Tuesday 25 June 2013

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း




● ဦးဝင်းတင်နဲ့ သေခြင်းတရား
လူတွေမွေးဖွားကတည်းက တခါတည်း အမှတ်အသားပြုပေးလိုက်တာကတော့ သေခြင်းတရားပဲဗျ။ သေမှာပဲ သေတာ အမျိုးအစားခွဲလိုက် သေးရတယ်။ လူ့သတ်မှတ်ချက်တွေပေါ့လေ…။ အသေဆိုး..အဆိုးသေ..အစိမ်းသေ အစရှိသဖြင့် သေခြင်းတရားကို အမျိုးအစားခွဲထား သေးတယ်။ ဒါပေမယ့် ဘယ်လိုသေသေ သေတာကတော့ သေတာပါပဲ။ ကျနော်တို့တွေ အသက်အရွယ်သတ်မှတ်ချက်အလိုက် သေခြင်းကို အသက်ကြီးသူများကို ဦးစားပေးထားတယ်ဗျ။ ငါကတော့ ငယ်သေးလို့၊ ဟိုလူကတော့ သေချိန်တန်နေပြီ အစရှိသဖြင့် ဘုရားဟော ဒေသ နာကို နှလုံးမသွင်းနိုင်ပဲ ကိုယ်သေစေ့ချင်တဲ့လူဆို သေချိန်တန်နေပြီ၊ကိုယ်ချစ်ခင်တဲ့လူဆို အသေစောလို့ နှမြောလှချည့်တွေဖြစ်ကုန်တော့တာပဲ။ ဆိုပါတော့ဗျာ အဘဦးဝင်းတင် ရှစ်ဆယ့်လေးဆိုတော့၊ ကျနော့်ထက် အသက်ထက်ဝက်မကကြီးတယ်။ ဒီတော့ သေစားရှိ ဦးဝင်းတင် အရင်သေပေးရမှာပေါ့။ (ဒီနေရာမှာတော့ အဘကို ကျနော်သဘောထားကြီးပေးလိုပါတယ်) အဲ့သလို တရားမရှိ ကြီးပြင်းနေကြ တာလားဗျာ။


ဒီတော့ သေခြင်းကို ဦးဝင်းတင် ဘယ်လိုသဘောများပိုက်နေသတုန်း။ ကျနော်တို့ တာရာမင်းဝေခေါ် ရွှေဖုန်းလူရဲ့နှစ်ပတ်လည်ကိုသွား  တယ်။ ဦးဝင်းတင်ပါတယ်။ ဦးသာဘန်းပါတယ်။ ကျနော်ပါတယ်။ ဦးသာဘန်းက စကားတစ်ခွန်းပြောတယ်။ ကိုဝင်းတင် ဒီကောင်ရွှေ ဖုန်းကလူတော်ဗျ။ အရက်သောက်လွန်းလို့သေတာတဲ့။ ဒီတော့ အဘဦးဝင်းတင်က ဘာပြန်ပြောလည်းဆိုတော့ မင်းမလည်းသာဘန်းရာဒီကောင်သေတာကောင်းတာပေါ့။ ကိုယ်ကြိုက်တာလုပ်ရင်းသေတာ။ သောက်ချင်တာသောက်ပြီး သေတာကွာ။ မင်းရော ငါပါသေမှာပဲ လေတဲ့။ ရယ်စရာအဖြစ် ပြောကြတာပေါ့လေ။ ဆင်ခြင်ပွားများ လူ့တရားဆိုသလို ကျနော်လည်း မြောက်ဒဂုံမှာ လမ်းတွေမှားပြီး ဆင်ခြင် ပွားများတွေးတောထားစရာတွေရှိတယ်။ ဟုတ်ပါ့မလား တာရာမင်းဝေ သေချိန်မတန်ဘူးလား။ အရက်တွေမသောက်ရင် တကယ်မသေ ဘူးလား အစရှိသဖြင့်ပေါ့လေ။

အဘကို ကျနော် သေချာစူးစူးစမ်းစမ်းဖြစ်နေမိတာ ဒီသေခြင်းကိုပဲ။ အဘ ကျနော့်ကို သူဆေးရုံတက်တော့ပြောဖူးတယ်။ ကျနော့်ကိုဆို တာထက် ဆရာဝန်ကြီးတစ်ယောက်ကိုပြောတာပါ။ ကျနော်လည်းဗျာ ၀တ္တရားအရဆေးကုနေရတာ။ ကျနော်က ဆရာဝန်တွေဘာတွေ သိပ်အယုံအကြည်မရှိဘူးခင်ဗျ…တဲ့။ ကျနော့်မှာ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ပြီး အားနာလိုက်တာဗျာ။ ဒီတော့ ကျနော် အဘကိုပြောတယ်။ အဘ ဒီလိုမပြောသင့်ဘူးဆိုတော့ အဘက ကျနော့်ကို မင်းငါ့ဘ၀ထဲ ၀င်မစွက်ပါနဲ့တဲ့။ ငါသိတာပေါ့ကွာတဲ့။ ဒါဆို အဘဆေးမကုပဲ သေချင် သေနေပါ့လားဆိုတော့ ဒီဆေးရုံလာတက်တာ ငါ့ဖာသာလာတက်တာလား။ မင်းတို့ကောင်တွေ လျှာရှည်ပို့တာလားဆိုတော့ ပြီးရောပေါ့ဗျာ။

အဘသေခြင်းကို ဒက်ဖနေး ရှင်းတယ်။

“ဟေ့ယောင်ရာဇာ လူဆိုတာသေမျိုးကွ။ ငါ့အမြင် သေခြင်းဟာ အသက်ရှည်သူတွေအတွက်ဆိုရင် သုံးမျိုးလောက်ရှိမယ်။ ပထမညဏ်သေ မယ်ကွာ။ ဒုတိယလှုပ်ရှားမှုသေမကွာ။ တတိယအသက်သေမယ် ကွယ်ပျောက်မယ်ကွာ။ ဒီနေရာမှာ စစ်သားအိုတွေဟာမသေဘူး။ ကွယ်ပျောက်သွားတာပါဆိုတဲ့စကား ငါလက်ကိုင်ထားတယ်။ ငါလည်းနိုင်ငံရေးသမား ပျောက်ကွယ်သွားတာမျိုးပဲဖြစ်ရမယ်ကွ။ ငါ ဒေါ် အောင်ဆန်းစုကြည်လွတ်လာခြင်းညမှာ စီအီးစီအစည်းဝေးထိုင်တော ငါ သေချာပြောတယ်။ ဒေါ်စု ကျနော်လည်းအိုပြီ၊ ညဏ်လည်းယိုင်ပြီ ခြေထောက်တင် ယိုင်တာမဟုတ်ဘူး၊ ညဏ်ပါယိုင်နေပြီ။ ကျနော့်ကို စီအီးစီကထွက်ခွင့်ပေးပါ။ ကျနော် ပါတီကထွက်မပြေးပါဘူး။ ကျနော် ပါတီမှာပဲအလုပ်လုပ်ပါ့မယ်။ ကျနော် စီစီမှာ ဆင်းလုပ်ပါ့မယ်ဆိုတာ မင်းတို့အမေ သဘောမတူလို့ ငါ့မှာ ယောင်ချာချာနဲ့ ခုထိ ပါနေရ သေးတာကွာ။ ငါ့ကောင် ဘယ်တော့မှသေတဲ့အထိ လုပ်မယ်ဆိုတဲ့စကားမပြောကောင်းဘူး။ ဒီလိုပဲ ဖယ်ပေးရမှာပေါ့ကွာ။ ငါကဖယ်ပေးမယ် ပြောတော့ ဒေါ်စုက နေရာချဲပေးတယ်လောက်ပဲသုံးပါ။ ဖယ်ပေးပါလို့ မပြောဘူး။ ဒေါ်စုက ကာလဒေသလိုက် စကားလုံးသုံးနှုန်းတာလည်း လှတယ်ကွာ။ အဲ့လိုနေရာတွေမှာ ဒေါ်စုကို ဘယ်သူမှမလိုက်နိုင်ဘူး။ မင်းတို့ကောင်တွေ ယောင်ဝါးဝါးတော့မလုပ်နဲ့။ ငါနိုင်ငံ့ထိပ်ပိုင်းခေါင်း ဆောင်ဆိုတဲ့လူတွေနဲ့ ဆက်ဆံဖူးတယ်။ အကုန်ပျက်ကုန်တာပဲ။ အေးတစ်ခုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကမပျက်ဘူးကွ။ သူ့နေရာမှာ တခြားလူဆို ခုလောက်ရှိ ရူးပါကုန်လောက်ပြီ။ ဘယ်ဒီလောက်ထိ မြှောက်ပင့်ပေးနေတာ တော်ယုံလူဆိုမြောက်ပြီပေါ့။ ဒီတစ်ကွက် ဒီအ ချက်နဲ့တင်ကို ကျေးဇူးတင်လေးစားစရာကောင်းလှပြီကွာ။ ငါသေတာ မသေတာ အရေးမကြီးဘူး။ ဒေါ်စုမသေဖို့လိုတယ်တဲ့” ကျနော်က တော့ အဘပြောတဲ့ သေခြင်းကို မငြင်းဆန်ပါဘူး။

ညဏ်သေတာကတော့ ကျနော်တို့လူငယ်တွေ အရင်သေနေတာ။ သောက်သောက်စားစား လူ့မင်းသားပေါ့ဗျာ။ ယိုင်တာလည်း ကျနော်တို့ လူငယ်တွေပဲ။ ဘယ်မဟုတ်က ဟုတ်ကတွေ ဒီလောက်သောက်စားနေတာ။ အကုန် မေ့မေ့လျော့လျော့ဖြစ်နေတာကြာပေါ့။ အဘတို့များ အခုမေး လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကိစ္စ ခုဖြေနိုင်တုန်း။ ကျနော်တို့များ နှစ်ဆယ့်ငါးမိနစ်ကြာပြောထားတဲ့ဟာ မေ့လို့မေ့။ ကောင်းပါတယ်။ အကုန်သေအေးတာပဲဆိုတဲ့စကား ရှိတယ်မဟုတ်လား။ ကျနော်ကတော့ အဘဦးဝင်းတင်တို့၊ အမေ ဒေါ်အောာင်ဆန်းစုကြည်တို့ကို မသေစေ့ချင်တဲ့ လူ့အန္ဓစိတ်ကလေး မွေးမိတုန်းပဲ။ ဒါ့အပြင် အချုပ်မှူးကြီးတို့၊ အရှုပ်အရူးကြီးတို့ဆိုတာတွေကိုတော့ ချက်ခြင်းလက်ငင်းသေစေချင်တဲ့ အဘိစ္ဆာတရား ပွားများမိနေတုန်းပဲ။ ဒါတွေလည်း မသေခင်လေး အကုသိုလ်ယူရတဲ့အမျိုးကိုး……။

ကိုရာဇာ
ဇွန် ၂၅၊ ၂၀၁၃
မိုးမခ  သတင်း

No comments:

Post a Comment