မြောက် ပြည့်ခဲ့ပြီ ဖြစ်သည်။
မည်သို့ဆိုစေ…. နိုဘယ်ဆုသည် ကမ္ဘာ့လူသားတို့ကောင်းကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ထူးများကိုသာ အဓိကထား ရွေးချယ်ချီးမြှင့်နေသောကြောင့် နိုဘယ်ဆု၏ ဂုဏ်သိက္ခာ၊ တန်ဖိုးနှင့် သြဇာတိက္ကမသည် အစဉ်မြင့်မားနေမည်မှာ မလွဲဧကန်ပင်တည်း။

မိုးမခ

No comments:

Post a Comment